ဘုရားသခင်သည် ခရစ်ယာန်များကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို အဘယ်ကြောင့် ကြုံတွေ့ခွင့်ပေးသနည်း။
ခရစ်ယာန်အတော်များများက မရှင်းမရှင်း ခံစားရသည်- ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ပြီး အနန္တတန်ခိုးရှင် ဖြစ်သည်၊ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် ကျွန်ုပ်တို့အား ဆင်းရဲဒုက္ခခံရန် အခွင့်ပေးသနည်း။ သူသည် ကျွန်ုပ်တို့ကို စွန့်ပစ်သွားပြီများ ဖြစ်နိုင်သလော။ ဤမေးခွန်းက ကျွန်ုပ်ကို အမြဲ အကြံအိုက်စေဖူးသည်၊ သို့သော် မကြာသေးမီ အချိန်များက ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းမှတစ်ဆင့်၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းအနည်းငယ်ကို ကျွန်ုပ် ရရှိပြီး ဖြစ်သည်။ ဤအရာက ဘုရားသခင်အပေါ် ကျွန်ုပ်၏ အထင်လွဲခြင်းများကို ဖြေရှင်းပေးပြီး ဆင်းရဲဒုက္ခမှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ဖယ်ထားခြင်းမဟုတ်ဘဲ၊ ထိုအစား ကျွန်ုပ်တို့ကို သန့်စင်၊ ကယ်တင်ဖို့အလို့ငှာ ဘုရားသခင်က အလွန်ဂရုတစိုက် စီစဉ်ထားခြင်းဖြစ်သည်ကို ကျွန်ုပ် သိနားလည်လာပြီဖြစ်သည်။ ဤစမ်းသပ်မှုများနှင့် စစ်ဆေးခြင်းသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းသည် ဘုရားသခင်၏ အကြီးမားဆုံး ကျေးဇူးတော်ဖြစ်သည်
ဘုရားသခင်က ပြောသည်- “တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။ သူတို့သည် ငါ့နာမကို ပဌနာပြုကြလိမ့်မည်ဖြစ်ပြီး သူတို့ကို ငါ နားညောင်းမည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါပြောမည်။ သူတို့ကလည်း၊ ယေဟောဝါသည် ငါ၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုကြလိမ့်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၉) “ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။” (ဟေရှာယအနာဂတ္တိကျမ်း ၄၈:၁၀). ပြီးလျှင် ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၅:၁၀ တွင် ပြောသည်မှာ၊ “ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။” ဟူ၍ ဖြစ်သည်။
ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံရဖို့ ဘုရားသခင်၏ အခွင့်ပေးခြင်းတွင် သူ၏ အလိုတော်ပါရှိပြီး ကျွန်ုပ်တို့ကို လုံးလုံး သန့်စင် ကယ်တင်ဖို့ ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကျမ်းစာမှ ကျွန်ုပ်တို့ တွေ့နိုင်သည်။ ယင်းမှာ ကျွန်ုပ်တို့အပေါ် ဘုရားသခင် အပ်နှင်းသည့် အဖိုးတန် ရတနာတစ်ခု ဖြစ်သည်။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်း ကျွန်ုပ်တို့ထံ ရောက်မလာမီတွင်၊ ကျွန်ုပ်တို့မှာ ဘုရားသခင်၏ လမ်းခရီးကို ထိန်းသိမ်းသူများဖြစ်သည်ဟု ကျွန်ုပ်တို့အားလုံးက မိမိတို့ကိုယ်ကို တွေးထင်ကြပြီး ဘုရားအတွက် စွန့်လွှတ်ခြင်း၊ အသုံးတော်ခံခြင်း၊ လုံ့လစိုက်ထုတ်ခြင်းနှင့် အလုပ်လုပ်ခြင်းအားဖြင့်၊ ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခတစ်ခု ပေးခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်ကို လုံးဝ ထောက်ထားကြသည်၊ ဘုရားသခင်ကို အချစ်ဆုံးသော လူများဖြစ်ပြီး၊ သူ့ကို အဆက်ကပ်ဆုံးသော လူများဖြစ်သည်ဟုပင် ကျွန်ုပ်တို့ထဲမှ တချို့က ခံစားမိကြသည်။ အခြားမည်သူက အပျက်သဘောဆောင်လာပြီး အားနည်းကောင်း အားနည်းပါစေ၊ ဘုရားသခင်ကို သစ္စာဖောက်ပါစေ၊ ထိုသို့သော အရာတစ်ခုကို ကျွန်ုပ်တို့ မည်သည့်အခါတွင်မှ လုပ်နိုင်မည် မဟုတ်ဟု ယုံကြည်ကြသည်။ သို့သော် လက်တွေ့အရှိတရားမှာ အလုပ်ဆုံးရှုံးရခြင်း၊ သို့မဟုတ် ငွေးကြေး အကျပ်အတည်းများကဲ့သို့သော အခက်အခဲများနှင့် ကျွန်ုပ်တို့ ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်ကို ကျွန်ုပ်တို့ စောဒက တက်ကြသည်၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ဆုံးရှုံးပြီး သူ့အတွက် နောက်ထပ် အသုံးတော်ခံဖို့ပင် မလိုမလား ဖြစ်လာကြလေသည်။ ကံဆိုးမိုးမှောင်ကျခြင်းက ကျွန်ုပ်တို့၏ မိသားစုကို ထိုးနှက်ရိုက်ခတ်သောအခါ၊ သို့မဟုတ် အချို့သော ဘေးဒုက္ခ ဖြစ်ပွားသောအခါ၊ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို တစ်စုံတစ်ရာက ထိခိုက်သောကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ညည်းညူမိနိုင်သေးသည်။ ကျွန်ုပ်တို့သည် ကျိုးကြောင်းပြ ငြင်းခုံကာ ရန်ဖြစ်ကြပြီး ပြင်းထန်သော ကိစ္စများတွင်၊ ဘုရားသခင်ကို သစ္စာဖောက်ကာ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏ လမ်းခရီးကို လိုက်လျှောက်ဖို့ တောင်းဆိုသည်ကို အခါများစွာ ဖော်ပြပြီးဖြစ်ကာ၊, “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့။” (ရှင်မဿဲခရစ်ဝင် ၂၂:၃၇) ဟု တောင်းဆိုပြီးဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏ သွေးသားဆိုင်ရာ အကျိုးစီးပွားများကို ထောက်ပံ့ရန်နှင့် ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ချစ်ခြင်းထက် ယင်းတို့ကို တန်ဖိုးထားရန် အမြဲ ရည်ရွယ်ကြသည်။ ကျွန်ုပ်တို့၏ အယူအဆများနှင့်အညီ ဘုရားသခင် ဆောင်ရွက်သည့်အခါ၊ သူ့ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကာ ချီးမွမ်းကြသော်လည်း၊ ထိုသို့မလုပ်ဆောင်သည့်အခါ၊ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲခြင်းများနှင့် စောဒကတက်ခြင်းများ ဖြစ်ကြသည်၊ သို့မဟုတ် သူ့ကို သစ္စာပင်ဖောက်ကြသည်။ ဤအရာက စာတန်သည် ကျွန်ုပ်တို့အား မည်မျှ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်ကို ပြပေသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်တို့သည် ကောင်းချီးမင်္ဂလာများကို အမြဲ လိုက်စားကြသည်၊ ယင်းမှာ အခြေခံအားဖြင့် ဘုရားနှင့် အပေးအယူလုပ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်- ဤအရာကို လုပ်ဆောင်ခြင်းသည် အမှန်တကယ် တစ်ကိုယ်ကောင်းဆန်သည်၊ စက်ဆုပ်ဖွယ်ဖြစ်ပြီး အသိစိတ် လုံးလုံး ကင်းမဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ကျွန်ုပ်တို့အတွင်းရှိ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် ဆိုးယုတ်သော စိတ်သဘောထားများအပေါ် စစ်မှန်သည့် သိနားလည်မှုအချို့ ရရှိနိုင်ကြသည့်အပြင်၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းရှိ မှားယွင်းသော ရည်ရွယ်ချက်များနှင့် အယူအဆများအပေါ် ချင့်ချိန်နိုင်စွမ်းအချို့ ရရှိနိုင်ကြပေသည်။ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်သည့်အရာမှာ ကျွန်ုပ်တို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် တခြားစီဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် လက်ခံမှုတို့ကို ရရှိရန် ကျွန်ုပ်တို့ လုံးဝ မထိုက်တန်သည်ကို တွေ့မြင်နိုင်ပေသည်။ ထိုနည်းတူ၊ ထိုသို့သော စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကျွန်ုပ်တို့ တွေ့ကြုံနိုင်ကြသကဲ့သို့၊ သူ့ကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် ရောနှောမှုများ မည်မျှရှိသည်ကို ခံစားနိုင်ကြသည်။ ကောင်းချီးမင်္ဂလာများကို ရှာဖွေဖို့ဖြစ်သည့် ရည်ရွယ်ချက်ဖြင့် သူ့ကို ကျွန်ုပ်တို့ ဆက်လက်ယုံကြည်ကြပါက၊ ဘုရားသခင်အား ကျွန်ုပ်တို့ကို စက်ဆုပ်စေကာ မနှစ်မြို့စေဖို့သာ ဖြစ်စေမည်ဖြစ်သည်။ စမ်းသပ်မှုများမှတစ်ဆင့် ဖော်ထုတ်ခံရသည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းက အလွန်ကြီးမားကာ ကျွန်ုပ်တို့၏ အားနည်းချက်များက အလွန်များပြားသည်ကို ကျွန်ုပ်တို့ မြင်နိုင်ကြပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် စတင်လာနိုင်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ကာ၊ ထို့နောက် သုံးသပ်ဆင်ခြင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီသည့် ကျွန်ုပ်တို့အတွင်းရှိ နေရာများကို သိနိုင်ကြပေသည်။ ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေပြီး သူ့အတွက် သက်သေခံရမည်ကို ကျွန်ုပ်တို့ ရှာဖွေနိုင်ကြကာ၊ မရည်ရွယ်ဘဲ ဘုရားသခင်နှင့် များစွာ သာ၍ ရင်းနှီးသော ဆက်ဆံရေးတစ်ခု ဖြစ်လေသည်။ ထိုသို့သော အတွေ့အကြုံ ပြီးသည့်နောက်တွင်၊ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုနှင့်ဆိုင်သည့် သိနားလည်မှုနှင့် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် သိနားလည်မှုအချို့ကို ရရှိကြသည်သာမက၊ သာ၍လည်း တည်ငြိမ်ကာ ရင့်ကျက်လာသကဲ့သို့၊ ကျွန်ုပ်တို့၏ မာနထောင်လွှားကာ လှည့်ဖြားတတ်သော စိတ်သဘောထားများ အတော်အတန် ပြောင်းလဲလေသည်။ ထိုအခါမှသာ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းက ကျွန်ုပ်တို့ကို ခန္ဓာပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ ဖြစ်စေစဉ်တွင်၊ ကျွန်ုပ်တို့အထဲ၌ ယင်းက သယ်ဆောင်သည့် အကျိုးမှာ ကယ်တင်ခြင်းနှင့် သန့်စင်ခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ အမှန်တကယ် နားလည်နိုင်ကြပေသည်၊ ယင်းမှာ ကျွန်ုပ်တို့အသက်တာများအတွက် အလွန် အကျိုးရှိကာ တည်ဆောက်စရာ ဖြစ်ပေသည်။
ဤအရာကို ခေတ်ကာလများတစ်လျှောက် သန့်ရှင်းသူများ၏ အတွေ့အကြုံများမှလည်း ကျွန်ုပ်တို့ မြင်နိုင်သည်။ မောရှေကို ဘုရားသခင် အသုံးမပြုမီတွင်၊ သူသည် ပထမဦးဆုံး မောရှေကို ကန္တာရတောတွင် အနှစ် ၄၀ စုံစမ်းခြင်းခံစေခဲ့သည်။ ထိုအချိန်တွင်၊ အခက်အခဲမျိုးစုံကို မောရှေ ကြံ့ကြံ့ခံခဲ့သည်၊ စကားပြောစရာ သူ့အတွက် မည်သူမျှ မရှိခဲ့သကဲ့သို့၊ တောရိုင်းသားရဲများနှင့် ကြမ်းတမ်းသော ရာသီဥတုတို့ကို သူ မကြာခဏ ရင်ဆိုင်ခဲ့ရသည်။ သူ၏ ဘဝမှာ အမြဲ အန္တရာယ်ထဲ ရှိနေခဲ့သည်။ ထိုသို့သော ကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင် သူ ဧကန်မုချ ဒုက္ခဆင်းရဲ ကြီးမားစွာ ခံခဲ့ရသည်။ “ဘုရားသခင်က မောရှေကို တိုက်ရိုက် အသုံးမပြုနိုင်သလော။ အဘယ်ကြောင့် သူသည် မောရှေကို ပထမဦးစွာ ကန္တာရတောထဲသို့ အနှစ် ၄၀ကြာ ပို့ဖို့လိုခဲ့သနည်း”ဟူ၍ လူအချို့က မေးကောင်းမေးနိုင်သည်။ ဤတွင် ဘုရားသခင်၏ စေတနာကို ကျွန်ုပ်တို့ တွေ့ရသည်။ မောရှေမှာ တရားမျှတသော အသိစိတ်ရှိသည့် ရိုးဖြောင့်သောသူတစ်ဦး ဖြစ်သော်လည်း၊ သူ့တွင် ဒေါသစိတ်ရှိကာ သူ၏ ဖြောင့်မတ်သော ခံယူချက်ဖြင့် စိတ်မြန်လက်မြန် ပြုမူတတ်သည်ကို ကျွန်ုပ်တို့ သိကြသည်။ သူသည် အဲဂ္ဂုတ္တု စစ်သားတစ်ဦးက ဣသရေလလူတစ်ဦးကို ရိုက်နှက်နေသည်ကို မြင်သည့်အခါ၊ အဲဂ္ဂုတ္တုလူကို ခေါင်းအား ကျောက်ခဲဖြင့် ရိုက်ကာ သတ်ပစ်ခဲ့သည်။ သူ၏ မွေးရာပါ ဒေါသစိတ်နှင့် သူရဲကောင်း စိတ်ဓာတ်သည် ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီပေ၊ ထို့ကြောင့် ဘုရားသခင်က သူ့ကို တိုက်ရိုက် အသုံးပြုခဲ့ပါက၊ သူ၏ လုပ်ရပ်များတွင် ဤသွင်ပြင်လက္ခဏာများကို ဆက်လက်အားကိုးကာ သူ့ကို အပ်နှံထားသည့် အရာကို- ဣသရေလလူတို့ကို အဲဂ္ဂုတ္တုပြည်မှ ထုတ်ဆောင်ခြင်း- မည်သည့်အခါတွင်မျှ ပြီးမြောက်နိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်မှာ မောရှေအနေဖြင့် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် သင့်တော်ဖို့ရန်အလို့ငှာ ဘုရားသခင်က သူ့ကို ကန္တာရတောထဲတွင် အနှစ် ၄၀ ကြာ နေထိုင်စေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ထိုသို့သော ခက်ခဲကြမ်းတမ်း၊ ရန်များသည့် ပတ်ဝန်းကျင်တွင်၊ မောရှေသည် ဘုရားသခင်ထံ စဉ်ဆက်မပြတ် ဆုတောင်းကာ ဟစ်ခေါ်နေသည်သာမက၊ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် အုပ်စိုးမှုတို့ကို မြင်ခဲ့ပြီး၊ သူ၏ ဆက်လက် ရှင်သန်ရေးအတွက် ဘုရားသခင်အပေါ် မှီခိုခဲ့လေသည်။ သူ၏ စိတ်ဆတ်သော ပင်ကို အရိပ်လက္ခဏာများမှာ လျော့ပါးသွားကာ စစ်မှန်သော ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်ပေါ်ခဲ့လေသည်။ ထို့ကြောင့် ဣသရေလလူတို့ကို အဲဂ္ဂုတ္တုပြည်မှ ထုတ်ဆောင်ခြင်းဖြစ်သည့်၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို တာဝန်ယူဆောင်ရွက်ရန် မောရှေကို ဘုရားသခင် ခေါ်ခဲ့ချိန်တွင်၊ မောရှေသည် ခုခံခြင်းတစ်ခုတစ်လေ မရှိဘဲ လက်ခံကာ နာခံနိုင်ခဲ့ပြီး၊ ဘုရားသခင်၏ လမ်းပြမှုဖြင့် သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ချောချောမွေ့မွေ့ ဆောင်ရွက်ခဲ့လေသည်။
ကျမ်းစာထဲတွင် ယောဘ၏ ဇာတ်ကြောင်းလည်း ရှိပါသည်။ ယောဘသည် သူ၏ ပိုင်ဆိုင်မှုများ ခွာယူခံရခြင်း၊ သူ၏ သားသမီးများ ပျက်စီးခြင်းနှင့် သူကိုယ်တိုင် အနာစိမ်းများ သူ၏ ခန္ဓာကိုယ်အနှံ့ ဖြစ်ပေါ်ခြင်းတည်းဟူသော စမ်းသပ်မှုများကို ကြုံခဲ့ရသည်၊ သို့တိုင် သူ၏ ဆင်းရဲဒုက္ခရှိသော်ငြား၊ သူသည် မိမိ၏ စကားများဖြင့် လုံးဝ အပြစ်မပြုခဲ့ပေ။ ဘုရားသခင်နှင့်ပတ်သက်၍ သူသည် စောဒကမတက်ခဲ့ဘဲ၊ သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ထံမှ အရာရာတိုင်းကို လက်ခံခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကိုလည်း သူ ရှာဖွေနိုင်ခဲ့ပြီး၊ နောက်ဆုံးတွင်၊ “Jယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္တု ၁:၂၁) နှင့် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘဝတ္တု ၂:၁၀) ဟု ဆိုခဲ့သည်။ သူသည် ဤအရာများကို ပြောဆိုရင်း သူ၏ ယုံကြည်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အပေါ် မှီခိုခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်အတွက် သက်သေရပ်တည်ခဲ့သည်။ ထိုသို့ ကြီးမားသည့် စမ်းသပ်မှုများတစ်လျှောက် ယောဘ် သက်သေရပ်တည်နိုင်ခဲ့သည့် အကြောင်းရင်းမှာ၊ သူက ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး၊ သူ၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို ဘုရားသခင်က သူ့အား ပေးထားခြင်းဖြစ်သောကြောင့် ယင်းတို့ကို သိမ်းယူသွားရန်မှာ ဘုရားသခင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ အဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ သူသည် လက်ခံကာ ကျိုးနွံနာခံရပေမည်။ အဖန်ဆင်းခံတစ်ဦး နေရာတွင် ရပ်တည်နိုင်ကာ ဖန်ဆင်းရှင်ကို အကြွင်းမဲ့ နာခံနိုင်သည့် ယောဘ၏ အစွမ်းအစသည် ဘုရားသခင်အတွက် သက်သေရပ်တည်နေခဲ့ပေသည်။ နောက်ပိုင်းတွင်၊ ဘုရားသခင်သည် မုန်တိုင်းထဲ၌ ယောဘထံ ပေါ်လာခဲ့ပြီး၊ ဘုရားသခင်က သူကိုယ်တိုင်၏ နှုတ်ဖြင့် မိမိအား စကားပြောသည်ကို ယောဘကြားခဲ့ရပြီး ဘုရားသခင်၏ နောက်ကျောဘက်မြင်ကွင်းကို မြင်ခဲ့ရသည်။ ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှု သူ ရရှိခဲ့သည်။ ယောဘသည် သက်သောင့်သက်သာဖြစ်သည့် ပတ်ဝန်းကျင်တွင် သူ လုံးဝ ရရှိမည်မဟုတ်သည့် ဆုလာဘ်တစ်ခု အကျိုးကျေးဇူးခံစားခဲ့ရပြီး၊ ဤသည်မှာ စမ်းသပ်မှုများနှင့် စစ်ဆေးမှုမှတစ်ဆင့် ယောဘအပေါ် ဘုရားသခင် အပ်နှင်းခဲ့သည့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သူ၏ စမ်းသပ်မှုများ ပြီးသည့်နောက်တွင်၊ သူ၏ မိတ်ဆွေများကို ယောဘ ပြောခဲ့သည့်အတိုင်း ဖြစ်သည်၊ “စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။” (ယောဘဝတ္တု ၂၃:၁၀)
ဤအရာက စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းသည် အမှန်တကယ် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ စစ်မှန်ကာ တကယ်ဖြစ်သော ချစ်ခြင်းမေတ္တာဖြစ်သည်ကို ပြပေသည်။ ယင်းတို့မှတစ်ဆင့်သာ ဘုရားသခင်၏ သန့်စင်ပေးခြင်းနှင့် ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ခံရနိုင်သည်၊ ထို့သို့ဖြင့် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသော လူများ ဖြစ်လာကြပေသည်။ ဤသည်မှာ ဤအရာများ ကျွန်ုပ်တို့အပေါ် ကျရောက်ဖို့ ဘုရားသခင် အခွင့်ပေးသည့် အကြောင်းရင်း ဖြစ်သည်။
ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ ကျေးဇူးတော်က ကျွန်ုပ်တို့ အသက်တာများတွင် ကြီးထွားဖို့ ကူညီနိုင်သလော
ရံဖန်ရံခါတွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းသော ရည်ရွယ်ချက်များကို နားလည်မှု ကင်းမဲ့ပြီး အမှုအရာများက ကျွန်ုပ်တို့ အလိုရှိသည်အတိုင်း ဖြစ်ရန် မျှော်လင့်ကြသည်။ ကျွန်ုပ်တို့သည် အထူးသဖြင့် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ကြုံရန် မလိုလားကြပေ။ ယင်းအစား၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသက်တာများ သို့မဟုတ် ကျွန်ုပ်တို့ ချစ်ရသူများ၏ အသက်တာများတွင် ကပ်ဆိုးများ တစ်ခုတစ်လေမျှမရှိဘဲ လုံးလုံး အေးချမ်းသောဘဝတစ်ခုရရှိရန် မျှော်လင့်ကြသည်။ ကျွန်ုပ်တို့သည် အရာအားလုံး ချောမွေ့စွာ ဖြစ်စေချင်ကြပြီး ဘုရားသခင်၏ ကောင်းချီးများနှင့် ကျေးဇူးတော်များကို မွေ့လျော်ချင်ကြသည်။ သို့သော် သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်က ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား စွန့်ပစ်ရန် အခွင့်ပေးနိုင်ခြင်း ရှိမရှိဆိုသည်ကို ကျွန်ုပ်တို့ စဉ်းစားဖူးပါသလား။ ရုပ်ပိုင်းဆိုင်ရာ ကောင်းချီးများသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်မှုကို အမှန်တကယ်သိရှိရန် ကူညီပေးနိုင်ပါသလား။ ကျွန်ုပ်တို့သည် သူ၏ကရုဏာတော်နှင့် ကျေးဇူးတော်များကိုသာ ခံစားရပါက၊ ယင်းက သူ့ကို ကျွန်ုပ်တို့ယုံကြည်ခြင်းအား တိုးပွားစေပြီး ဘုရားသခင်အဖို့ စစ်မှန်သော မေတ္တာနှင့် ကျိုးနွံနာခံခြင်း ဖြစ်ပေါ်ရန် အခွင့်ပေးနိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်၊ “အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။” (နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်)
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရှင်းလင်းပြတ်သားပေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သနားကရုဏာတော်နှင့် ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်သာ အာရုံစိုက်နေပါက၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မလွတ်မြောက်နိုင်ရုံသာမက ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအသက်တာတွင် ကြီးထွားလာမည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် နာခံမှုတို့သည် ပြီးပြည့်စုံဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ- “လူမိုက်တို့၏ ချမ်းသာကြွယ်ဝမှုသည် ပျက်စီးခြင်းသို့ ရောက်တတ်၏။” (သုတ္တံကျမ်း ၁:၃၂) စမ်းသပ်ခြင်း သို့မဟုတ် စစ်ဆေးခြင်းမရှိဘဲ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် ကျွန်ုပ်တို့ စဉ်ဆက်မပြတ် အသက်ရှင်ကြပါက၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် တဖြည်းဖြည်း ဝေးကွာလာကြမည်ဖြစ်ပြီး အဖန်ဆင်းခံတို့၏ ကိုယ်စိတ်ချမ်းသာခြင်းအတွက် ကျွန်ုပ်တို့ လောဘ၏ အကျိုးဆက်အနေဖြင့် ယုတ်ညံ့လာကြဖို့ လွန်စွာ အလားအလာရှိကြပေလိမ့်မည်။ ကျွန်ုပ်တို့သည် အစာပြည့်နေသော ကျွန်ုပ်တို့၏ဝမ်းဗိုက်များနှင့်အတူ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းတွင် စိုးရိမ်မှုကင်းသည့် စိတ်များဖြင့် နောက်ဆုံးတွင် ဘာမျှမပြီးမြောက်ဘဲ ကျွန်ုပ်တို့၏ အသက်တာများကို ဖြုန်းတီးပစ်ရင်း အသက်ရှင်ကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ မိဘဖြစ်ခြင်းကဲ့သို့ပင် ဖြစ်သည်- သင်သည် သင့်ကလေးကို အမြဲတမ်း ချော့မြှူပြီး မည်သည့်အရာကို သူတို့ မှားမိသည်ဖြစ်စေ ခွင့်လွှတ်၊ သည်းခံနေပါက၊ ထိုကလေးသည် မည်သည့်အချိန်တွင် မိမိ၏ အပျက်သဘောဆောင်သော စရိုက်များကို ပြောင်းလဲပြီး ရင့်ကျက်လာနိုင်မည်နည်း။ ထို့ကြောင့်၊ သက်သောင့်သက်သာ ရှိသော ပတ်ဝန်းကျင်သည် ကျွန်ုပ်တို့၏ အသက်တာ ကြီးထွားခြင်းအတွက် လုံးဝအကျိုးမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ ယင်းသည် ကျွန်ုပ်တို့အား ဇာတိပကတိ ပျော်မွေ့ဖွယ်ရာများအတွက် လောဘပိုကြီးသထက် ကြီးလာစေမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ပို၍ တစ်ကိုယ်ကောင်းဆန်လာလျက်၊ လောဘကြီးလာလျက်၊ ဆိုးယုတ်ကာ လှည့်ဖြားတတ်လာလျက်၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကိုသာ စဉ်ဆက်မပြတ် တောင်းဆိုမိကြလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လွတ်မြောက်ပြီး ဘုရားသခင်၏အလိုတော်နှင့်ညီသော လူများဖြစ်လာလိုပါက၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများတွင် မွေ့လျော်ခံစားခြင်းဖြင့် ရောင့်ရဲ၍မရဘဲ၊ သာ၍များသော စမ်းသပ်မှုများနှင့် စစ်စေးခြင်းများကိုလည်း ဖြတ်သန်းရမည်ဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကာ ဘုရားသခင်၏ သန့်စင်စေခြင်း ခံရနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ဖြတ်သန်းရမည့်ပုံ
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်- “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။” (စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့အား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပေးသည်။ အခက်အခဲများကို ကျွန်ုပ်တို့ ကြုံရသောအခါ၊ ဘုရားသခင်၏ အမှုတော်အပေါ် ကျွန်ုပ်တို့၏သဘောထားသည် အရေးကြီးပြီး ဘုရားသခင်အတွက် ကျွန်ုပ်တို့ သက်သေရပ်တည်နိုင်ကာ သူ၏ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်း ခံရနိုင်မည်၊ မခံရနိုင်မည်ဆိုသည်နှင့် တိုက်ရိုက်ဆက်နွှယ်ပေသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အမြဲစဉ်းစားပြီး စီစဉ်ရင်း၊ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများအပေါ် အားကိုးကာ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများမှတစ်ဆင့် ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာမှုများအတွက် လောဘကြီးနေပါက၊ ဘုရားသခင်နှင့်ပတ်သက်၍ မကျေနပ်ချက်များ ဖြစ်ပေါ်စေဖို့ အလွန်အလားအလာရှိပေမည်။ ကျွန်ုပ်တို့သည် သူ့ကို တွန်းလှန်တိုက်ခိုက်ကာ ဆန့်ကျင်မိမည်၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ရန် သို့မဟုတ် ခုခံရန် အမှုအရာများကိုပင် လုပ်ဆောင်မိပေမည်။ ထို့နောက် ကျွန်ုပ်တို့သည် စာတန်အတွက် ရယ်စရာဖြစ်လာပြီး ကျွန်ုပ်တို့၏သက်သေခံချက် လုံးဝ ဆုံးရှုံးသွားပေသည်။ သို့သော် ကျွန်ုပ်တို့သည် အခက်အခဲများမှတစ်ဆင့် ဘုရားသခင်၏ အမှုတော်ကို လက်ခံနိုင်ကာ ထိုအရာများအတွင်း၌ ဘုရားသခင်၏ အလိုတော်နှင့် ကျွန်ုပ်တို့အပေါ် သတ်မှတ်ချက်များကို ရှာဖွေနိုင်လျှင်၊ ကျွန်ုပ်တို့သည် ခန္ဓာဖြင့် ဆင်းရဲဒုက္ခခံကာ ဘုရားသခင်အတွက် သက်သေရပ်တည်ရန် ပိုမိုနှစ်သက်လျက်၊ ဇာတိပကတိကို စွန့်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ဘုရားသခင်အတွက် ချစ်ခြင်းနှင့် သူ့အား ကျေနပ်စေလိုသောဆန္ဒဖြင့် ဤပတ်ဝန်းကျင်များကို ကျွန်ုပ်တို့ တွေ့ကြုံခံစားနိုင်လျှင် ဤစမ်းသပ်မှုများမှတစ်ဆင့် သမ္မာတရားများကို ကျွန်ုပ်တို့ ပိုမိုနားလည်နိုင်မည်ဖြစ်သည်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင် သန့်စင်စေခြင်းခံရနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသော လူများ ဖြစ်လာနိုင်ကြပေသည်။
မကြာသေးမီက ကျွန်ုပ်၏မိသားစုတွင် ပြဿနာအချို့ ဖြစ်ပေါ်လာသည်—ကျွန်ုပ်၏ ခင်ပွန်းသည် ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းအတွက် ထောက်ပံ့ပေးသူ ဆုံးရှုံးသွားခဲ့သည်၊ ကျွန်ုပ်၏ ကလေးသည် အလုပ်တွင် အခက်အခဲများရှိနေပြီး စီးပွားရေးတွင် အမြဲတစေ ပြဿနာများရှိနေသည်။ ကျွန်ုပ် တကယ်စိတ်မချမ်းမသာဖြစ်ကာ ဝမ်းနည်းညိုးငယ်ပြီး၊ ဘုရားသခင်ကို မညည်းတွားပဲ မနေနိုင်ခဲ့ပေ။ နေ့တိုင်း ကျွန်ုပ်သည် ဘုရားသခင်အတွက် ကြိုးစားအားထုတ်ရင်း၊ ဧဝံဂေလိတရားဝေမျှဖို့ လမ်းများပေါ်ထွက်ကာ မိမိကိုယ်ကို အသုံးတော်ခံရင်း အချိန်ကုန်ဆုံးခဲ့သည်၊ သို့ဆိုလျှင် ကျွန်ုပ် မိသားစု၌ အဘယ်ကြောင့် ဤအရာများ ဖြစ်ပျက်နေရမည်နည်းဟု ကျွန်ုပ်ခံစားခဲ့ရသည်။ ကျွန်ုပ်၏ မိသားစုကို ဘုရားသခင် မကွယ်ကာသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ ထိုအချိန်ကာလတစ်လျှောက်တွင်၊ ကျွန်ုပ်သည် ကျမ်းစာဖတ်သည့် အချိန်နည်းပြီး စည်းဝေးပွဲများ ဆက်လက် တက်ရောက်ပြီး အလုပ်များကို လုပ်နေခဲ့သော်လည်း၊ ကျွန်ုပ်၏ စိတ်နှလုံးသည် အမြဲခါးသီးမှုဖြင့် ပြည့်နှက်နေကာ ထိုပတ်ဝန်းကျင်တွင် ကျွန်ုပ်အတွက် ဘုရားသခင်အလိုတော် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ်မသိခဲ့ပေ။
ထို့နောက် ရှာဖွေခြင်းဖြင့် ဘုရားသခင်ထံ ကျွန်ုပ် ဆုတောင်းခဲ့ပြီး၊ သူ့ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်- “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံ့ရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း)
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည်နှင့်အမျှ ကျွန်ုပ် မငိုကြွေးပဲ မနေနိုင်ခဲ့ပါ- ဝမ်းနည်းကာ နာကျင်ခံစားရသည့်အပြင် ရှက်လည်းရှက်မိခဲ့သည်။ ယုံကြည်ခြင်းအပေါ် ကျွန်ုပ်၏ ရှုထောင့်အမြင်သည် လုံးဝ မှားယွင်းနေပြီး ယင်းမှာ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ကို ရှာဖွေရန်သာဖြစ်ကြောင်း ကျွန်ုပ် မြင်လိုက်ရသည်။ ဘုရားသခင်က ကျွန်ုပ်အား ကောင်းချီးပေးသောအခါ၊ ကျွန်ုပ်သည် စိတ်အားထက်သန်စွာ ထွက်သွားကာ ဧဝံဂေလိတရားကို ဝေမျှခဲ့ပြီး၊ မိမိကိုယ်ကို အသုံးတော်ခံကာ အခက်အခဲများဖြစ်စေ၊ ပင်ပန်းမှုကိုဖြစ်စေ မကြောက်ခဲ့ပေ။ သို့သော် ကျွန်ုပ်၏ မိသားစုတွင် အခက်အခဲများ ရုတ်တရက်ပေါ်ပေါက်သောအခါတွင်၊ ကျွန်ုပ်၏ မိသားစုကို မကွယ်ကာခြင်းအတွက် ဘုရားသခင်နှင့် ပတ်သက်၍ မကျေနပ်မှုများနှင့် အပြစ်တင်မှုများ ဖြစ်ပေါ်လျက် အားနည်းချက်နှင့် အပျက်သဘောဆောင်ခြင်းတွင် ကျွန်ုပ် စတင်အသက်ရှင်ခဲ့သည်။ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆန့်ကျင်၍ တံတိုင်းတစ်ခု ချထားခဲ့သည်။ ကျွန်ုပ်အနေဖြင့် မိမိကိုယ်ကို၊ “ငါ၏ကြိုးစားအားထုတ်မှုသည် ဘုရားသခင်၏ မေတ္တာကို ပြန်လည်ပေးဆပ်ရန်မဟုတ်ဘဲ ဘုရားသခင်၏ ကောင်းချီးများနှင့် လဲလှယ်ခြင်းတွင်သာ ရှိသည်—ယင်းမှာ ဘုရားသခင်နှင့် အရောင်းအဝယ်တစ်ခု ပြုလုပ်ခြင်း ဖြစ်သည်မဟုတ်လော။ မမှန်ကန်သော လှုံ့ဆော်မှုများနှင့် ရောနှောမှုများအပြည့်ရှိသည့်- ထိုသို့သော ယုံကြည်ခြင်းမျိုးသည် ဘုရားသခင်၏ လက်ခံမှုကို မည်သို့ရရှိနိုင်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ တကယ့်ထွက်သက်ဖြင့် စဉ်ဆက်မပြတ် အသက်ရှုရှိုက်နေသည်၊ သူဖန်ဆင်းထားသည့် နေနှင့် မိုးကို မွေ့လျော်ခံစားနေပြီး၊ သူဖန်ဆင်းထားသည့် မြေကြီး၏ ကျေးဇူးများဖြင့် အသက်ဆက်နေသည်၊ သို့သော် မည်သည့်အရာအတွက်မျှ ဘုရားသခင်ကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ် မတွေးခဲ့ပေ။ ယင်းအစား၊ ဘုရားသခင်ကို အတောမသတ်သော တောင်းဆိုချက်များသာ ပြုခဲ့သည်။ ယင်းမှာ လုံးဝ အသိစိတ် ကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား”ဟု မေးမြန်းရင်း၊ မိမိကိုယ်မိမိ ဝေဖန်မှုအချို့ လုပ်ဆောင်ရပေမည်။ ထိုအခါမှသာ ဘုရားသခင်ကို ထိုသို့ယုံကြည်ခြင်းမျိုးသည် မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး အထင်သေးဖွယ်ဖြစ်သည်—ဘုရားသခင်ကို ကိုးကွယ်သည့် ဖန်ဆင်းခံတစ်ဦး၏ အနေအထားတွင် ကျွန်ုပ် လုံးဝ ရပ်တည်နေခြင်း မရှိသည်ကို ကျွန်ုပ် မြင်ခဲ့ရပေသည်။ ဘုရားသခင်ကို နာခံရန်အလို့ငှာ၊ ကျွန်ုပ်သည် ပထမဦးစွာ အဖန်ဆင်းခံတစ်ဦး၏ အနေအထားတွင် ရပ်တည်ရမည်ဖြစ်ပြီး၊ ဖန်ဆင်းရှင်က မည်သည့်အရာ လုပ်ဆောင်သည်ဖြစ်စေ၊ သူပေးသည်ဖြစ်စေ ယူဆောင်သွားသည်ဖြစ်စေ၊ ကျိုးကြောင်းပြ ငြင်းခုံခြင်းမရှိဘဲ နာခံကာ ကျိုးနွံရမည်ဖြစ်သည်ကိုလည်း ကျွန်ုပ် နားလည်လာခဲ့သည်။ ယင်းသည်သာ ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သော အသိစိတ်မျိုး ဖြစ်သည်။ ထိုအရာကို ကျွန်ုပ် နားလည်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်ခင်ပွန်း သို့မဟုတ် သား၏ အလုပ်အခြေအနေများတွင် မည်သည့်အရာဖြစ်ပါစေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် မဖြစ်ဖို့ရန် လိုလားပါမည်ဟု ဘုရားသခင်ထံ ကျွန်ုပ် သန္နိဋ္ဌာန်ချလိုက်သည်။ ဤအရာအားလုံးကို ကျွန်ုပ် သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်သည် ပိုမို လွတ်လပ်သွားသကဲ့သို့ ခံစားရပြီး အပျက်သဘောဆောင်သော အခြေအနေမှ တဖြည်းဖြည်း ထွက်လာခဲ့သည်။ ဤပြဿနာများဖြင့် ကျွန်ုပ်သည် အနှောက်ယှက်ခံရခြင်း သို့မဟုတ် ချုပ်ချယ်ခံရခြင်း မရှိတော့ဘဲ၊ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ခဲ့သကဲ့သို့ သခင့်အတွက် မိမိကိုယ်ကို အသုံးတော်ခံနိုင်ခဲ့သည်။
ဤအတွေ့အကြုံသည် အသက်တာ၌ ကျွန်ုပ်တို့၏ ကြီးထွားမှုအတွက် စမ်းသပ်မှုများနှင့် စစ်ဆေးမှုက မည်မျှ မယုံနိုင်လောက်အောင် အကျိုးရှိသည်ကို ကျွန်ုပ်အား အမှန်တကယ် ပြသခဲ့သည်။ ယင်းတို့မှာ အနည်းငယ် ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံစားခဲ့ရသော်လည်း၊ အသက်တာတွင် အလွန် အဖိုးတန်သော ရတနာများကို ကျွန်ုပ်တို့ ရိတ်သိမ်းရကာ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာများ တိုးပွားလာပေသည်။ ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် ကြိုးစားနေကြသော ညီအစ်ကို မောင်နှမအားလုံးအနေဖြင့် ယခုတွင် ဘုရားသခင်၏ လေးနက်သော ရည်ရွယ်ချက်များကို နားလည်ကာ သူ့အပေါ် အထင်လွဲမှုများ မရှိတော့ဘဲ၊ မည်သည့်အခက်အခဲကိုမဆို တုန်လှုပ်ခြင်းမရှိဘဲ ရင်ဆိုင်နိုင်ကြမည်မှာ သေချာပါသည်။ အနာဂတ်၌ မည်သည့်စမ်းသပ်မှုများ သို့မဟုတ် မလိုလားအပ်သည့် အရာများတွင်မဆို၊ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့၌ မိမိကိုယ်ကို ငြိမ်သက်စေပြီး သူ၏အလိုတော်ကိုရှာဖွေကာ သမ္မာတရားကို ရှာဖွေနိုင်ကြပါစေ။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းမှတစ်ဆင့် ဘုရားသခင် ဆောင်ကြဉ်းပေးသည့် ကောင်းချီးမင်္ဂလာများကို တွေ့ကြုံခံစားနိုင်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။