ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -
"နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။" (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄)
"ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။" (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)
"ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။" (ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁)
"ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။" (ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၀)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -
လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခြင်းဖြစ်သည့် လူတို့အကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကို ဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ အနည်းဆုံးအနေနှင့် ဤအရာမှာ မှန်ကန် ရမည်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝက လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင် ဖြစ်သည်။
"ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို သဏ္ဌာန်ဖော်ဆောင်ထားသော ဇာတိခန္ဓာဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ "သဏ္ဌာန်ဖော်ဆောင် ခံရခြင်း" ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိခန္ဓာထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ သဏ္ဌာန်ဖော်ဆောင် ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။
"ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
ဘုရားသခင် လူ့ဇာတိခံယူခြင်းကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့် ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား ၎င်း၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာ ဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိပကတိဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။
"နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်" မှ
သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားထက်မဆို ကြီးမြတ်ပြီး၊ ဘုရားသခင်၏ အလုပ်ကို ထမ်းဆောင်နိုင်သည့် မည်သည့် လူသားထက်မဆိုလည်း ကြီးမြတ်သည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်း ရှိကြသည့် သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့် သူများထဲတွင်၊ သူတစ်ပါးတည်း သာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူ အားလုံးမှာမူ ဖန်ဆင်းခံ လူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝ ရှိကြသော်လည်း ဖန်ဆင်းခံ လူသားများသည် လူသားသာ ဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ ဇာတိခန္ဓာထဲတွင် သူသည် လူ့သဘာဝ ရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်း ဖြစ်သည်။ သူ၏ လူ့သဘာဝကို သူ့ဇာတိခန္ဓာ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏ နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ ဘုရားသဘောသဘာဝကိုမူ ပိုင်းခြားသိမြင်ရန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝ ရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်၊ လူများ စိတ်ကူး ထားသကဲ့သို့ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကို မြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။… ဘုရားသခင်သည် ဇာတိခန္ဓာ ဖြစ်လာသည့် အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်းပင် ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တိုင်၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တိုင်ဟု ခေါ်သည်။
"ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
သူ၏ လူ့ဇာတိခံ အသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ သာသနာကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန် လူသားမိသားစု၊ အကြွင်းမဲ့ သာမန် လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ သာမန်လူသား လိုအပ်ချက်များနှင့် (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်း) သာမန်လူသားအားနည်းချက်များနှင့် သာမန်လူသား စိတ်ခံစားမှုများနှင့် နေထိုင်ခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ အကြွင်းမဲ့ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ငန်းဆောင်တာများ အားလုံးကို ပါဝင်လုပ်ဆောင်ရင်း အသက်ရှင် နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ သာသနာအား စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာပင် ဖြစ်သည်။ သူသည် မိမိယူတင်ဝတ်ဆင်ထားသော သာမန်လူ့ခန္ဓာနှင့် သဘာဝလွန်ဖြစ်သည့် အပြင်လက္ခဏာများ ဘာမျှမပြဘဲ သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏ သာသနာအတွက် သက်သက်သာ အသက်ရှင်ပြီး၊ ထိုအချိန်အတောအတွင်း သူ၏ သာမန် လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏ သာမန် အလုပ်အတွက် အပြည့်အဝ အမှုဆောင်ရင်း တည်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ သာမန်လူ့သဘာဝသည် ထိုအချိန်သို့ရောက်သောအခါ သာသနာပြုနိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ့အသက်တာ၏ ဒုတိယအဆင့်သည် သူ၏ သာသနာကို သူ၏ သာမန် လူ့သဘာဝနှင့် ထမ်းဆောင်ရန်ပင်ဖြစ်ပြီး၊ ထိုအဆင့်သည် သာမန် လူ့သဘာဝနှင့် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ နှစ်မျိုးစလုံးကို ပိုင်ဆိုင်သည့် အသက်တာလည်း ဖြစ်သည်။ သူ့အသက်တာ၏ ပထမအဆင့် အတောအတွင်းတွင် သူသည် အကြွင်းမဲ့ သာမန် လူ့သဘာဝထဲ နေရခြင်း၏ အကြောင်းရင်းမှာ သူ၏ လူ့သဘာဝသည် ဘုရားသဘောသဘာဝ အလုပ်၏ အလုံးစုံဖြစ်မှုနှင့် မညီမျှသေး၊ မရင့်ကျက်သေး၍ ဖြစ်သည်၊ သူ၏ လူ့သဘာဝ ရင့်ကျက်လာပြီး သူ၏ သာသနာအား ထမ်းဆောင်နိုင်စွမ်း ရှိလာသည့် နောက်ပိုင်းတွင်မှ သူ၏ သာသနာကို စတင်ထမ်းဆောင် နိုင်ခဲ့ခြင်းဖြစ်သည်။ ဇာတိအနေနှင့် သူသည် ကြီးထွား ရင့်ကျက်ရန် လိုအပ်သည့်အတွက် သူ့အသက်တာ၏ ပထမအဆင့်သည် သာမန်လူ့သဘာဝ အသက်တာပင်ဖြစ်ပြီး၊ ဒုတိယအဆင့်ကမူ သူ၏ လူ့သဘာဝသည် သူ၏အလုပ်နှင့် သာသနာကို ထမ်းဆောင်နိုင်စွမ်း ရှိသည့်အတွက် သူ၏သာသနာလုပ်ငန်းများ လုပ်နေသည့် အတောအတွင်း အသက်ရှင်သည့် လူ့ဇာတိခံ ဘုရားသခင်သည် လူ့သဘာဝနှင့် အကြွင်းမဲ့သော ဘုရား၏သဘောသဘာဝ နှစ်မျိုးလုံး ရှိသူပင်ဖြစ်သည်။ အကယ်၍သာ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ မွေးဖွားသည့် အချိန်မှစ၍ သူ၏ သာသနာကို သဘာဝလွန်နိမိတ်လက္ခဏာများကိုပြပြီး စိတ်အားထက်သန်စွာနှင့် စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ လူ့သဘာဝသည် သူ၏ ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိ ရှိမလာနိုင်၊ လူ့သဘာဝ မရှိသော လူပုဂ္ဂိုလ် တစ်ယောက် သည်လည်း သက်ရှိလူသား တစ်ဦးမဟုတ်ပေ။ ဤနည်းလမ်းအားဖြင့် ဘုရားသခင် ယူဆောင်ခဲ့သော ဇာတိခန္ဓာ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော လူ့ဇာတိ၏ ပင်ကိုဂုဏ်ဒြပ် ဖြစ်သည်။ "ဘုရားသခင် သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသား လုံးဝမဟုတ်" ဟု ပြောမည်ဆိုလျှင် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤသဘောထားသည် လူ့ဇာတိ ခံယူခြင်း၏ နိယာမ သဘောတရားကို ချိုးဖောက်သဖြင့် လက်ခံရန် မဖြစ်နိုင်သော အမြင်ဖြစ်သည်။ သူ၏ သာသနာကို စတင်ထမ်းဆောင်သည့် နောက်ပိုင်းတွင်ပင်လျှင် သူ၏အလုပ်ကို ဆောင်ရွက်ချိန်တွင် သူ၏ ဘုရားသဘောသဘာဝသည် လူသားခန္ဓာ အပြင်ပန်းကို ခံယူထားဆဲပင်ဖြစ်သည်၊ ထိုအချိန်တွင်ပင် သူ၏ လူ့သဘာဝသည် သူ၏ ဘုရားသဘောသဘာဝကို သာမန်ဇာတိခန္ဓာထဲ၌ အလုပ်လုပ်နိုင်ရန် အခွင့်ပေးသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ အကျိုးဆောင်ပေးသည်။ ထို့ကြောင့် အလုပ်ကို ဆောင်ရွက်သူမှာ သူ၏ လူ့သဘာဝထဲတွင် ကိန်းဝပ်နေသည့် ဘုရား၏သဘောသဘာဝပင်ဖြစ်သည်။ လုပ်ဆောင်နေသည်မှာ သူ၏ ဘုရားသဘောသဘာဝဖြစ်ပြီး သူ၏ လူ့သဘာဝ မဟုတ်သော်ငြားလည်း သူ၏ လူ့သဘာဝထဲ သိုဝှက်ထားသည့်အရာမှာ ဘုရား၏သဘောသဘာဝပင်ဖြစ်သည်။ သူ၏ အလုပ်ကို အခြေခံအားဖြင့် သူ၏ အကြွင်းမဲ့သော ဘုရား၏သဘောသဘာဝက လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏ လူ့သဘာဝက လုပ်ဆောင်ခြင်း မဟုတ်ပါ။ သို့သော်လည်း အလုပ်ကို ထမ်းရွက်သူမှာတော့ သူ၏ ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင်လည်း ဖြစ်သည်ဟု ပြောနိုင်ပါသည်၊ အကြောင်းမှာ ဘုရားသခင်သည် လူ့ခန္ဓာအပြင်ပန်းနှင့်၊ လူသားအနှစ်သာရရော ဘုရားသခင်၏ အနှစ်သာရတို့နှင့်ပါ ဇာတိခန္ဓာအထဲတွင် နေထိုင်သည့် ဘုရားသခင် ဖြစ်လာသောကြောင့် ဖြစ်သည်။
"ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
ယေရှု ကမ္ဘာပေါ်တွင် နေထိုင်သွားခဲ့သော အသက်တာမှာ လူ့ဇာတိ၏ သာမန်အသက်တာပင် ဖြစ်သည်။ သူသည် သူ့ဇာတိခန္ဓာ၏ သာမန် လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြောခြင်းနှင့် ဘုရားသခင်၏ အလုပ်ကို ဆောင်ရွက်ခြင်း၊ သို့မဟုတ် နာမကျန်းသောသူကို ကျန်းမာစေပြီး နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ထိုကဲ့သို့ ထူးကဲလှသော အရာများကို ပြုလုပ်ခြင်းစသည့် သူ၏ သြဇာအာဏာကို သူ၏ သာသနာကို မစတင်ချိန်အထိ အများပိုင်းတွင် ထင်ထင်ရှားရှား မတွေ့ရပါ။ သူ၏ သာသနာကို မထမ်းဆောင်ခင်၊ သူ၏ အသက် နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်က သူ၏ အသက်တာသည် သူ့မှာ သာမန်ဇာတိခန္ဓာပင် ဖြစ်ခဲ့ကြောင်း လုံလောက်သော သက်သေပင်ဖြစ်သည်။ ထို့ကြောင့် သူ၏သာသနာကို စတင် မထမ်းဆောင်ရသေးသည့် အတွက်ကြောင့် လူများသည် သူ့အထဲတွင် ဘုရား၏သဘောသဘာဝရှိသောအရာ ဘာတစ်ခုမျှ မမြင်ခဲ့ကြ၊ သာမန် လူတစ်ယောက်၊ သာမန် သက်ရှိလူသား တစ်ယောက်ဟုသာ မြင်ခဲ့ကြခြင်းဖြစ်သည်၊ ကနဦးပိုင်းတွင် လူအချို့တို့သည် သူ့ကို ယောသပ်၏သားဟု ယုံကြည်ခဲ့ကြသည်။ လူများက သူသည် သာမန်လူတစ်ယောက်၏ သားဟု တွေးထင်ခဲ့ကြပြီး၊ သူသည် ဘုရားသခင် ခံယူထားသော လူ့ဇာတိပကတိဖြစ်သည် ဆိုခြင်းကို လုံးဝမသိခဲ့ကြပါ၊ သူ၏ သာသနာကို ထမ်းဆောင်နေချိန် အတွင်းမှာပင်လျှင်၊ တန်ခိုးများစွာ ပြသခဲ့သော်ငြား၊ သူသည် သာမန် လူ့သဘာဝ အပြင်ပန်းနှင့် ခရစ်တော် ဖြစ်နေခဲ့သည့်အတွက် လူအများစုသည် သူ့ကို ယောသပ်၏ သားဖြစ်သည်ဟုသာ ပြောဆိုခဲ့ကြတုန်းဖြစ်၏။ အကြွင်းမဲ့ သာမန် လူသားတစ်ယောက် ဖြစ်လာရန်၊ ဘုရားသခင်သည် လူ့ဇာတိထဲသို့ အလုံးစုံ ဆင်းကြွလာခဲ့သည်ကို သက်သေပြလျက် ပထမ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ဖြည့်စွမ်းရန်အလို့ငှာ သူ၏ သာမှန် လူ့သဘာဝနှင့် သူ၏အလုပ် နှစ်ခုစလုံး တည်ရှိနေခဲ့ခြင်းဖြစ်သည်။ သူ၏အလုပ်ကို မစတင်ခင်တွင် သူ၌ သာမန် လူ့သဘာဝ ရှိခဲ့ခြင်းသည် သူသည် သာမန်ဇာတိခန္ဓာ ဖြစ်ခဲ့ကြောင်း သက်သေပင်ဖြစ်သည်၊ သူသည် သာမန် လူ့သဘာဝနှင့်ပင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို ဆောင်ရွက်ခဲ့သဖြင့်၊ နာမကျန်းသော သူကို ကျန်းမာစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သဖြင့်၊ နောက်ပိုင်း သူလုပ်ခဲ့ခြင်းမှာ သူသည် သာမန် ဇာတိခန္ဓာသာ ဖြစ်ခဲ့ကြောင်း သက်သေပြသည်။ နိမိတ်လက္ခဏာများ သူပြုနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ သူ၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ သြဇာအာဏာကို တင်ဆောင်ထားပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော် လွှမ်းခြုံထားသည့် ဇာတိခန္ဓာဖြစ်သောကြောင့် ဖြစ်သည်။ ဤသြဇာအာဏာကို သူပိုင်ဆိုင်ထားခြင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်ကြောင့်ဖြစ်သည်၊ ထိုသို့ပိုင်ဆိုင်ခြင်းကြောင့် သူသည် ဇာတိခန္ဓာ မဟုတ်ကြောင်းကို ဆိုလိုခြင်း မဟုတ်ပါ။ နာမကျန်းသောသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် သူ၏ သာသနာတွင် ထမ်းဆောင်ရန် လိုသည့်အလုပ်ပင် ဖြစ်သည်၊ ၎င်းမှာ သူ၏ လူ့သဘာဝထဲတွင် သိုဝှက်ထားသော ဘုရားသဘောသဘာဝ၏ ဖော်ပြသည့်အရာပင်ဖြစ်ပြီး၊ မည်သည့် နိမိတ်လက္ခဏာများကို သူပြပြ၊ သူ၏ သြဇာအာဏာကို မည်ကဲ့သို့ပင် ပြပြ၊ သူသည် သာမန်လူ့သဘာဝထဲတွင် အသက်ရှင်တုန်းဖြစ်ပြီး၊ သာမန် ဇာတိခန္ဓာထဲတွင် ရှိနေတုန်းဖြစ်သည်။ ကားတိုင်ပေါ်တွင် အသေခံပြီးနောက် ရှင်ပြန်ထမြောက်ခဲ့သည့် အချိန်အထိ သူသည် သာမန် ဇာတိခန္ဓာ ထဲတွင် ကျိန်းဝပ်ခဲ့သည်။ ကျေးဇူးတော်ကို အပ်နှင်းပေးခြင်း၊ နာမကျန်းသောသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း အားလုံးတို့သည် သူ့သာသနာ၏ အစိတ်အပိုင်းဖြစ်ပြီး၊ သူ၏ သာမန်ဇာတိခန္ဓာထဲတွင် ထမ်းဆောင်ခဲ့သည့် အလုပ်အားလုံးပင် ဖြစ်သည်။ သူသည် ကားတိုင်သို့ မသွားခင်တွင် သူမည်သည့်အရာကို လုပ်နေခဲ့သည် ဖြစ်ပါစေ၊ သူ၏ သာမန် လူသားဇာတိခန္ဓာနှင့် ဘယ်သောအခါမျှ မခွဲခွာခဲ့ပါ။ သူသည် ဘုရားကိုယ်တိုင် ဖြစ်ပြီး၊ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ကို ဆောင်ရွက်ခဲ့သော်ငြားလည်းပဲ၊ သူသည် ဘုရားသခင် ခံယူထားသော လူ့ဇာတိဖြစ်သည့်အတွက်၊ သူသည် အစာကိုစားပြီး အဝတ်ကို ဝတ်ဆင်ခဲ့သည်၊ သာမန်လူသား၏ လိုအပ်ချက်များ ရှိခဲ့ပြီး၊ သာမန်လူသား၏ အသိစိတ်နှင့် သာမန်လူသား၏စိတ်တို့ ရှိခဲ့သည်။ ဤအရာအားလုံးမှာ သူသည် သာမန် လူသားတစ်ယောက် ဖြစ်ကြောင်း သက်သေပြပြီး၊ ဘုရားသခင် ခံယူထားသည့် လူ့ဇာတိသည် သာမန်လူ့သဘာဝ ရှိသည့် ဇာတိခန္ဓာ ဖြစ်ကြောင်းနှင့် သဘာဝလွန်သော ဇာတိခန္ဓာ မဟုတ်ကြောင်းကို သက်သေပြ၏။
"ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိခန္ဓာထဲရှိ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင်လည်း ထိုဇာတိခန္ဓာထဲတွင် လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ ဇာတိခန္ဓာထဲ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏ အလုပ်သည် လူသားအတွေးအခေါ်နှင့် ညစ်ညူးရောနှောနေခြင်း မရှိပါ၊ သူသည် စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်သောကြောင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်များကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိခန္ဓာ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏ အလုပ်၌ ယုတ္တိဗေဒ သို့မဟုတ် အတွေးအခေါ်၏ လက္ခဏာမရှိပါ။ တစ်နည်းဆိုရလျှင်၊ သူ၏ အလုပ်သည် သူ့ဇာတိခန္ဓာ၏ စိတ်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် သာသနာပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် သန္ဓေတည်လာခြင်း မဟုတ်ပါ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်နှင့်တွေးပြီး လုပ်သည့်အလုပ်များ မဟုတ်ပါ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် သာသနာဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပါ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ လူသားများက မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ အလုပ်ကို သူသည် လူသားမျိုးနွယ်အကြားတွင် သာမန် စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ပကတိ အနှစ်သာရလည်း ဖြစ်သည်။
"ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ
လူ့ဇာတိခံယူထားတဲ့ လူသားရဲ့ သားဟာ သူ့ရဲ့ လူ့သဘောသဘာဝကနေတစ်ဆင့် ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်ဆီကို ဘုရားသခင်ရဲ့ အလိုတော်ကို သယ်ဆောင်ခဲ့ပါတယ်။ နောက်ပြီး ဘုရားသခင်ရဲ့ အလိုတော်နဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်ကနေတစ်ဆင့် ဝိညာဉ်နယ်ပယ်မှာ မြင်လို့ သို့မဟုတ် ထိတွေ့လို့မရတဲ့ ဘုရားသခင်ကိုလည်း လူတွေဆီကို ဖွင့်ပြခဲ့တယ်။ လူတွေ မြင်ခဲ့တဲ့အရာက အသွေးအသားနဲ့ အရိုးနဲ့ ထိတွေ့နိုင်တဲ့ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါတယ်။ ဒါကြောင့် လူသားရဲ့ လူ့ဇာတိခံယူတဲ့သားတော်ဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနဲ့ သူရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတို့ကို ခိုင်မာပြီး လူသားဆန်စေခဲ့တယ်။ လူသားရဲ့ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့ပတ်သက်ပြီး အကန့်အသတ်တစ်ချို့ရှိခဲ့ပေမဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ပါတယ်။ ဖော်ပြခြင်းပုံစံမှာ ကွာခြားချက် နည်းနည်းလောက်သာ ရှိတယ်။ လူသားရဲ့ လူ့သဘာဝဖြစ်စေ၊ သူ့ရဲ့ ဘုရားသဘောသဘာဝဖြစ်စေ၊ သူဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်ဆိုတာကို ငါတို့ မငြင်းနိုင်ဘူး။ ဒါပေမဲ့ ဒီအချိန်ကာလမှာ ဘုရားသခင်ဟာ လူ့ဇာတိကနေတစ်ဆင့် အလုပ်လုပ်ခဲ့တယ်။ လူ့ဇာတိရဲ့ ရှုထောင့်ကနေ ပြောဆိုခဲ့ပြီး လူသားရဲ့ သားရဲ့ ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းတို့နဲ့ လူသားမျိုးနွယ်ရှေ့မှာ ရပ်ခဲ့တယ်။ ဒီအချက်က လူသားမျိုးနွယ်ကြားမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားဖို့ အခွင့်အလမ်းကို လူတွေကို ပေးခဲ့တယ်။ ဒီအချက်ဟာ နှိမ့်ချခြင်းတွေရဲ့အလယ်မှာ သူ့ရဲ့ ဘုရားသဘောသဘာဝနဲ့ သူ့ရဲ့ကြီးမြတ်ခြင်းကို လူတွေ ထိုးထွင်းသိမြင်စေပြီး ဘုရားသခင်ရဲ့ စစ်မှန်ခြင်းနဲ့ လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနဲ့ ပဏာမအဓိပ္ပာယ်ကို ရရှိစေပါတယ်။
" ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ
လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ အသွင်အပြင်ဟာ လူသားတစ်ယောက်နဲ့ အတိအကျတူပေမဲ့၊ သူဟာ လူသားရဲ့ အသိပညာကို လေ့လာသင်ယူပြီး လူသားရဲ့ ဘာသာစကားကို စကားပြောပေမဲ့၊ တစ်ခါတလေမှာ လူသားမျိုးနွယ်ရဲ့ နည်းတွေ သို့မဟုတ် ဖော်ပြချက်တွေကနေတစ်ဆင့် သူ့ရဲ့ စိတ်ကူးတွေကိုတောင် သူဖော်ပြပေမဲ့ လူသားတွေကို သူမြင်တဲ့ပုံစံ၊ အမှုအရာတွေရဲ့ အနှစ်သာရနဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူတွေက လူသားမျိုးနွယ်နဲ့ အမှုအရာတွေရဲ့ အနှစ်သာရကို မြင်တဲ့ပုံစံဟာ လုံးဝမတူပါဘူး။ သူ့ရှုထောင့်နဲ့ သူရပ်တည်တဲ့အမြင့်ဟာ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက် မရရှိနိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ ဒါဟာ ဘုရားသခင်က သမ္မာတရားဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သူဝတ်ဆင်တဲ့ ဇာတိခန္ဓာဟာ ဘုရားသခင်ရဲ့ အနှစ်သာရလည်း ပါဝင်တယ်။ သူ့ရဲ့အတွေးတွေနဲ့ သူ့ရဲ့လူ့သဘာဝကနေ ဖော်ပြတဲ့အရာဟာလည်း သမ္မာတရားဖြစ်ပါတယ်။… ဘုရားသခင်ရဲ့ လူ့ဇာတိက ဘယ်လောက်ပဲ သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ ဘယ်လောက်ပဲ နိမ့်ကျပါစေ ဒါမှမဟုတ် လူတွေက သူ့ကို ဘယ်လောက်တောင် အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ အတွေးတွေနဲ့ သဘောထားတွေက ဘယ်လူမှ မပိုင်ဆိုင်နိုင်တဲ့ ဘယ်လူမှ မတုပနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝရဲ့ ရှုထောင့်ကနေ၊ ဖန်ဆင်းရှင်အနေနဲ့ သူ့ရဲ့နေရာရဲ့ အမြင့်ကနေ သူအမြဲတမ်း ကြည့်ရှုလေ့လာပါလိမ့်မယ်။ လူသားမျိုးနွယ်ကို ဘုရားသခင်ရဲ့ အနှစ်သာရနဲ့ တွေးတောပုံကနေတစ်ဆင့် သူအမြဲတမ်း ကြည့်ပါလိမ့်မယ်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်ရဲ့အမြင့်၊ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်ရဲ့ အမြင့်ကနေ သူလုံးဝ မကြည့်နိုင်ဘူး။ လူတွေက လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ လူသားရဲ့အမြင်နဲ့ သူတို့ကြည့်ကြတယ်။ အတိုင်းအတာတစ်ခုအနေနဲ့ လူသားရဲ့ အသိပညာ၊ လူသားရဲ့ စည်းမျဉ်းနဲ့ သီအိုရီလိုမျိုး အရာတွေကို အသုံးပြုကြတယ်။ ဒါဟာ လူတွေ သူတို့ရဲ့မျက်လုံးမှာ မြင်နိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူတွေ ရရှိနိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ ဘုရားရဲ့အမြင်နဲ့ သူကြည့်တယ်။ အတိုင်းအတာတစ်ခုအနေနဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို အသုံးပြုတယ်။ ဒီနယ်ပယ်မှာ လူတွေ မမြင်နိုင်တဲ့အရာတွေ ပါဝင်တယ်။ ဒီနေရာမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်နဲ့ ဖောက်ပြန်ပျက်စီးတဲ့လူသားတွေ လုံးဝ ကွဲပြားသွားပါတယ်။ ဒီကွဲပြားမှုက လူသားနဲ့ ဘုရားသခင်ရဲ့ မတူညီတဲ့ အနှစ်သာရအားဖြင့် ပိုင်းခြားသတ်မှတ်ပြီး သူတို့ရဲ့ ဝိသေသ လက္ခဏာတွေနဲ့ နေရာတွေ၊ အကြောင်းအရာတွေကို သူတို့မြင်တဲ့ အမြင်နဲ့ အမြင့်တို့ကို ပိုင်းခြားသတ်မှတ်တာက ဒီမတူညီတဲ့ အနှစ်သာရတွေပဲဖြစ်တယ်။
"ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ
သူ၏အမှုနှင့် မြွက်ဆိုချက်များသည် ဝိညာဉ်တော်ကို တိုက်ရိုက်ကိုယ်စားပြုသည်၊ သူလုပ်သည့် အလုပ်ကို ဝိညာဉ်တော်က ဆောင်ရွက်ခြင်းဖြစ်သည်။ သူပြောသည့် နှုတ်ကပတ်တော်များကိုလည်း ဝိညာဉ်တော်က ပြောခြင်း ဖြစ်သည်။ ဤအရာများသည် လူဇာတိခံထားသော ဘုရားသခင်အားဖြင့်သာ ဖော်ပြသော အရာများဖြစ်သည်။ အမှန်တကယ်တွင် ထိုအရာများသည် ဝိညာဉ်တော်၏ ဖော်ပြချက်ဖြစ်သည်။ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များသည် သူ၏ အနှစ်သာရကို ကိုယ်စားပြုသည့် အရာများဖြစ်သည်။
"လက်တွေ့လုပ်ဆောင်ခြင်း (၇)" မှ
ဘုရား၏ ၀ိညာဉ်တော်က ဝတ်ဆင်သော ဇာတိသည် ဘုရား၏ ဇာတိပကတိဖြစ်သည်။ ဘုရား၏ ၀ိညာဉ်သည် အကြီးမြတ်ဆုံးဖြစ်သည်။ တန်ခိုး အလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ ထိုနည်းတူစွာ သူ၏သွေးသားသည်လည်း အကြီးမြတ်ဆုံး ဖြစ်သည်။ တန်ခိုးအလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ထိုသွေးသားသည် အမှန်တရား၊ လူသား အတွက် ကောင်းချီးမင်္ဂလာ ဖြစ်စေသောအရာ၊ သန့်ရှင်းသောအရာ၊ ဂုဏ်ရှိသောအရာနှင့် တန်ခိုး ကြီးသော အရာများကိုသာ ဆောင်ရွက်သည်။ အမှန်တရား၊ ကောင်းသောအကျင့်သီလနှင့် ဖြောင့်မတ် ခြင်းကို ချိုးဖေါက်သောအရာများကို မဆောင်ရွက်တတ်သည့်အပြင် ဘုရား၏ ၀ိညာဉ်တော်ကို သစ္စာဖောက်သည့် မည်သည့် အရာကိုမဆို မဆောင်ရွက်တတ်ပေ။
"ဆိုးရွားလှသော ပြဿနာ—သစ္စာဖေါက်ခြင်း (၂)" မှ
လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် လူ့ခန္ဓာကိုယ်နှင့် အသွေးအသားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့် လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန် လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန် လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက် လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏ အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့် အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့် စကားလုံးမျှ သူ၏ နှုတ်တော်ထဲမှ ပြောထွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေသည့် မည်သည့် အလုပ်ကိုမဆို ဘယ်သောအခါမျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ လူသားအားလုံး နားလည် သဘောပေါက်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရမှာ ဘုရားသခင်၏ ကိုယ်ပိုင် စီမံခန့်ခွဲမှု အဖို့အလို့ငှာ လူသားတို့ကို ကယ်တင်ရန်ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အလုပ်မှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုတော်အဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ ခံယူသည့်အခါ သူ၏ ဇာတိခန္ဓာအထဲမှ ဂုဏ်ဒြပ်ကို သိရှိလာပြီး သူ၏အလုပ်ကို ဆောင်ရွက်ရန် သူ၏ ဇာတိခန္ဓာမှာ လုံလောက်ကြောင်းကို နားလည်သဘောပေါက်လာသည်။ ထို့ကြောင့် လူ့ဇာတိခံယူသည့် အတောအတွင်း ဘုရားသခင့် ဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အလုပ်ဖြင့် အစားထိုးလိုက်သည်၊ ထို့ပြင် လူ့ဇာတိခံယူသည့်အချိန် တစ်လျှောက်လုံး၌ အလုပ်အားလုံး၏ အဓိက အချက်အချာမှာ ခရစ်တော်၏အလုပ် ဖြစ်သည်။ ထိုအလုပ်သည် အခြားသော ခေတ်အဆက်ဆက်မှ မည်သည့် အလုပ်မျိုးနှင့်မျှ ရောယှက်နေ၍ မရပါ။ ဘုရားသခင်သည် အသွေးအသား ဇာတိခန္ဓာ ဖြစ်လာသည့်နောက် သူ၏ ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ ဇာတိခန္ဓာဖြင့် ကြွလာခဲ့သည့်အတွက် သူလုပ်သင့် လုပ်ထိုက်သော အလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို လုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော် လုပ်ငန်းကိုလည်း ဖော်ဆောင်သည်။
ဘုရားသခင်၏ ဂုဏ်ဒြပ်ကိုယ်၌က သြဇာအာဏာကို ဆုပ်ကိုင်ထားသည်၊ သို့သော် သူသည် မိမိထံမှလာသော သြဇာအာဏာအတိုင်း အပြည့်အဝ လိုက်နာဆောင်ရွက်နိုင်သည်။ ဝိညာဉ်တော်၏ အလုပ်ဖြစ်စေ သို့မဟုတ် အသွေးအသား ခန္ဓာကိုယ်၏ အလုပ်ဖြစ်စေ မည်သည့်အလုပ်မျှ အခြားသောအရာနှင့် ပဋိပက္ခမရှိပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဖန်ဆင်းခံ အရာအားလုံး အပေါ်ရှိ သြဇာအာဏာပင် ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်ဒြပ်ပါသော အသွေးအသားသည်လည်း သြဇာအာဏာ ပိုင်ဆိုင်သည်၊ သို့သော် အသွေးအသားထဲရှိ ဘုရားသခင်သည်လည်း ကောင်းကင်ဘုံ၌ရှိသော အဖ၏အလိုတော်ကို နာခံပြီး အလုပ်အားလုံးကို ဆောင်ရွက်နိုင်သည်။ ဤအရာကို မည်သည့် လူသားတစ်ဦးတစ်ယောက်မျှ မကြိုးပမ်းနိုင် သို့မဟုတ် စိတ်ကူး မပေါက်နိုင်ကြ။ ဘုရားသခင် ကိုယ်တော်တိုင် သြဇာအာဏာ ဖြစ်သည်၊ သို့သော် သူ၏ ဇာတိခန္ဓာက သူ၏ သြဇာအာဏာအတိုင်း လိုက်နာ ဆောင်ရွက်နိုင်သည်။ ယင်းမှာ "ခရစ်တော်သည် အဖဘုရားသခင်၏ အလိုတော်ကို နာခံသည်" ဟူသော စကား၏ အတွင်းကျသည့် အနက်အဓိပ္ပာယ် ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်သည့်အပြင် ကယ်တင်ခြင်းအလုပ်ကို ဆောင်ရွက်နိုင်သည်၊ ထိုနည်းတူ ဘုရားသခင်သည် လူသားဖြစ်လာနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင် ကိုယ်တော်တိုင်က သူ၏ အလုပ်ကို လုပ်ဆောင်သည်၊ နှစ်ဦးနှစ်ဖက် ပဋိပက္ခသို့ ဦးတည်သော အလုပ်မျိုးကို လုပ်ရန် မဆိုထားနှင့် သူသည် မိမိအလုပ်အပေါ် အနှောင့်အယှက် မပြုသကဲ့သို့ ဝင်ရောက်မစွက်ဖက်ပေ၊ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်က လုပ်ဆောင်မှုနှင့် ဇာတိခန္ဓာတို့ လုပ်ဆောင်မှု၏ ဂုဏ်ဒြပ်မှာ ထပ်တူပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာဖြစ်စေ နှစ်ဦးစလုံးသည် တစ်ခုသော အလိုတော်ကို ဖြည့်စွက်ရန်နှင့် တူညီသော အလုပ်တစ်ခုတည်းကို စီမံခန့်ခွဲရန် လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် ဇာတိခန္ဓာတို့၌ ကွဲပြားခြားနားသော အရည်အချင်းနှစ်မျိုး ရှိကြသော်လည်း၊ ၎င်းတို့၏ ဂုဏ်ဒြပ်မှာ တူညီကြသည်၊ နှစ်မျိုးစလုံး၌ ဘုရားသခင်ကိုယ်တော်တိုင်၏ ဂုဏ်ဒြပ်ရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာ ရှိကြသည်။ ဘုရားသခင် ကိုယ်တော်တိုင်၌ မနာခံခြင်း၏ အရိပ်လက္ခဏာ မရှိ၊ သူ၏ ဂုဏ်ဒြပ်မှာ ကောင်းမွန်သည်။ ဘုရားသခင်သည် လှပမှုနှင့် ကောင်းမွန်မှု အားလုံးတို့အပြင် ချစ်ခြင်းမေတ္တာ အားလုံးတို့၏ ဖော်ပြချက်ပင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ကောင်းကင်ဘုံအဖကို မနာခံသည့် အလုပ်မျိုး မလုပ်ပါ။ မိမိဘဝကို စတေးရမည့်၊ ပေးဆပ်ရမည့် အခြေအနေမျိုး၌ပင်လျှင် စိတ်နှလုံးအပြည့်အဝဖြင့် အလိုတော်ကိုနာခံပြီး အခြားသောအရာကို မရွေးချယ်တတ်ပါ။ ဘုရားသခင်၌ မိမိကိုယ်ကို မှန်သည်ဟုထင်ခြင်းနှင့် မိမိကိုယ်ကို အရေးပါသည်ဟု ထင်ခြင်းတို့၏ အရိပ်လက္ခဏာမရှိပါ၊ သို့မဟုတ် မာန်မာနကြီးမှုနှင့် စိတ်ကြီးဝင်မှုတို့၏ အရိပ်လက္ခဏာ မရှိပါ၊ ဘုရားသခင်၌ မရိုးဖြောင့်သော စိတ်သဘော လုံးဝမရှိ။ ဘုရားသခင်ကို မနာခံသည့်အရာ အားလုံးမှာ စာတန်ထံမှ လာသည်၊ စာတန်သည် ရုပ်ဆိုး အကျည်းတန်မှုနှင့် ဆိုးသွမ်းမိုက်မဲမှု အားလုံးတို့၏ အရင်းအမြစ် ဖြစ်သည်။ လူသားတို့သည် စာတန်ကဲ့သို့သော အရည်အချင်းများ ရှိနေရခြင်းမှာ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းနှင့် ပြုပြင်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရပါ၊ ထိုအကြောင်းကြောင့် သူ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာများသာလျှင် ရှိပြီး စာတန်၏ပင်ကိုလက္ခဏာ တစ်ခုမျှ မရှိပါ။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အသက်ရှင်နေစဉ် အတောအတွင်း သူ၏အလုပ် မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ သို့မဟုတ် ဇာတိခန္ဓာ မည်မျှပင် အားနည်းနေပါစေ အဖခမည်းတော် ဘုရားသခင်၏ အလိုတော်ကို မနာခံဘဲ စွန်ပယ်ရန် မဆိုထားနှင့် သူ၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေသော မည်သည့် အရာမျိုးကိုမျှ လုပ်လိမ့်မည် မဟုတ်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ရမည်ထက် သူသည် ဇာတိခန္ဓာ၏ နာကျင်မှုများကိုသာ ခံစားပေလိမ့်မည်၊ ယင်းမှာ ယေရှုက သူ၏ ဆုတောင်းပဌာနာထဲ၌ ပြောထားသကဲ့သို့ ဖြစ်သည်- "အိုအဖ၊ အကယ်၍ တတ်နိုင်မည် ဆိုပါက၊ ဤခွက်ကို အကျွန်ုပ်အား လွန်သွားခွင့်ကို ပေးတော်မူပါ၊ သို့သော် အကျွန်ုပ်၏ အလိုအတိုင်း မဖြစ်ပါစေနှင့်၊ ကိုယ်တော့် အလိုတော်အတိုင်းသာ ဖြစ်စေပါ။" လူသားမှန်လျှင် ရွေးချယ်ကောင်း ရွေးချယ်ပါလိမ့်မည်၊ သို့သော် ခရစ်တော်မှာ မရွေးခဲ့ပါ။ သူကိုယ်တိုင်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သော်လည်း၊ အဖခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမြဲဖြစ်ပြီး ဇာတိခန္ဓာ၏ ရှုထောင့်မှတစ်ဆင့် ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသော အရာကိုဖြည့်ဆည်း လုပ်ဆောင်သည်။ ယင်းမှာ လူသားတို့ မကြိုးပမ်း မဆောင်ရွက်နိုင်သော အရာမျိုး ဖြစ်သည်။ စာတန်ထံမှ လာသောအရာတွင် ဘုရားသခင်၏ဂုဏ်ဒြပ် မရှိနိုင်ပါ၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်သည့် သဘောသာရှိသည်။ ဘုရားသခင်၏ အလိုတော်ကို လိုလားစွာ နာခံရန်မဆိုထားနှင့်၊ ဘုရားသခင်ကို အပြည့်အဝပင် မနာခံနိုင်ပါ။ ခရစ်တော်မှလွဲ၍ လူသားအားလုံးတို့မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့် အရာကို လုပ်နိုင်ကြသည်၊ ဘုရားသခင် တာဝန်ပေးစေခိုင်းထားသည့် အလုပ်မျိုးကိုမူ တိုက်ရိုက် မည်သူမျှ မဆောင်ရွက်နိုင်ပါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ၎င်းတို့ထမ်းဆောင်ရမည့် ကိုယ်ပိုင်တာဝန် ဝတ္တရားကဲ့သို့ မည်သူမျှ မမှတ်ယူနိုင်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ကျိုးနွံနာခံခြင်းမှာ ခရစ်တော်၏ ဂုဏ်ဒြပ်ဖြစ်သည်၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်မှုမှာ စာတန်၏ ပင်ကိုလက္ခဏာဖြစ်သည်။ ဤအရည်အချင်းနှစ်မျိုးမှာ တစ်ခုနှင့် တစ်ခု သဟဇာတ မဖြစ်နိုင်ပါ၊ စာတန်၏ အရည်အချင်းများရှိသည့် မည်သူကိုမဆို ခရစ်တော်ဟု ခေါ်၍မရပါ။ လူသားသည် ဘုရားသခင်၏ နေရာတွင် ဘုရားအလုပ်ကို မလုပ်နိုင်ရသည့် အကြောင်းအရင်းမှာ လူသား၌ ဘုရားသခင်၏ မည်သည့် ဂုဏ်ဒြပ်မျှ မရှိနေသောကြောင့် ဖြစ်သည်။ လူသားသည် သူ၏ ကိုယ်ပိုင်အကျိုးအမြတ်များနှင့် သူ၏ အနာဂတ် အလားအလာများ အတွက်သာ ဘုရားအတွက် အလုပ်လုပ်တတ်သည်၊ သို့သော် ခရစ်တော်မှာမူ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်အတွက် အလုပ်လုပ်ခြင်း ဖြစ်သည်။
ခရစ်တော်၏ လူ့သဘာဝကို သူ၏ ဘုရားသဘောသဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူသည် ဇာတိခန္ဓာထဲ၌ ရှိနေသော်လည်း၊ သူ၏ လူ့သဘာဝမှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ် တည်ဆောက်ထားသကဲ့သို့နှင့် တစ်ခုလုံး မတူညီပါ။ သူ့ထံ၌ ကိုယ်ပိုင် တစ်မူထူးခြားသော ဂုဏ်အင်္ဂါ လက္ခဏာရပ်ရှိပြီး ထိုအရာကိုလည်း သူ၏ ဘုရားသဘောသဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူ၏ ဘုရားသဘောသဘာဝထဲ၌ အားနည်းမှု မရှိ၊ ခရစ်တော်၏ အားနည်းမှုမှာ သူ၏ လူ့သဘာဝကို ရည်ညွှန်းခြင်း ဖြစ်သည်။ အတိုင်းအတာ တစ်ခုအထိ ယင်းအားနည်းမှုက သူ၏ ဘုရားသဘောသဘာဝကို ဘောင်ခတ်ထားသည်၊ သို့သော် ယင်းအကန့်အသတ်မှာ နယ်ပယ်အချို့နှင့် အချိန်အတိုင်းအတာအချို့ အတွင်း၌သာရှိပြီး အတိုင်းမသိ ကျယ်ပြန့်မနေပါ။ သူ၏ ဘုရားသဘောသဘာဝ အလုပ်မျိုးကို ဆောင်ရွက်ရသည့်အခါ၌ လူ့သဘာဝကို ဂရုမထားဘဲ ဆောင်ရွက်ပြီးစီးသည်။ ခရစ်တော်၏ လူ့သဘာဝကို သူ၏ ဘုရားသဘောသဘာဝက တစ်ခုလုံး စီမံညွှန်ကြားပေးသည်။ သူ့လူ့သဘာဝ၏ သာမန် ဘဝမှအပ လူ့သဘာဝ၏ လုပ်ဆောင်မှုအားလုံးတို့ကို သူ၏ ဘုရားသဘောသဘာဝက လွှမ်းမိုးထားပြီး အကျိုးသက်ရောက်စေသည့်အပြင် စီမံညွှန်ကြားပေးသည်။ ခရစ်တော်၌ လူ့သဘာဝ ရှိနေလင့်ကစား၊ ထိုလူ့သဘာဝသည် သူ့ဘုရားသဘောသဘာဝ၏ အလုပ်ကို မနှောင့်ယှက်ချေ။ ဤသို့ဖြစ်ရခြင်းမှာ ခရစ်တော်၏ လူ့သဘာဝကို သူ၏ ဘုရားသဘောသဘာဝက စီမံလမ်းညွှန်ပေးမှုကြောင့်ပင်ဖြစ်သည်၊ သူ၏ လူ့သဘာဝမှာ အခြားသူများ ရှေ့မှောက်၌ ရင့်ကျက်သည့်ပုံစံမျိုး မရှိသော်ငြားလည်း သူ့ဘုရားသဘောသဘာဝ၏ သာမန်အလုပ်ကို ထိခိုက်မှု မရှိပါ။ သူ၏ လူ့သဘာဝမှာ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရဟု ငါပြောရာတွင်၊ ခရစ်တော်၏ လူ့သဘာဝကို သူ၏ ဘုရားသဘောသဘာဝမှ တိုက်ရိုက် စီမံလမ်းညွှန်ပေးနိုင်ခြင်းနှင့် ခရစ်တော်သည် သာမန် လူသားထက် သာလွန်သည့် အသိတရားကို ပိုင်ဆိုင်ထားခြင်းကို ဆိုလိုသည်။ သူ၏ လူ့သဘာဝ အနေဖြင့် အလုပ်ကို ဆောင်ရွက်ရာ၌ ဘုရားသဘောသဘာဝ၏ စီမံလမ်းညွှန်မှုကို ခံယူမှသာ အသင့်လျော်ဆုံး ဖြစ်ပါသည်၊ သူ၏ လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏ အလုပ်တို့ကို အကောင်းဆုံး ဖော်ပြပေးနိုင်သကဲ့သို့ ယင်းကဲ့သို့ အလုပ်ကိုလည်း အကောင်းဆုံး ကျိုးနွံနာခံ လုပ်ဆောင်နိုင်သည်။ ဘုရားသခင်သည် အသွေးအသားဖြင့် အလုပ်လုပ်သည့် နေရာတွင်၊ အသွေးအသားရှိသည့် လူသားတစ်ဦးအနေဖြင့် ပြည့်စုံအောင် ဖြည့်ဆည်း လုပ်ဆောင်သင့်သည့် တာဝန်များကို ဆောင်ရွက်ရာ၌ ဘုရားသခင်သည် ဘယ်သောအခါမျှ မျက်ခြည်မပြတ်ပေ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားဖြင့် ကိုးကွယ်နိုင်ပါသည်။ သူ၌ ဘုရားဂုဏ်ဒြပ် ရှိသည်နည်းတူ သူ၏ ကိုယ်ပိုင်လက္ခဏာမှာလည်း ဘုရားကိုယ်တိုင်ပင် ဖြစ်သည်။ သူသည် ဖန်ဆင်းခံအရာ၏ အပြင်ပန်းသဏ္ဌာန်သာ ရှိသည့် ဖန်ဆင်းခံတစ်ဦးဖြစ်ရန် လောကသို့ ကြွဆင်းလာခဲ့ခြင်းသာ ဖြစ်သည်၊ ယခုအချိန်၌မူ ယခင်က သူ၌ မရှိခဲ့ဖူးသော လူ့သဘာဝကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဘုံ၌ ဘုရားသခင်ကို သူဝတ်ပြုကိုးကွယ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တိုင်၏ ဖြစ်ခြင်းပင် ဖြစ်သည်နည်းတူ လူသားတို့ တုပ၍ မရနိုင်ပေ။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ ဘုရားကိုယ်တိုင်ပင် ဖြစ်သည်။ အသွေးအသား အမြင်အရ သူသည် ဘုရားသခင်ကို ကိုးကွယ်သည်၊ ထို့ကြောင့် "ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ဝတ်ပြုသည်" ဟူသည့် စကားမှာ မမှားပေ။ လူသားကို သူတောင်းဆိုသည်မှာ သူ၏ ကိုယ်ပိုင်ဖြစ်ခြင်း အတိအကျပင် ဖြစ်သည်၊ လူသားကို ထိုအရာတို့အား မတောင်းဆိုမီကပင် သူသည် ထိုအရာအားလုံးကို စွမ်းဆောင်ရရှိပြီးသားဖြစ်သည်။ သူကိုယ်တိုင် ထိုအရာများမှ လွတ်ကင်းသည့် အချိန်အတောတွင်း အခြားသောသူများကို ဘယ်သောအခါမျှ သူတောင်းဆိုလိမ့်မည် မဟုတ်ပါ၊ အကြောင်းမှာ ဤအရာအားလုံးက သူ၏ဖြစ်ခြင်းတွင် ပါဝင်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် သူ၏ အလုပ်ကို မည်ကဲ့သို့ ဆောင်ရွက်သည် ဖြစ်စေ၊ ဘုရားသခင်ကို မနာခံသည့် အပြုအမူမျိုးဖြင့် လုပ်လိမ့်မည် မဟုတ်ပါ။ လူသားများကို မည်သည့်အရာများပင် သူတောင်းဆိုလင့်ကစား၊ မည်သည့် တောင်းဆိုချက်ကမျှ လူသားက ကြိုးပမ်း အားထုတ်နိုင်မှုထက် မကျော်လွန်ပါ။ သူလုပ်ဆောင်သော အရာအားလုံးတို့မှာ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုအတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်။ ခရစ်တော်၏ ဘုရားသဘောသဘာဝမှာ လူသားအားလုံးတို့ အထက်၌ရှိသည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးအထဲ၌ သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ယင်းသြဇာအာဏာမှာ သူ၏ ဘုရားသဘောသဘာဝဖြစ်ပြီး ယင်းမှာ သူ၏ကိုယ်ပိုင်လက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ သာမန်လူ့သဘာဝ မည်သို့ပင် ဖြစ်စေကာမူ၊ လုံးဝငြင်း၍မရသည့်အချက်မှာ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ဆိုသော အချက်ပင်ဖြစ်သည်၊ မည်သည့် ရပ်တည်ချက်မှမဆို သူမိန့်သည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ သူနာခံသည်ဖြစ်စေ၊ ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်မဟုတ်ဟု မပြောနိုင်ပါ။ မိုက်မဲသူနှင့် အသိဉာဏ် နည်းသောသူတို့က မကြာခဏ ခရစ်တော်၏ သာမန် လူ့သဘာဝကို အပြစ်အနာအဆာ တစ်ခုကဲ့သို့ သဘောထားတတ်ကြသည်။ ခရစ်တော်သည် သူ၏ ဘုရားသဘောသဘာဝကို မည်မျှပင် ဖော်ပြပြီး ဖွင့်ပြနေစေကာမူ လူသားတို့က သူသည် ခရစ်တော်ဖြစ်ကြောင်းကို အသိအမှတ် မပြုနိုင်ကြပါ။ ထိုထက် ခရစ်တော်သည် သူ၏ နာခံသည့်အသက်တာနှင့် နှိမ့်ချမှုအသက်တာကို သာ၍ ဖော်ပြလေလေ၊ မိုက်မဲသူတို့က ခရစ်တော်ကို ပေါ့ပေါ့တန်တန် သဘောထားလေ ဖြစ်သည်။ သူ့ကို ပထုတ်ပြီး သူ့ကို အထင်သေးသည့် သဘောထားများ မွေးယူကြကာ ထို "ကြီးမြတ်သော လူသားများ"၏ မြင့်မားသော ပုံများကို စားပွဲပေါ်တွင် နေရာပေး၍ ဝတ်ပြု ကိုးကွယ်ကြသောသူ အချို့ပင်ရှိသည်။ လူသားတို့၏ ဘုရားသခင်ကို ဆန့်ကျင်မှုနှင့် မနာခံမှုတို့သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ဂုဏ်ဒြပ်မှာ ဘုရားသခင်၏ အလိုတော်ကို နာခံသည့်အချက်နှင့် ခရစ်တော်၏ သာမန် လူ့သဘာဝမှတစ်ဆင့် လာသည်၊ ဤနေရာ၌ လူသား၏ ဘုရားသခင်ကို ဆန့်ကျင်ခုခံမှုနှင့် မနာခံမှုတို့၏ အရင်းအမြစ်တို့ တည်ရှိသည်။ အကယ်၍ ခရစ်တော်၌ သူ၏ လူ့သဘာဝအသွင်လည်းမရှိ၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း ဖန်ဆင်းခံတစ်ဦး၏ အမြင်အရ မရှာဘဲ ထိုအစား တန်ခိုးကြီးသော လူ့သဘာဝ ပိုင်ဆိုင်ထားမည် ဆိုပါက၊ မည်သည့် လူသားတစ်ဦး တစ်ယောက်၌မျှ မနာခံခြင်း ရှိမည်မဟုတ်ပါ။ လူသားသည် ကောင်းကင်ဘုံရှိ မျက်မြင်မတွေ့နိုင်သည့် ဘုရားသခင်ကိုသာ အမြဲတမ်း ယုံကြည်ရန် ဆန္ဒရှိသည့် အကြောင်းအရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်သည် လူ့သဘာဝ လုံးဝမရှိသည့်အပြင် ဖန်ဆင်းခံအရာ၏ အရည်အချင်းမျိုး တစ်ခုမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အကြီးမြတ်ဆုံးအနေဖြင့် အစဉ်အမြဲ သဘောထား တန်ဖိုးထားလေးစားသော်လည်း ခရစ်တော်ကိုမူကား မထီမဲ့မြင်ပြုသည့် သဘောထားမျိုး ရှိတတ်ကြသည်။
ကမ္ဘာပေါ်၌ ခရစ်တော်သည် ဘုရားသခင်ကိုယ်စား အလုပ်လုပ်နိုင်သော်ငြားလည်း၊ သူ၏ ပုံသဏ္ဌာန်အား ဇာတိခန္ဓာနှင့် လူသားအားလုံးကို ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် ကြွလာခြင်းမျိုး မဟုတ်ပါ။ လူသားအားလုံး သူ့ကို တွေ့မြင်စေဖို့အတွက် ကြွလာခြင်း မဟုတ်၊ လူသားတို့ကို သူ၏လက်ဖြင့် ဦးဆောင်ဖို့ ခွင့်ပြုစေရန် ကြွလာသည်၊ ဤနည်းအားဖြင့် ခေတ်သစ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ခရစ်တော် ဇာတိခန္ဓာ၏ လုပ်ငန်းဆောင်တာမှာ ဘုရားသခင်ကိုယ်တိုင်၏ အမှုအတွက်ဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိ ခံယူသည့် ဘုရားသခင်၏ အလုပ်အတွက်ဖြစ်ပြီး သူ၏ဇာတိခန္ဓာ ဂုဏ်ဒြပ်ကို လူသားအနေဖြင့် အပြည့်အဝ နားလည်သဘောပေါက်စေဖို့ လုပ်ဆောင်ပေးရန်အတွက် မဟုတ်ပါ။ သူမည်သို့ပင် အလုပ်လုပ်စေကာမူ၊ ဇာတိခန္ဓာက ကြိုးပမ်းရယူနိုင်မှုထက် မကျော်လွန်ပါ။ သူမည်သို့ပင် အလုပ်လုပ်စေကာမူ၊ သာမန် လူ့သဘာဝနှင့်အတူ ဇာတိခန္ဓာမှတစ်ဆင့် အလုပ်လုပ်သည်၊ ထို့ပြင် ဘုရားသခင်၏ မျက်နှာအသွင်အပြင်ကို လူသားတို့အတွက် အပြည့်အဝ မဖော်ပြပေ။ ထို့ထက်မက ဇာတိခန္ဓာနှင့် လုပ်ဆောင်မှုမှာ လူသားတို့ စိတ်ကူးပေါက်ထားသကဲ့သို့ သဘာဝထက် ကျော်လွန်သော သို့မဟုတ် ကြိုတင်မခန့်မှန်းနိုင်သော အခြေအနေမျိုး လုံးဝ မဟုတ်ပါ။ ခရစ်တော်သည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုပြီး၊ ဘုရားသခင် ကိုယ်တိုင်အနေဖြင့် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ကိုယ်တိုင်ဆောင်ရွက် သော်ငြားလည်း၊ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ တည်ရှိမှုကို သူမငြင်းဆိုသကဲ့သို့ သူ၏ ဆောင်ရွက်မှုများကိုလည်း အဖျားတပ်လျက် မကြွေးကြော်ခဲ့ပါ။ ထိုအစား သူ၏ ဇာတိခန္ဓာအထဲ၌ နှိမ့်ချစွာ သိုဝှက်နေသည်။ ခရစ်တော်မှလွဲ၍ မိမိကိုယ်မိမိ ခရစ်တော်ဖြစ်ကြောင်း အယောင်ဆောင်လျက် ကြွေးကြော်နေသူတို့မှာ ခရစ်တော်၏ အရည်အချင်းမျိုး မတွေ့ရပါ။ ယင်းခရစ်တော် ယောင်ဆောင်သော သူများ၏ မာနထောင်လွှားမှုနှင့် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်မှုစသည့် စိတ်သဘောထားတို့ ခြားနား ပေါ်လွင်လာသည့်အခါ၊ မည်သည့် ဇာတိခန္ဓာ၏ လုပ်ဆောင်မှု ပုံစံမှာ ခရစ်တော် အစစ်အမှန် ဖြစ်သည်ကို သိသာ ထင်ရှားလာပါသည်။ ၎င်းတို့မှာ အယောင်ဆောင်များ ဖြစ်လေလေ၊ ခရစ်တော် အယောင်ဆောင်များမှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး လူသားတို့ကို လိမ်လည်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပို၍ လုပ်ကိုင် လာနိုင်ကြမည် ဖြစ်သည်။ ခရစ်တော် အယောင်ဆောင်များအနေဖြင့် ဘုရားသခင်၏ အရည်အချင်းမျိုး မရှိပါ၊ ခရစ်တော်သည် အခြား ခရစ်တော် အယောင်အဆောင်များ၏ မည်သည့်လက္ခဏာနှင့်မျှ စွန်းထင်းနေခြင်း မရှိပါ။ ဇာတိခန္ဓာ၏အလုပ်ကို ပြီးပြည့်စုံစေရန် အတွက်သာလျှင် ဘုရားသခင်သည် လူ့ဇာတိကို ခံယူရခြင်းဖြစ်ပြီး လူသားတို့က သူ့ကို မြင်နိုင်ခွင့် ရနိုင်ရန်အတွက် သက်သက်သာ မဟုတ်ပါ။ အမှန်အားဖြင့်၊ သူ၏ ကိုယ်ပိုင်လက္ခဏာကို သူ၏ အလုပ်အားဖြင့် အတည်ပြုဖို့ရန်ဖြစ်ပြီး သူဖွင့်ပြသော အရာသည် သူ၏ ဂုဏ်ဒြပ်ကို မှန်ကန်ကြောင်း ထောက်ခံနိုင်ရန် ခွင့်ပြုသည်။ သူ၏ ဂုဏ်ဒြပ်မှာ အခြေအမြစ် မရှိသည်မဟုတ်၊ သူ၏ ကိုယ်ပိုင်လက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားခြင်းမျိုးလည်း မဟုတ်ပါ၊ ဤအရာအားလုံးတို့ကို သူ၏အလုပ်နှင့် သူ၏ ဂုဏ်ဒြပ်တို့မှတစ်ဆင့် သတ်မှတ်ခြင်း ဖြစ်သည်။ သူ၌ ဘုရားသခင်ကိုယ်တိုင်၏ ဂုဏ်ဒြပ်ရှိပြီး ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ကို လုပ်ကိုင်နိုင်စွမ်း ရှိသော်ငြားလည်း အမှန်စင်စစ်တွင် သူသည် ဝိညာဉ်တော်နှင့် မတူဘဲလျက် ဇာတိခန္ဓာပင် ဖြစ်လျက်ရှိနေသည်။ ခရစ်တော်သည် ဝိညာဉ်တော်၏ အရည်အသွေးရှိသော ဘုရားသခင် မဟုတ်ပါ၊ သူသည် ဇာတိခန္ဓာဖြင့် ဖုံးအုပ်ထားသည့် ဘုရားသခင် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်သည် မည်မျှပင် သာမန်ဖြစ်ပြီး အားနည်းနေစေကာမူ၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို မည်သည့်နည်းနှင့်မဆို ရှာဖွေစေကာမူ၊ သူ၏ ဘုရားသဘောသဘာဝကို မည်သို့မျှ မငြင်းနိုင်ပါ။ လူ့ဇာတိခံယူသည့် ဘုရားသခင်၌ သာမန် လူ့သဘာဝနှင့် ထိုသဘာဝ၏ အားနည်းမှုများ တည်ရှိသည်သာမက၊ ယင်းအထဲ၌ ဘုရားသဘောသဘာဝ၏ အလွန်တရာ အံ့သြဖွယ်ရာနှင့် နက်နဲသော အရာများပါ တိုး၍ တည်ရှိသည်၊ ထိုနည်းတူ ဇာတိခန္ဓာဖြင့် ပြုသော လုပ်ဆောင်မှုအားလုံးလည်း တည်ရှိသည်။ ထို့ကြောင့် လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ နှစ်မျိုးစလုံးမှာ ခရစ်တော်အထဲ၌ အမှန်တကယ်နှင့် လက်တွေ့ကျကျ တည်ရှိနေသည်။ ယင်းမှာ အနှစ်သာရမဲ့ခြင်း သို့မဟုတ် သဘာဝလွန်ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် အမှုဆောင်ရန်ဟူသည့် အဓိကရည်ရွယ်ချက်ဖြင့် ကမ္ဘာပေါ်သို့ ကြွလာခြင်းဖြစ်သည်၊ ကမ္ဘာပေါ်၌ အမှုကို ထမ်းဆောင်ရန်မှာ သာမန်လူ့ဇာတိကို ပိုင်ဆိုင်ထားရန် အလွန်အရေးကြီးသည်၊ သို့မဟုတ်ပါက သူ့ ဘုရားသဘောသဘာဝ၏ တန်ခိုးသည် မည်မျှပင် ကြီးမားသော်ငြားလည်း မူလလုပ်ငန်းဆောင်တာကို အကောင်းဆုံးအတွက် အသုံးပြုဖို့ မလုပ်ဆောင်နိုင်ပါ။ သူ၏ လူ့သဘာဝမှာ အလွန် အရေးကြီးသော်လည်း၊ ယင်းမှာ သူ၏ ဂုဏ်ဒြပ် မဟုတ်ပါ။ သူ၏ ဂုဏ်ဒြပ်မှာ ဘုရားသဘောသဘာဝဖြစ်သည်၊ ထို့ကြောင့် ကမ္ဘာပေါ်၌ သူ၏သာသနာကို စတင်ထမ်းဆောင်သည့် အခိုက်အတန့်မှာ သူ၏ ဘုရားသဘောသဘာဝကို စတင်ဖော်ပြသည့် အခိုက်အတန့်ပင်ဖြစ်သည်။ သူ၏ လူ့သဘာဝမှာ ဇာတိခန္ဓာ၏ သာမန် အသက်တာကို ဆက်လက် ထိန်းသိမ်းရန်အတွက်သာ ဖြစ်သည်၊ သို့မှသာ သူ၏ ဘုရားသဘောသဘာဝက ဇာတိခန္ဓာထဲ၌ သာမန်ကဲ့သို့ အလုပ်လုပ်သွားနိုင်မည်ဖြစ်သည်၊ သူ၏ အလုပ် တစ်ခုလုံးအပေါ် စီမံညွှန်ကြားပေးသည့် အရာမှာ ဘုရားသဘောသဘာဝပင်ဖြစ်သည်။ သူ၏ လုပ်ငန်း ပြီးမြောက်သောအခါ၊ သူ၏ သာသနာကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပြီး ဖြစ်မည်ဖြစ်သည်။ လူသားတို့ အနေဖြင့် သိထားသင့်သည်မှာ ခရစ်တော်အလုပ်၏ အလုံးစုံကို ဖြစ်ပြီး သူ၏လုပ်ငန်းမှတစ်ဆင့် လူသားတို့ သူ့ကို ပိုမို သိလာစေနိုင်ပါသည်။ သူ၏အလုပ်တစ်လျှောက် လူ့သဘာဝဖြင့် စွန်းထင်းမနေသော စိတ်သဘောထား သို့မဟုတ် လူသားအတွေးနှင့် လူသားအမူအကျင့်တို့၏ စွန်ထင်းခြင်း မခံရသော ဖြစ်ခြင်းဖြစ်သည့် သူ၏ ဘုရားသဘောသဘာဝကို အပြည့်အဝ ဖော်ပြပေးသည်။ အချိန်တန်သောအခါ သူ၏ သာသနာအားလုံး အဆုံးသတ်ပိုင်း ရောက်လာသည့်အခါ၌၊ သူဖော်ပြသင့်သော စိတ်သဘောထားကို ပြည့်စုံစွာ ရှင်းရှင်းလင်းလင်း ဖော်ပြပြီး ဖြစ်ပါလိမ့်မည်။ မည်သည့် လူသားကမျှ သူ၏အလုပ်အပေါ် လမ်းညွှန်မှု မပေးပါ၊ သူ့စိတ်သဘောထား၏ဖော်ပြမှုမှာလည်း အတော်အတန် လွတ်လပ်ပြီး စိတ်အားဖြင့် ထိန်းချုပ်ထားခြင်း မဟုတ်၊ သို့မဟုတ် အတွေးအခေါ်မှတစ်ဆင့် စနစ်တကျ လုပ်ဆောင်မှုလည်း မဟုတ်ဘဲ သဘာဝကျကျ ဖွင့်ပြခြင်း ဖြစ်သည်။ ယင်းကို မည်သည့် လူသားမျှ မရယူနိုင်ပါ။ ပတ်ဝန်းကျင်က ပြင်းထန်သော အခြေအနေရှိပြီး၊ သို့မဟုတ် အခြေအနေများက အခွင့်မပေးလျှင်ပင်၊ သူသည် မိမိ၏စိတ်သဘောထားကို သင့်လျော်သည့် အချိန်၌ ဖော်ပြနိုင်သည်။ ခရစ်တော်မဟုတ်သော အခြားသူများက ခရစ်တော်၏ စိတ်သဘောထားမရှိဘဲ ဖြစ်နေသည့်အချိန်တွင်၊ ခရစ်တော်တည်းဟူသော သူသည် ခရစ်တော်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသသည်။ ထို့ကြောင့် အားလုံးက ခရစ်တော်ကို ခုခံဆန့်ကျင်နေလျှင်ပင် သို့မဟုတ် သူနှင့် ပတ်သက်သည့် အယူအဆများ ရှိနေလျှင်ပင်၊ လူသားတို့ အယူအဆအရ မည်သူမျှ မငြင်းနိုင်သည့် အရာမှာ ခရစ်တော် ဖော်ပြသော စိတ်သဘောထားမှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်ကြောင်းပင် ဖြစ်သည်။ စစ်မှန်သော နှလုံးသားဖြင့် ခရစ်တော်ကို မီအောင်လိုက်သူတိုင်း သို့မဟုတ် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်ကို ရှာဖွေသူ အားလုံးအနေဖြင့် သူဖော်ပြသော ဘုရားသဘောသဘာဝကို အခြေခံလျက် သူသည် ခရစ်တော် ဖြစ်ကြောင်း ဝန်ခံကြပါလိမ့်မည်။ လူသားတို့၏ အယူအဆများနှင့် မကိုက်ညီသည့် ခရစ်တော်၏ လက္ခဏာများအပေါ် အခြေခံလျက် သူ့ကို မည်သည့်အခါမျှ ငြင်းပယ်မည် မဟုတ်ပါ။ လူသားတို့မှာ အလွန်တရာ မိုက်မဲလှသော်လည်း၊ လူသား၏ လိုအင်မှာ အဘယ်နည်းနှင့် ဘုရားသခင်ထံမှ ဆင်းသက်လာသည့်အရာမှာ အဘယ်နည်း စသည်တို့ကို အားလုံးက အတိအကျ သိနိုင်ကြသည်။ လူအတော်များများသည် ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်အရ ခရစ်တော်အား ရည်ရွယ်ချက်ရှိရှိ ခုခံဆန့်ကျင်နေကြရုံမျှသာ ဖြစ်သည်။ ထိုအတွက် မဟုတ်ပါက၊ ခရစ်တော်၏ တည်ရှိနေမှုကို ငြင်းဆန်နိုင်မည့် အကြောင်းအရင်းကို မည်သည့် လူသားတစ်စုံတစ်ဦးကမျှ ရှာတွေ့လိမ့်မည် မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ခရစ်တော် ဖော်ပြသည့် ဘုရားသဘောသဘာဝမှာ အမှန်တကယ် တည်ရှိနေပြီး သူ၏ လုပ်ဆောင်ချက်များကို လူတိုင်း၏ ပကတိမျက်စိဖြင့် မျက်မြင်တွေ့နိုင်သောကြောင့်ဖြစ်သည်။
ခရစ်တော်၏ အလုပ်နှင့် ဖော်ပြမှုတို့က သူ၏ဂုဏ်ဒြပ်ကို သတ်မှတ်ပေးသည်။ ခရစ်တော်သည် မိမိအား တာဝန်ပေးစေခိုင်းထားသည့် အရာကို စစ်မှန်သော နှလုံးသားနှင့်အတူ ပြီးပြည့်စုံစေနိုင်ပါသည်။ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုးကွယ်နိုင်သည့်အပြင် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ယင်းအချက် အားလုံးတို့ကို သူ၏ ဂုဏ်ဒြပ်တို့က သတ်မှတ်ပေးသည်။ ထိုနည်းတူ သူ၏ ပင်ကိုဖွင့်ပြခြင်းကိုလည်း သူ၏ ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်၊ ယင်းကို ပင်ကိုဖွင့်ပြခြင်းဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ ဖော်ပြမှုသည် တုပလုပ်ဆောင်ခြင်းမျိုး မဟုတ်၊ သို့မဟုတ် လူသား၏ ပညာဖြင့် ရနိုင်ကောင်းသည့် ရလဒ်မဟုတ်၊ သို့မဟုတ် နှစ်ပေါင်းများစွာ လူသားတို့ ပြုစုပျိုးထောင်လာခြင်း၏ ရလဒ်လည်း မဟုတ်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် ထိုအရာကို မသင်ယူခဲ့ပါ၊ သို့မဟုတ် ထိုအရာအား သူ့ကိုယ်သူလည်း မဆင်မြန်းခဲ့ပါ၊ ထိုထက် ထိုအရာများမှာ သူ့အထဲ၌ မွေးရာပါ ဖြစ်သည်။ လူသားက သူ၏ အလုပ်၊ သူ၏ ဖွင့်ထုတ်ပြမှု၊ သူ၏ လူ့သဘာဝနှင့် သူ့သာမန်လူ့သဘာဝ၏ အသက်တာတစ်ခုလုံးကို ငြင်းဆန်ကောင်း ငြင်းဆန်ပါလိမ့်မည်၊ သို့သော် ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားဖြင့် ဝတ်ပြု ကိုးကွယ်သည့်အကြောင်း မည်သူမျှ မငြင်းဆိုနိုင်ပါ။ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးရန် သူကြွလာခဲ့သည့် အကြောင်းနှင့် ခရစ်တော်သည် ဟန်ဆောင်မှုကင်းလျက် ခမည်းတော် ဘုရားသခင်ကို ရှာဖွေနေကြောင်း စသည်တို့ကို မည်သူမျှ မငြင်းဆန်နိုင်ပါ။ ခရစ်တော်၏ ပုံသဏ္ဌာန်မှာ အာရုံခံစားမှုများကို စိတ်ကျေနပ်မှု မဖြစ်စေသော်ငြားလည်း၊ သူ၏ အကျယ်တဝင့် ဟောပြောချက်ထဲ၌ အံ့မခန်းဖွယ်အကြောင်းများ မပါသော်ငြားလည်း၊ ထို့ပြင် သူ့အလုပ်အကိုင်မှာ လူတို့ တွေးထင်ထားသကဲ့သို့ ကမ္ဘာကို တုန်သွားစေလောက်သာ သို့မဟုတ် ကောင်းကင်ဘုံကို လှုပ်ခါသွားစေလောက်သော အရာမျိုးလည်း မဟုတ်သော်ငြား၊ သူသည် ခရစ်တော် စင်စစ် ဖြစ်သည်၊ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးသူ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်ကို အပြည့်အဝ ကျိုးနွံနာခံသူဖြစ်ပြီး သေသည့်တိုင်အောင် အကြွင်းမဲ့ နာခံသောသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဂုဏ်ဒြပ်မှာ ခရစ်တော်၏ ဂုဏ်ဒြပ်ပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဤသမ္မာတရားကို လူသားအနေဖြင့် ယုံကြည်နိုင်ရန် အင်မတန် ခက်ခဲပါသည်၊ သို့သော် ယင်းမှာ အမှန်တကယ် တည်ရှိနေသော အကြောင်းအရာ ဖြစ်သည်။ ခရစ်တော်၏ သာသနာသည် အကုန်အစင် ပြီးမြောက်သွားသောအခါ၌၊ သူ၏ လုပ်ဆောင်မှုမှတစ်ဆင့် သူ၏ စိတ်သဘောထားနှင့် သူ၏ ဖြစ်ခြင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းအား ကိုယ်စားပြုနေခြင်းဆိုသည်ကို လူများ တွေ့မြင်နိုင်မည် ဖြစ်သည်။ ထိုအချိန်၌ ခရစ်တော်၏ လုပ်ဆောင်မှု အားလုံး၏ အချုပ်က သက်သေပြုနေသည်မှာ ခရစ်တော်သည် အမှန်စင်စစ် လူ့ဇာတိခံယူသော နှုတ်ကပတ်တော်ဖြစ်သည် ဆိုခြင်းနှင့် လူသားကဲ့သို့ အသားနှင့်အသွေးတို့ဖြင့် တည်ဆောက်ထားခြင်းမျိုး မဟုတ်ဆိုခြင်းပင် ဖြစ်သည်။
"ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်" မှ
သူသည် ကျွန်ုပ်တို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ကျွန်ုပ်တို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ကျွန်ုပ်တို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ကျွန်ုပ်တို့၏ ပန်းတိုင်နှင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကို ခံသည်၊ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှု ကင်းမဲ့ခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သောသူ ဖြစ်ခြင်း၊ ထိုသို့သော အချက်များကို ပိုင်ဆိုင်ခြင်းသည် သာမန်လူတစ်ယောက်ထက်ပိုသော အရာများ ဖြစ်သည်၊ အကျင့်ပျက်သောသူ တစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း (သို့) ရရှိနိုင်စွမ်း မရှိသော အရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း သူ့မှာ ရှိပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦး တစ်ယောက်၌မျှ မရှိသည့် မေတ္တာ ဖြစ်သည်။ သူက လွဲလို့ မည်သူမျှ ကျွန်ုပ်တို့၏ အတွေးများကို မသိနိုင်ပါ (သို့) ကျွန်ုပ်တို့၏ သဘာဝနှင့် ဗီဇကို နားမလည်နိုင်ပါ (သို့) လူသားတို့၏ ပုန်ကန်မှုနှင့် အကျင့်ပျက်မှုကို တရားစီရင်နိုင်ခြင်း မရှိပါ (သို့) ကောင်းကင်နိုင်ငံမှ ဘုရားသခင်၏ ကိုယ်စား ကျွန်ုပ်တို့ကို စကားပြောပြီး ကျွန်ုပ်တို့၏ အကြား၌ ယခုလို အလုပ် မလုပ်နိုင်ပါ။ သူကလွဲလို့ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်နိုင်စွမ်း မရှိပါ။ ထာဝရတည်ရှိသော ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ ဖြစ်ခြင်းနှင့် ဘုရားသခင်၌ ရှိသည့် အရာ၊ အားလုံးကို သူ့မှာ တွေ့ရသည်။ သူကလွဲလို့ မည်သူကမျှ ကျွန်ုပ်တို့အား လမ်းခရီးကို မပြနိုင်၊ ကျွန်ုပ်တို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူကလွဲလို့ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့် အရာများကို ကျွန်ုပ်တို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ။ သူကလွဲလို့ မည်သူကမျှ ကျွန်ုပ်တို့အား စာတန်၏ ချည်နှောင်မှုနှင့် ကျွန်ုပ်တို့၏ အကျင့်ပျက်တတ်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်၊ ဘုရားသခင်၏ နှလုံးသားထဲက အသံ၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ထွက် စကားများကို ဖော်ပြသည်။ သူသည် ခေတ်သစ် တစ်ခေတ်ကို အစပြုခဲ့သည်၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကို ယူဆောင်လာသည်၊ ကျွန်ုပ်တို့ထံ မျှော်လင့်ခြင်းကို သယ်ဆောင်လာသည်၊ မရေမရာ ရှင်သန်နေသော ကျွန်ုပ်တို့၏ ဘဝကို အဆုံးသတ်ပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ မြင်နိုင်ခွင့်ပေးသည်။ သူသည် ကျွန်ုပ်တို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ကျွန်ုပ်တို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ကျွန်ုပ်တို့၏ စိတ်များသည် သတိရှိလာသည်၊ ကျွန်ုပ်တို့၏ ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ သာမန်ဖြစ်သော၊ မထင်ရှားသော၊ ကျွန်ုပ်တို့ အကြား၌ နေသော ထိုသူသည် ကျွန်ုပ်တို့ ငြင်းပယ်သည်ကို အချိန်အကြာကြီး ခံရသူဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရော ညပါ ကျွန်ုပ်တို့ တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူသည် သခင်ယေရှုဖြစ်သည်။ သူသည် အမှန်တကယ်ပင် သခင်ယေရှုဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်း ဖြစ်သည်။
"ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း" မှ
ဘုရားသခင် လူ့ဇာတိခံယူခြင်းက မည်သည့်ခေတ် သိုမဟုတ် မည်သည့် နေရာတွင်ဖြစ်နေပါစေ၊ ဇာတိပကတိထဲရှိ သူ၏လုပ်ငန်းအတွက် နည်းဥပဒေသများကတော့ ပြောင်းလဲမှုမရှိဘဲ တည်မြဲနေပါသည်။ ဇာတိပကတိကို ကျော်လွန်၍ အလုပ်လုပ်ပြီး သူသည်လူ့ဇာတိ ခံယူ၍ မရပါ။ ထို့ထက်ပိုပြီး၊ သူသည် ပုံမှန်လူ့သဘော သဘာဝ၏ ဇာတိပကတိ အတွင်းတွင်လည်း အလုပ်မလုပ်ဘဲ လူ့ဇာတိခံယူ၍ မရနိုင်ပါ။ သို့မဟုတ်ပါက ဘုရားသခင် လူ့ဇာတိခံယူသည့် အဓိပ္ပာယ်က အလဟဿ ဖြစ်သွားလိမ့်မည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူခြင်း အလုံးစုံသည်လည်း အဓိပ္ပာယ် မဲ့သွားလိမ့်မည်။ ထို့ပြင်၊ ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်(ဝိညာဉ်တော်)သာလျှင် ဘုရားသခင် လူ့ဇာတိခံယူခြင်းကို သိရှိသည်။ အခြားဘယ်သူမျှ၊ လူ့ဇာတိခံယူသူ ကိုယ်တိုင်ပင် သို့မဟုတ် ကောင်းကင်မှ ကောင်းကင်တမန်များပင် မသိရှိပါ။ ထိုကဲ့သို့ပင်၊ ဇာတိပကတိမှ ဘုရားသခင်၏ လုပ်ဆောင်မှုသည် ပိုပြီးသာမန်ဖြစ်ကာ နှုတ်ကပတ်တော်က လူ့ဇာတိ ခံယူခြင်းကို အမှန်တကယ် ပိုပြီးထင်ရှားစေနိုင်သည်။ ဇာတိပကတိ၏ အဓိပ္ပာယ်မှာ ပုံမှန်ဖြစ်သော သာမန် လူသားကို ဆိုလိုပါသည်။
"လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)" မှ
ဤဇာတိခန္ဓာသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ ပုံမှန်လူ့သဘာဝရှိသော လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့်အဝရှိသော ဘုရားသခင်လည်း ဖြစ်သည်။ ထို့ကြောင့် ဤဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်သော်လည်း၊ ဝိညာဉ်တော်နှင့် အလွန်ကွာခြားလှသော်လည်း၊ ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ဖြစ်ပြီး ဇာတိခန္ဓာလည်းဖြစ်သော၊ လူသားတို့ကို ကယ်တင်သော လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံးတွင်ကား လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာနှင့် ခွဲခြား၍မရဘဲ ဇာတိခန္ဓာ၏အမှုသည်လည်း ဘုရားသခင့် ဝိညာဉ်တော်၏ အမှုပင်ဖြစ်သောကြောင့် ဖြစ်လေသည်။ ဤအမှုကို ၀ိညာဉ်တော်၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ မလုပ်ဆောင်ဘဲ ဇာတိခန္ဓာ၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ လုပ်ဆောင်ခြင်းမျှသာဖြစ်သည်။
"ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်" မှ
ဝိညာဉ်တော်၏ ဖော်ပြချက်များတွင် မည်သည့်အရာများ ပါဝင်သနည်း။ လက်တွေ့ကျသော ဘုရားသခင်သည် တစ်ခါတစ်ရံ လူ့သဘာဝအားဖြင့် အလုပ်လုပ်ပြီး တစ်ခါတစ်ရံ ဘုရား၏ သဘောသဘာဝအားဖြင့် အလုပ်လုပ်သည်။ သို့သော် ယေဘုယျအားဖြင့် ထိုနှစ်ချက်စလုံးတွင် ဝိညာဉ်တော်မှာ အချက်အချာဖြစ်သည်။… ယနေ့ပြောသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်မှာ လူ့သဘာဝ အားဖြင့်ရော ဘုရား၏ သဘောသဘာဝ အားဖြင့်ပါ အလုပ်လုပ်သည်။ လက်တွေ့ကျသော ဘုရားသခင် ပေါ်လာခြင်းဖြင့် ကိုယ်တော်၏ ပုံမှန် လူသားအလုပ်နှင့် အသက်တာ၊ ကိုယ်တော်၏ ပြီးပြည့်စုံသည့် ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်တို့ကို ရရှိအောင်မြင်သည်။ ကိုယ်တော်၏ လူ့သဘာဝနှင့် ဘုရား၏ သဘောသဘာဝတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားပြီး၊ ထိုနှစ်ခုလုံး[က]၏ အလုပ်မှာ နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်သည်။ လူ့သဘာဝတွင်ဖြစ်စေ၊ ဘုရား၏ သဘောသဘာဝတွင် ဖြစ်စေ ကိုယ်တော်သည် နှုတ်ကပတ်တော်များကို မြွက်ဆိုသည်။ ဘုရားသခင်သည် လူ့သဘာဝထဲတွင် အလုပ်လုပ်သောအခါ လူသားမျိုးနွယ်၏ ဘာသာစကားကို ပြောသည်။ သို့မှသာ လူသားတို့ စိတ်ဝင်စားပြီး နားလည်ကြပါလိမ့်မည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို ရိုးရှင်းစွာ ပြောထားပြီး၊ နားလည်ရလွယ်သည့်အတွက် ယင်းတို့ကို လူအားလုံးတို့ထံ ထောက်ပံ့ပေးနိုင်သည်။ ဤလူများသည် အသိပညာ ကြွယ်ဝသည်ဖြစ်စေ၊ ပညာရေးအားနည်းသည် ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူတို့အားလုံး လက်ခံရရှိနိုင်ကြသည်။ ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကို နှုတ်ကပတ်တော်များမှ တစ်ဆင့် ဆောင်ရွက်သည်။ ထိုအလုပ်မှာ ထောက်ပံ့ခြင်းနှင့် ပြည့်ဝသည်။ အသက်နှင့် ပြည့်ဝသည်။ ထိုအလုပ်၌ လူသားတို့ အကြံဉာဏ်များဖြင့် စွန်းထင်းခြင်းမရှိ။ လူသားတို့ နှစ်သက်မှုများ မပါဝင်။ ထို့ပြင် လူသားတို့၏ အကန့်အသတ်များ မပါရှိ။ သာမန် လူ့သဘာဝ၏ ဘောင်အတိုင်းအတာ အပြင်ဘက်တွင် ရှိ၏။ ထိုအလုပ်ကို လူ့ဇာတိထဲ၌လည်း ဆောင်ရွက်သည်။ သို့သော် ၎င်းသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။… ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်လာမှု ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော် အားလုံးတို့သည် ကိုယ်တော်၏ ပုံမှန်လူ့သဘာဝနှင့် ကိုယ်တော် ခံယူသော ဇာတိခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ လူသားအလုပ်ကို လမ်းညွှန်ပြီး လူ့ဇာတိထဲရှိ ဘုရားသဘောသဘာဝ၏ အလုပ်ကို လုပ်ဆောင်သည်။ လူ့ဇာတိကို ခံယူသော ဘုရားသခင်ထံတွင် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အကြွင်းမဲ့ဖြစ်သော အလုပ်၊ ဤနှစ်မျိုးလုံးကို သင်တွေ့နိုင်သည်။ ဤသည်မှာ လူ့ဇာတိ၌ လက်တွေ့ကျသော ဘုရားသခင် ပေါ်လာမှု၏ အမှန်တကယ် အရေးပါမှုပင် ဖြစ်ပါသည်။ ဤအချက်ကို သင်ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက၊ ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍအားလုံးတို့နှင့် သင်ဆက်သွယ်နိုင်ပါ လိမ့်မည်။ ဘုရား၏ သဘောသဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အကောင်းဆုံး အလွန်အကျွံရှုမြင်ခြင်းနှင့် လူ့သဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အထင်အမြင် အလွန်သေးခြင်းတို့ကို သင်ရပ်တန့်လိမ့်မည် ဖြစ်ပြီး၊ အစွန်းမရောက်ဘဲ လမ်းမလွဲသွားဘဲ နေမည်ဖြစ်သည်။ ယေဘုယျအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အနက်အဓိပ္ပာယ်မှာ ဝိညာဉ်တော်က လမ်းညွှန်ပေးသော ကိုယ်တော်၏ လူ့သဘာဝ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အလုပ်တို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် လူသားများက ကိုယ်တော်သည် ထင်ရှားကြောင်း၊ အသက်ရှိကြောင်းနှင့် စစ်မှန်ကြောင်း၊ အမှန်တကယ်ဖြစ်ကြောင်း မြင်တွေ့ရမည် ဖြစ်ပါသည်။
"လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်" မှ