သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းများ
ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
ယောဘ ၁:၅ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘ အောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။
ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။
ဤကျမ်းပိုဒ်များထဲတွင် သင်တို့မြင်ရသော အဓိကအချက်မှာ အဘယ်နည်း။ အကျဉ်းချုပ်ဖြစ်သော ဤကျမ်းပိုဒ် သုံးပိုဒ်လုံးသည် ယောဘနှင့်ဆက်စပ်၏။ တိုတောင်းသော်လည်း၊ ၎င်းတို့က သူ မည်သည့် လူစားမျိုး ဖြစ်သည်ကို ရှင်းလင်းစွာ ဖော်ပြသည်။ ယောဘ၏ နေ့စဉ်အပြုအမူနှင့် သူ၏လုပ်ဆောင်မှုအပေါ် ၎င်းတို့၏ သရုပ်ဖော်ချက်မှတစ်ဆင့်၊ ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အကဲဖြတ်မှုများသည် အခြေအမြစ်မဲ့ခြင်းထက် အခြေအမြစ် ရှိသည်ကို အယောက်တိုင်းအား ထိုကျမ်းပိုဒ်များက ပြောနေသည်။ ယောဘနှင့်သက်ဆိုင်သည့် လူ၏သုံးသပ်ချက် ဖြစ်စေ (ယောဘ ၁:၁)၊ သို့မဟုတ် သူ့ကို ဘုရားသခင်၏ သုံးသပ်ချက် ဖြစ်စေ (ယောဘ ၁:၈)၊ နှစ်ခုစလုံးသည် ဘုရားသခင်နှင့် လူ၏ ရှေ့၌ ယောဘ၏ လုပ်ဆောင်ချက်များ၏ ရလဒ် (ယောဘ ၁:၅) ဖြစ်သည်ကို ထိုကျမ်းပိုဒ်များက ငါတို့ကို ပြောပြပေသည်။
ပထမဦးစွာ၊ ပထမ ကျမ်းပိုဒ်ကို ဖတ်ကြပါစို့- “ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။” ဤသည်မှာ သမ္မာကျမ်းစာထဲက ယောဘနှင့်သက်ဆိုင်သည့် ပထမဆုံး အကဲဖြတ်ချက်ဖြစ်သည်၊ ဤစာကြောင်းသည် ယောဘနှင့် သက်ဆိုင်သည့် ကျမ်းပြုဆရာ၏ သုံးသပ်ချက် ဖြစ်သည်။ သဘာဝအားဖြင့်၊ ယင်းသည်လည်း ယောဘနှင့်သက်ဆိုင်သည့် လူ၏အကဲဖြတ်ချက်ကို ကိုယ်စားပြုခြင်း ဖြစ်သည်၊ ယင်းမှာ “ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။” ဟူ၍ ဖြစ်သည်။ ဆက်လက်၍၊ ယောဘနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အကဲဖြတ်ချက်ကို ဖတ်ကြပါစို့- “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” (ယောဘ ၁:၈) ထိုနှစ်ခုတွင် တစ်ခုသည် လူထံမှ လာခဲ့ခြင်း ဖြစ်ပြီး တစ်ခုမှာ ဘုရားသခင်ထံမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကြောင်းအရာတူသော အကဲဖြတ်ချက်နှစ်ခု ဖြစ်ကြသည်။ ထို့နောက် ယောဘ၏ အပြုအမူနှင့် လုပ်ဆောင်မှုတို့ကို လူတို့ သိခဲ့ကြပြီး ဘုရားသခင်၏ ချီးမွမ်းခြင်းကိုလည်း ခံခဲ့ရသည်ကို မြင်နိုင်ပါသည်။ တစ်နည်းအားဖြင့်၊ လူရှေ့၌ ယောဘ၏ အပြုအမူနှင့် ဘုရားသခင် ရှေ့၌ သူ၏ အပြုအမူတို့သည် တူညီခဲ့သည်။ သူသည် ဘုရားသခင်၏ စောင့်ကြည့်လေ့လာမှုကို ခံရနိုင်ဖို့အလို့ငှာ၊ သူ၏အပြုအမူနှင့် ရည်ရွယ်ချက်ကို ဘုရားသခင်ရှေ့တွင် အချိန်တိုင်း ချခင်းထားခဲ့ပြီး၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်သောသူ တစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်၊ ကမ္ဘာမြေပေါ်က လူတို့၏အမြင်တွင် ယောဘတစ်ဦးတည်းသာ စုံလင်ကာ တည်ကြည်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်သောသူတစ်ဦး ဖြစ်ခဲ့သည်။
သူ၏ နေ့စဉ်အသက်တာတွင် ယောဘ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များ
ဆက်လက်၍၊ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များကို ကြည့်ကြပါစို့။ ၎င်းထက် အလျင်ကျပြီး နောက်မှလာသော ကျမ်းပိုဒ်များအပြင်၊ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည့် ယောဘ ၁:၅ ကိုလည်း ဖတ်ရှုကြပါစို့။ ယင်းမှာ သူသည် ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ခဲ့ပြီး သူ၏ နေ့စဉ်အသက်တာတွင် မကောင်းမှုကို မည်သို့ ရှောင်ကြဉ်ခဲ့သည် ဆိုသည်နှင့် ဆက်နွှယ်လေသည်။ အပေါ်လွင်ဆုံးအားဖြင့်၊ သူသည် ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအတွက် သူလုပ်သင့်သည်အတိုင်း လုပ်ဆောင် ခဲ့ရုံသာမက၊ သူ၏သားများ ကိုယ်စား ဘုရားသခင်ရှေ့တွင် မီးရှို့ရာယဇ်များကိုလည်း ပုံမှန်ပူဇော်ခဲ့သည်။ ၎င်းတို့သည် ပွဲခံနေစဉ် မကြာခဏ “မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီ။” ဟု သူစိုးရွံ့ခဲ့သည်။ ဤကြောက်ရွံ့ခြင်းသည် ယောဘ၌ မည်ကဲ့သို့ ပေါ်လွင် ထင်ရှားခဲ့သနည်း။ မူရင်းစာသားက အောက်ပါ အဖြစ်အပျက်ကို ဖော်ပြပေးသည်- “ပွဲခံသောနေ့ရက် လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။” ယောဘ၏ လုပ်ဆောင်မှုက၊ သူ၏ အပြင်ပန်း အပြုအမူတွင် ပေါ်လွင်ခြင်းထက်၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ စိတ်နှလုံးအတွင်းမှ လာခဲ့ခြင်းဖြစ်ပြီး၊ သူသည် မကောင်းမှုကို သူကိုယ်တိုင် ရှောင်ခဲ့သည်သာမက၊ သူ၏သားများကိုယ်စား မီးရှို့ရာယဇ်များကို မကြာခဏ ပူဇော်ခဲ့သည့်အတွက် သူ၏ နေ့စဉ်အသက်တာ၏ အခန်း ကဏ္ဍတိုင်းတွင် ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းကို အချိန်တိုင်း မြင်တွေ့ရနိုင်ခဲ့သည်ကို ငါတို့အား ပြသပေသည်။ တစ်နည်းအားဖြင့်၊ ယောဘသည် ဘုရားသခင်ကို ဆန့်ကျင် ပြစ်မှားမိပြီး သူ၏စိတ်နှလုံးထဲ၌ ဘုရားသခင်အား စွန့်လွှတ်မိမည်ကို အလွန်အမင်း စိုးရွံ့ခဲ့သည်သာမက သူ၏သားများက ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမိပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စွန့်ပယ်မိမည် ကိုလည်း စိုးရိမ်ခဲ့သည်။ ဤအရာမှ၊ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ အမှန်တရားသည် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံနိုင်ပြီး၊ မည်သည့်လူတစ်ယောက်မျှသံသယဖြစ်စရာ မလိုသည်ကို မြင်နိုင်ပေသည်။ သူသည် ထိုသို့ ရံဖန်ရံခါ သို့မဟုတ် မကြာခဏ ပြုခဲ့သလော။ စာသား၏ နောက်ဆုံး စာကြောင်းက “ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။” ဟု ဆိုထားသည်။ ဤစာလုံးများ၏ အဓိပ္ပာယ်မှာ ယောဘသည် သူ၏သားများထံ ရံဖန်ရံခါ သို့မဟုတ် သူကြိုက်သည့် အချိန်၌ သွားကာ ဝင်မကြည့်ခဲ့သည်သာမက၊ ဘုရားသခင်ကို ဆုတောင်းခြင်းမှတစ်ဆင့် ဝန်ချခဲ့ခြင်းလည်းမရှိဟု ဆိုလိုသည်။ ယင်းအစား သူသည် သူ၏သားများကို သန့်စင်ခြင်းခံရစေဖို့ ပုံမှန် စေလွတ်ခဲ့ပြီး၊ ၎င်းတို့အတွက် မီးရှို့ရာယဇ်များကို ပူဇော်ခဲ့သည်။ ဤနေရာတွင် “အစဉ်ပြုမြဲရှိ၏” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ သူသည် တစ်ရက်၊ နှစ်ရက် သို့မဟုတ် အခိုက်အတန့် တစ်ခုကြာ ထိုသို့ လုပ်ဆောင်ခဲ့သည်ဟု မဆိုလိုပေ။ ယင်းမှာ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ သရုပ်သကန်သည် ယာယီမဟုတ်သကဲ့သို့၊ အသိ သို့မဟုတ် နှုတ်ဖြင့်ပြောသော စကားလုံးများ၌ ရပ်သွားခြင်း မဟုတ်သည်ကို ပြောဆိုနေခြင်းဖြစ်သည်။ ယင်းအစား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးသည် သူ၏စိတ်နှလုံးကို လမ်းပြခဲ့ပြီး၊ သူ၏ အပြုအမူကို ချမှတ်ပေးခဲ့ပြီး ယင်းမှာ သူ၏စိတ်နှလုံးထဲက သူ၏ဖြစ်တည်ခြင်း၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ သူသည် ထိုသို့ အစဉ်ပြုမြဲရှိ၏ ဆိုသည်မှာ သူ၏ စိတ်နှလုံးထဲ၌ သူသည် သူကိုယ်တိုင် ဘုရားသခင်အား ဆန့်ကျင် ပြစ်မှားမိမည်ကို မကြာခဏ ကြောက်ရွံ့ခဲ့ပြီး၊ သူ၏ သားများနှင့် သမီးများက ဘုရားသခင်အား ဆန့်ကျင်ပြစ်မှားမိမည်ကိုလည်း စိုးရွံ့ခဲ့သည်ကို ပြသပေသည်။ ယင်းသည် သူ၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးသည် မည်မျှ လွှမ်းမိုးမှုရှိသည်ကို ကိုယ်စားပြုပေသည်။ သူ၏ စိတ်နှလုံးထဲ၌ သူသည် မကောင်းမှု ကျူးလွန်မိခဲ့ပြီး ဘုရားသခင်အား ဆန့်ကျင်ပြစ်မှားမိမည်၊ ပြီးလျှင် ဘုရားသခင်၏ လမ်းခရီးမှ သွေဖည်သွားပြီး၊ ထိုသို့ဖြင့် ဘုရားသခင်အား မကျေနပ်စေနိုင်ခဲ့မည်ကို စိုးရိမ်ပူပန်ပြီး စိုးရွံ့ခဲ့သောကြောင့်၊ သူသည် ထိုသို့ ထပ်တလဲလဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ သူသည် သူ၏သားများနှင့် သမီးများနှင့်ပတ်သက်၍လည်း ၎င်းတို့က ဘုရားသခင်အား ပုန်ကန်ပြစ်မှားမိမည်ကို ကြောက်ရွံ့လျက် စိုးရိမ်ပူပန်မိခဲ့သည်။ ယင်းမှာ သူ၏ နေ့စဉ် အသက်တာထဲက ယောဘ၏ ပုံမှန်အပြုအမူ ဖြစ်သည်။ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းသည် အနှစ်မဲ့သော စကားလုံးများ မဟုတ်၊ ယောဘသည် ထိုသို့သော လက်တွေ့အရှိတရားတစ်ခုကို အမှန်တကယ် အသက်ရှင်ခဲ့သည်ကို သက်သေပြသည်မှာ ဤပုံမှန်အပြုအမူ အတိအကျ ဖြစ်ပေသည်။ “ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏”- ဤနှုတ်ကပတ်တော်များက ဘုရားသခင်ရှေ့၌ ယောဘ၏ နေ့စဉ်လုပ်ဆောင်မှုများနှင့်သက်ဆိုင်၍ ငါတို့ကို ပြောပြပေသည်။ သူသည် ထိုသို့ ထပ်တလဲလဲ ပြုခဲ့ချိန်တွင်၊ သူ၏အပြုအမူနှင့် သူ၏စိတ်နှလုံးသည် ဘုရားသခင် ရှေ့သို့ ရောက်ရှိခဲ့ပါသလော။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် သူ၏အပြုအမူတို့ကို မကြာခဏ ကျေနပ်အားရ ခဲ့သလော။ သို့ဆိုလျှင် မည်သည့် အနေအထားနှင့် အခြေအနေထဲတွင် ယောဘသည် ထိုသို့ ထပ်တလဲလဲ ပြုခဲ့သနည်း။ လူအချို့က ယင်းမှာ ဘုရားသခင်သည် ယောဘထံ မကြာခဏ ထင်ရှားပြခဲ့ခြင်းကြောင့် သူသည် ထိုသို့ ပြုခဲ့သည်ဟု ဆိုကြသည်၊ အချို့က သူသည် မကောင်းမှုကို ရှောင်ကြဉ်ဖို့ အလိုဆန္ဒရှိခဲ့သောကြောင့် ထိုသို့ သူ ထပ်တလဲလဲ လုပ်ခဲ့သည်ဟု ဆိုကြပြီး အချို့က သူ၏ချမ်းသာကြွယ်ဝခြင်းသည် အလွယ်တကူ ရောက်လာခဲ့ခြင်း မဟုတ်သကဲ့သို့၊ ယင်းမှာ ဘုရားသခင် အပ်နှင်းထားခဲ့ခြင်း ဖြစ်သည်ကို သူ သိခဲ့သောကြောင့် သူသည် ဘုရားသခင်ကို ဆန်ကျင်ပြစ်မှားခြင်း သို့မဟုတ် ပုန်ကန်ပြစ်မှားခြင်း၏ အကျိုးဆက်အဖြစ် သူ၏ ပိုင်ဆိုင်မှုဥစ္စာကို ဆုံးရှုံးရမည်ကို လွန်စွာ စိုးရွံ့ခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်ဟု ဆိုကြလေသည်။ ဤပြောဆိုချက်ထဲမှ တစ်ခုတစ်လေသည် မှန်ကန်ပါသလော။ သိသိသာသာ မမှန်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမြင်တွင် ယောဘနှင့်ပတ်သက်၍ ဘုရားသခင်လက်ခံပြီး ချစ်ခင်အမြတ်နိုးဆုံးမှာ သူသည် ထိုသို့ ထပ်တလဲလဲ လုပ်ခဲ့ခြင်းသာ မဟုတ်ပေ၊ ထိုထက်ပို၍၊ ယင်းမှာ သူသည် စာတန်၏လက်သို့ လွဲအပ်ခံခဲ့ရပြီး စုံစမ်းနှောင့်ယှက်ခံရချိန်တွင် ဘုရားသခင်၊ လူနှင့် စာတန်ရှေ့၌ သူ၏အပြုအမူဖြစ်သည်။ အောက်ဖော်ပြပါ အခန်းများသည် ယောဘအား ဘုရားသခင် အကဲဖြတ်ခြင်း၏ အမှန်တရားကို ပြသသည့် အထောက်အထားဖြစ်သည့်၊ ယုံကြည်လောက်ဖွယ် အဖြစ်ဆုံးသော အထောက်အထားကို ပေးလေသည်။ ဆက်လက်၍ အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ