ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၆
ဘုရားသခင်၏စီမံခန့်ခွဲမှုအလုပ်သည် ကမ္ဘာကိုဖန်ဆင်းချိန်က စတင်ခဲ့ပြီး လူသားသည် ဤအလုပ်၏ ဗဟိုအချက်အချာတွင်ရှိသည်။ ဘုရားသခင်၏ အရာအားလုံးကို ဖန်ဆင်းမှုသည် လူသားအတွက်ဟုပြောနိုင်သည်။ သူ၏ စီမံခန့်ခွဲမှုအလုပ်သည် နှစ်ပေါင်းများစွာ ရှည်ကြာပြီး မိနစ် သို့မဟုတ် စက္ကန့် အနည်းငယ်အတွင်း၊ မျက်စိတစ်မှိတ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်သဖြင့် သူသည် လူသားများ အသက်ရှင်နေနိုင်ရေးအတွက် လိုအပ်သည့် နေ၊ လ၊ သတ္တဝါအမျိုးမျိုး၊ အစာနှင့် သက်ရှိပတ်ဝန်းကျင် အစရှိသည်တို့ကို လူသားတို့အတွက် ဖန်ဆင်းခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်စီမံခန့်ခွဲမှု အစ ဖြစ်သည်။
၎င်းနောက် ဘုရားသခင်သည် လူသားကို စာတန်လက်ထဲအပ်နှံခဲ့ရပြီး လူသားသည် စာတန်၏ ပိုင်နက်တွင်နေခဲ့ကာ ဤမှသည် ဘုရားသခင်အမှု၏ ပထမဆုံးခေတ်သို့ တဖြည်းဖြည်း ရောက်ရှိသွားသည်- ပညတ်တော်ခေတ်၏ ဇာတ်လမ်း။...ပညတ်တော်ခေတ်၏ နှစ်ထောင်ပေါင်း အချို့ကာလတွင် လူသားတို့သည် ပညတ်တော်ခေတ်၏ လမ်းညွှန်မှုနှင့် ယဉ်ပါးသွားကာ ၎င်းကို ပေါ့ပေါ့တန်တန် စတင်သဘောထားလာကြပြီး တဖြည်းဖြည်းနှင့် ဘုရားသခင်၏စောင့်ရှောက်မှုမှ ခွဲခွာလာခဲ့ကြသည်။ ထို့ကြောင့် ပညတ်တော်ကို လိုက်နာနေစဉ်တွင် ၎င်းတို့သည် ရုပ်ဝတ္ထုများကို ကိုးကွယ်ကြကာ မကောင်းမှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ အကာအကွယ် မရှိတော့ဘဲ ဗိမာန်တော်၏ ယဇ်ပလ္လင်ရှေ့တွင် အသက်ရှင်နေရုံမျှသာ နေထိုင်သွားကြသည်။ အကယ်စင်စစ် ဘုရားသခင်၏အမှုတော်သည် ၎င်းတို့ကို ထားခဲ့သည်မှာ ကာလကြာမြင့်ခဲ့သည်ဖြစ်ပြီး ဣသရေလတို့က ပညတ်တော်များကို ဆက်လက်နာခံနေခြင်း၊ ယေဟောဝါ၏ အမည်ကို ပြောဆိုနေခြင်းများ ပြုလုပ်၍ ၎င်းတို့သာလျှင် ယေဟောဝါ၏ ရွေးချယ်ခံရသူများဟု ဂုဏ်ယူစွာ ယုံကြည်ကြသော်လည်း ဘုရားသခင်၏ ဘုန်းတော်သည် ၎င်းတို့ကို တိတ်တဆိတ် စွန့်ပစ်ခဲ့ပြီဖြစ်သည်။...
ဘုရားသခင်သည် အမှုတော်ဆောင်ရွက်သည့်အခါ တစ်နေရာကို အမြဲတိတ်တဆိတ် စွန့်ခွာလျက် နောက်တစ်နေရာတွင် အမှုတော်သစ်ကို ညင်သာစွာ စတင်ဆောင်ရွက်ပါသည်။ ဤသည်မှာ ထုံနေသော လူသားတို့အတွက် မယုံကြည်နိုင်စရာဖြစ်နေသည်။ လူတို့သည် ဟောင်းသောအရာများကို အမြဲ တန်ဖိုးထား၍ ရင်းနှီးမှုမရှိသော အရာသစ်များအပေါ် ရန်လိုစိတ်ရှိကြသည်။ သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်စရာဟု မြင်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် မည်သည့်အမှုတော်သစ်ကို ဆောင်ရွက်သည်ဖြစ်စေ အစမှအဆုံး လူသားသည် အရာအားလုံးအနက် နောက်ဆုံးမှ သိရခြင်းဖြစ်သည်။
အမြဲဖြစ်ရိုးဖြစ်စဉ်အတိုင်း ပညတ်တော်ခေတ်တွင် ယေဟောဝါ၏အမှုတော်ပြီးနောက် ဘုရားသခင်သည် သူ့အမှုတော်၏ ဒုတိယအဆင့်ကို စတင်သည်- လူ့ဇာတိကိုခံယူကာ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် လူသားအသွင် ခံယူပြီး ယုံကြည်သူများအကြား စကားပြောခြင်း၊ အမှုတော်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ခြွင်းချက်မရှိ၊ မည်သူမျှမသိခဲ့ပါ။ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် သံမှိုအရိုက်ခံရကာ ရှင်ပြန်ထမြောက်ပြီး နောက်တွင် လူအနည်းငယ်သာလျှင် သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။...ကားစင်တင်ခံရပြီးနောက် ဘုရားသခင်၏အမှုတော် ဒုတိယအဆင့် ပြီးဆုံးသွားသည်နှင့် လူသားကို အပြစ်မှကယ်ယူသည့် ဘုရားသခင်၏အမှုတော် (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်း) ပြီးမြောက်သွားသည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားတို့သည် ၎င်း၏ အပြစ်များဖြေလွှတ်ရန် သခင်ယေရှုကို ကယ်တင်ရှင်ဟု လက်ခံရန်သာ ရှိပါတော့သည်။ သဘောပြောရလျှင် လူသား၏အပြစ်များသည် ကယ်တင်ခြင်းရရှိရေးနှင့် ဘုရားသခင် ရှေ့မှောက်လာရေးတွင် အတားအဆီး မဟုတ်တော့ဘဲ စာတန်က လူသားကို စွပ်စွဲရန်လည်း အသုံးမပြုနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် စစ်မှန်သည့်အမှုတော်ထမ်းဆောင်၍ အပြစ်ရှိသည့် ဇာတိပကတိသဏ္ဌာန်နှင့် နမူနာကိုခံယူကာ ဘုရားသခင်ကိုယ်တိုင်သည် အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင် လူ့ဇာတိ၏ ကျေးဇူးတော်၊ အပြစ်ရှိသည့် ဤလူ့ဇာတိ အသွင်သဏ္ဌာန်၏ ကျေးဇူးတော်ကြောင့် လူသားသည် ရွေးနုတ်ကယ်တင်ခံရပြီးနောက် လက်ဝါးကပ်တိုင်မှ ဆင်းသက်လာခဲ့သည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးမှုခံရပြီးနောက် လူသားသည် ဘုရားသခင်ရှေ့တော်တွင် ကယ်တင်ခြင်းလက်ခံရရှိရန် ခြေတစ်လှမ်း ပိုနီးကပ်လာသည်။ အမှုတော်၏ ဤအဆင့်မှာ ပညတ်တော်ခေတ်မှ ရှေ့တစ်ဆင့်လှမ်းသော ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်ပြီး ပညတ်တော်ခေတ်ထက် ပို၍လေးနက်သည့် အဆင့်တွင် ရှိသည်မှာ မှန်ပေသည်။
ဘုရားသခင်ဟူသည်ကိုမသိသော၊ ဖန်ဆင်းရှင်ဟူသည်ကို မသိသော၊ ဘုရားသခင်ကို မည်သို့ ကိုးကွယ်ရမည်ကို မသိသော၊ ဘုရားသခင်ကို အဘယ်ကြောင့် ကျိုးနွံနာခံရန်လိုအပ်သည်ကို မသိသော လူသားတို့ကို စာတန်လက်ထဲ လွှဲအပ်ပြီး စာတန်၏အကျင့်ပျက်မှုကို လွှတ်ထားပေးရန်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ထို့နောက် လူသားသည် ဘုရားသခင်ကို လုံးဝကိုးကွယ်၍ စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ကယ်နုတ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်တို့အားလုံးမှာ ဒဏ္ဍာရီပုံပြင်ဆန်ပြီး စိတ်ရှုပ်ဖွယ် ဖြစ်သည်။ ၎င်းတို့သည် ဤစကြဝဠာအနှံ့တွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ခဲ့သည်ကို သိရန်မဆိုထားနှင့် လွန်ခဲ့သည့် နှစ်ထောင်ပေါင်း အချို့အတွင်း လူသားအပေါ် မည်မျှဖြစ်ခဲ့သည်ကို လုံးဝမသိသဖြင့် ဤသည်ကို ဒဏ္ဍာရီကဲ့သို့ ထင်ရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏တာရှည်မခံသော မျက်လုံးများမှ မမြင်နိုင်အောင် တားဆီးထားသည့်အတွက် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာလောကထက် ကျော်လွန်၍တည်ရှိပြီး ပို၍ပင်အံ့သြစရာကောင်းကာ ပို၍ကြောက်စရာကောင်းသည့် ကမ္ဘာလောကကို ပြည့်စုံစွာ နားမလည်နိုင်ခြင်း ကြောင့်ဖြစ်သည်။ လူသားအတွက် ဤသည်မှာ နားမလည်နိုင်စရာဟု ထင်ရသည်။ ဤသည်မှာလည်း လူသားသည် လူသားတို့ကို ဘုရားသခင်ကယ်တင်ခြင်း၏ အရေးပါပုံနှင့် ဘုရားသခင်စီမံခန့်ခွဲမှုအမှုတော်၏ အရေးပါပုံတို့ကို နားမလည်ခြင်း၊ ဘုရားသခင်သည် လူသားတို့ကို အဆုံးတွင် မည်သို့ဖြစ်စေချင်သည်ကို နားမလည်ခြင်းတို့ကြောင့်ဖြစ်သည်။ လူသားတို့သည် အာဒံနှင့် ဧဝတို့နှင့် အမျိုးတော်ကာ စာတန်၏ ဖျက်ဆီးမှု မခံရသူများလား။ မဟုတ်ပါ။ ဘုရားသခင်၏စီမံခန့်ခွဲမှုသည် ဘုရားသခင်ကို ကိုးကွယ်ကာ ကျိုးနွံနာခံသည့်လူတစ်စု ရရှိရန်အတွက်ဖြစ်သည်။ ဤလူသားတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသော်လည်း စာတန်ကို ၎င်း၏ဖခင်ဟု မမြင်တော့ပါ။ စာတန်၏ အကျည်းတန်သည့် မျက်နှာကိုသိကာ ၎င်းကိုငြင်းပယ်ပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို နာခံရန် ဘုရားသခင်၏ ရှေ့တော်သို့ လာရောက်သည်။ မည်သည်က အကျည်းတန်ကြောင်း၊ ၎င်းသည် သန့်ရှင်းသည့် အရာနှင့် မည်သို့ကွာကြောင်းကို သူသိပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ဆိုးသွမ်းမှုတို့ကို သူသိသည်။ ဤသို့သော လူသားတို့သည် စာတန်အတွက် အလုပ်မလုပ်တော့ပါ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်တော့ပါ၊ သို့တည်းမဟုတ် စာတန်ကို အမြတ်တနိုး တန်ဖိုးမထားတော့ပါ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရရှိလိုက်သည့် လူတစ်စုဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လူသားများကို စီမံခန့်ခွဲမှု၏ အရေးပါသည့်အချက်ဖြစ်သည်။ ထိုအချိန် ဘုရားသခင်၏စီမံခန့်ခွဲမှု အမှုတော်ကာလတွင် လူသားသည် စာတန်၏ ဖျက်ဆီးခြင်းခံရာဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ကယ်တင်ခြင်းခံရာဖြစ်သကဲ့သို့ ဘုရားသခင်၏ ထုတ်ကုန်ဖြစ်ပြီး စာတန်က ရယူရေးအတွက် တိုက်ပွဲဝင်ရာလည်းဖြစ်၏။ အမှုတော်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် လူသားကို စာတန်လက်မှ တဖြည်းဖြည်း ကယ်နုတ်သည့်အတွက် လူသားသည် ဘုရားသခင်နှင့် ပို၍ပင်နီးကပ်လာသည်...
ထို့နောက် ကောင်းကင်နိုင်ငံတော်ခေတ် ရောက်လာပါသည်။ ဤခေတ်မှာ အမှုတော်၏ပို၍ လက်တွေ့ကျသောအဆင့်နှင့် လူသားများအနေဖြင့် လက်ခံရန်အခက်ခဲဆုံး အဆင့်ဖြစ်သည်။ ဤသည်မှာ လူသားသည် ဘုရားသခင်နှင့်နီးကပ်လေလေ၊ ဘုရားသခင်၏ တောင်ဝှေးတော်သည် လူသားအနားကို ပိုမို ချဉ်းကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏မျက်နှာတော်မှာ လူသားရှေ့တွင် ပိုမိုရှင်းလင်းစွာ ပေါ်လာလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားတို့သည် ရွေးနုတ်ခံရပြီးနောက် ဘုရားသခင်၏မိသားစုထံ တရားဝင် ပြန်သွားလေသည်။ ဤသည်မှာ ပျော်ရွှင်စရာအချိန်ဟု လူသားကယူဆသော်လည်း မည်သူကမျှ ကြိုတင် မမြင်ခဲ့သော ဘုရားသခင်၏ တိုက်ရိုက်တိုက်ခိုက်မှုကို ၎င်းခံရသည်။ အကယ်စင်စစ် ဤသည်မှာ ဘုရားသခင်၏လူတို့ “ပျော်မွေ့ရန်” ဗတ္တိဇံတစ်ရပ်ဖြစ်သည်။ ဤသို့သော ဆက်ဆံမှုအောက်တွင် လူသားတို့သည် အခြားလမ်းမရှိဘဲ ငါသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သိုးသငယ်ဖြစ်ပြီး ဘုရားသခင်က အကုန်အကျများစွာဖြင့် ပြန်လည်ဝယ်ယူထားသူဖြစ်သည်၊ သို့ဖြစ်လျှင် ဘုရားသခင်သည် ငါ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း၊ ဘုရားသခင် ငါ့ကို လှောင်ပြောင်ရယ်မောနေသလော၊ ငါ့ကို ထုတ်ဖော်နေသလောဟုသာ ရပ်၍စဉ်းစားရန်ရှိတော့သည်။...နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် သန့်စင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း အခက်အခဲများကို ခံရပြီးနောက် ခံနိုင်ရည်ရှိသွားပြီ ဖြစ်သည်။ အတိတ်က “ဘုန်းတန်ခိုး” နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့ ပျောက်ဆုံးသွားပြီ ဖြစ်သော်လည်း မသိစိတ်ကမူ လူသားတစ်ဦး ဖြစ်ရခြင်း၏ သမ္မာတရားကို နားလည်လာပြီး လူသားတို့ကို ကယ်တင်ရေးအတွက် ဘုရားသခင်၏ နှစ်ပေါင်းများစွာ ပေးအပ်လုပ်ဆောင်မှုကို ကျေးဇူးတင်လာသည်။ တဖြည်းဖြည်းနှင့် လူသားသည် ၎င်းကိုယ်တိုင်၏ ရိုင်းပျကြမ်းတမ်းမှုကို ရွံရှာစက်ဆုပ်လာသည်။ သူမည်မျှရိုင်းစိုင်းသည်ကို စတင်မုန်းတီးလာသည်။ ဘုရားသခင်အပေါ် အထင်လွဲမှားမှုများအားလုံး၊ ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလာသည်။ အချိန်ကို နောက်ကြောင်းပြန်လှည့်၍မရပါ။ အတိတ်မှ အဖြစ်အပျက်များသည် လူသားအတွက် နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မေတ္တာတို့သည် လူသား၏ဘဝသစ်အတွက် တွန်းအားများဖြစ်လာသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းလာသည်၊ ခွန်အားပြန်ရှိလာပြီး မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာတော်ကို ဖူးမျှော်သည်...ထိုအခါ သူသည် မိမိ၏အနားတွင် အစဉ်ရှိကြောင်းနှင့် သူ၏အပြုံးနှင့် လှပသောမျက်နှာတို့သည် စိတ်နှလုံးကို လှုပ်ရှားစေနိုင်ဆဲဖြစ်ကြောင်းတို့ကိုသာ တွေ့လိုက်ရသည်။ သူ၏စိတ်နှလုံးသည် သူဖန်ဆင်းခဲ့သော လူသားတို့အတွက် စိုးရိမ်စိတ်ရှိနေဆဲဖြစ်ပြီး လက်များသည် အစအဦးကကဲ့သို့ နွေးထွေးဆဲ၊ တန်ခိုးရှိဆဲဖြစ်သည်။ လူသားသည် ဧဒင်ဥယျာဉ်သို့ ပြန်ရောက်နေသည့်အလားဖြစ်သည်။ သို့သော် ဤအကြိမ်တွင် မြွေ၏ဖြားယောင်းသွေးဆောင်မှုများကို လူသား နားမထောင်တော့ပါ။ ယေဟောဝါ၏ မျက်နှာမှ လှည့်မသွားတော့ပါ။ ဘုရားသခင်ရှေ့မှောက် လူသား ဒူးထောက်ကာ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး မိမိ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်သည်— အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။
ဘုရားသခင်၏မေတ္တာနှင့် ကရုဏာသည် သူ၏စီမံခန့်ခွဲမှုအမှုတော်၏ အသေးစိတ် တစ်ခုစီအတွင်း စိမ့်ဝင်ပျံ့နှံ့သွားပြီး လူသားများ ဘုရားသခင်၏စေတနာကို နားလည်နိုင်ခြင်းရှိမရှိကို အမှုမပြုဘဲ သူသည် ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုတော်ကို မမောမပန်း ဆောင်ရွက်နေဆဲ ဖြစ်သည်။ ဘုရားသခင်၏အစီအမံကို လူသားတို့မည်မျှနားလည်သည်နှင့် မသက်ဆိုင်ဘဲ ဘုရားသခင်အမှုတော်၏ အကျိုးကျေးဇူးများနှင့် အကူအညီကို လူတိုင်းနားလည်နိုင်ပါသည်။ ယနေ့ သင်သည် ဘုရားသခင်ကပေးသော မေတ္တာကိုသော်လည်းကောင်း၊ ဘုရားသခင်ကပေးသော အသက်ကိုသော်လည်းကောင်း၊ မခံစားရဘဲ ရှိကောင်းရှိနေပါမည်။ သို့သော် ဘုရားသခင်ကို သင်မစွန့်လွှတ်သရွေ့ သမ္မာတရားကို ရှာဖွေရန် သင်၏ဆုံးဖြတ်ချက်အပေါ် အရှုံးမပေးသရွေ့ ဘုရားသခင်၏အပြုံး သင့်အပေါ်ထင်ရှားသည့်တစ်နေ့ အမြဲ ရှိနေပါမည်။ အကြောင်းမှာ ဘုရားသခင်အမှုတော်စီမံခန့်ခွဲမှု၏ ရည်မှန်းချက်မှာ စာတန်၏ ပိုင်နက်အတွင်း ရောက်နေသောလူသားတို့ကို ကယ်တင်ရန်၊ စာတန်၏ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး ဘုရားသခင်ကိုဆန့်ကျင်သော လူသားတို့ကို ပစ်မထားရန်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်