ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၅
ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက် စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံး လမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့်အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။
ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။
သောဒုံမြို့သည် ဘုရားသခင်၏ အမျက်တော်ကို ထိခိုက်သည့်အတွက် ဖျက်ဆီးခံရဖို့ ဖြစ်လာသည်
သောဒုံမြို့က လူများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါမှာ သူတို့ လာရခြင်းအကြောင်းကို မမေးခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို ဖြန့်ဝေဖို့ သူတို့လာခဲ့ကြခြင်းလားဆိုသည်ကိုလည်း မမေးခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ဆူပူသောင်းကျန်းသည့်လူအုပ်ကြီးဖြစ်လာပြီး ရှင်းပြချက်ကို မစောင့်ဘဲ ဤအစေခံနှစ်ယောက်ကို ခွေးရိုင်းများ သို့မဟုတ် ကြမ်းတမ်းရက်စက်သည့် ဝံပုလွေများကဲ့သို့ အမိဖမ်းဖို့ ရောက်လာခဲ့ကြသည်။ ဘုရားသခင်က ၎င်းတို့ ဖြစ်ပျက်နေချိန်မှာ စောင့်ကြည့်နေခဲ့သလော။ ဤကဲ့သို့လူသားအပြုအမူ၊ ဤအရာမျိုးနှင့်ပတ်သက်ပြီး ဘုရားသခင်က သူ့နှလုံးသားမှာ မည်သည်ကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်က ဤမြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့သည်။ သူက တွန့်ဆုတ်ခြင်း၊ သို့မဟုတ် စောင့်နေခြင်းမျိုး လုပ်မှာမဟုတ်သကဲ့သို့ ဆက်ပြီး စိတ်ရှည်သည်းခံနေမှာလည်း မဟုတ်ပေ။ သူ၏နေ့ရက်က ရောက်လာပြီ။ ထို့ကြောင့် သူလုပ်လိုသည့် အလုပ်ကို ပြင်ဆင်သည်။ ထို့ကြောင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ မှာ ပြောထားသည်။ “ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။” ဤကျမ်းပိုဒ်နှစ်ပိုဒ်က ဤမြို့ကို ဘုရားသခင်ဖျက်ဆီးသည့် နည်းလမ်းကို လူတို့အား ပြောပြသည်။ ဘုရားသခင်က ဘာကို ဖျက်ဆီးသည်ဆိုသည်ကိုလည်း လူတို့အား ပြောပြသည်။ ပထမဆုံး ဘုရားသခင်က ဤမြို့ကို မီးနှင့် လောင်ကျွမ်းစေပုံ၊ မီး၏ ပမာဏက လူတို့အားလုံးနှင့် မြေပြင်မှာပေါက်သည့်အရာတွေအားလုံးကို ဖျက်ဆီးဖို့ လုံလောက်ပုံကို သမ္မာကျမ်းစာမှာ ပြန်လည်ဖော်ပြထားသည်။ ဆိုလိုသည်မှာ မိုးကောင်းကင်မှ ကျလာသည့် မီးသည် မြို့ကို ဖျက်ဆီးရုံတင်မကဘဲ မြို့ထဲက လူအားလုံးနှင့် အသက်ရှင်သည့်အရာအားလုံးကိုလည်း ဖျက်ဆီးခဲ့သည်။ အားလုံး ဘာတစ်ခုမျှ မကျန်ရစ်ပေ။ မြို့ကို ဖျက်ဆီးပြီးနောက်မှာ မြေပြင်မှာ အသက်ရှင်သည့်အရာ ဘာမျှ မရှိတော့ပေ။ သက်ရှိမရှိသကဲ့သို့ ရှိသည့်အရိပ်အယောင်လည်း မရှိပေ။ မြို့သည် စွန့်ပစ်နယ်မြေဖြစ်လာပြီး တိတ်ဆိတ်မှုနှင့် ပြည့်နေသည့် ဘာမှမရှိသည့် နေရာဖြစ်လာခဲ့သည်။ ဤနေရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် မကောင်းသည့်လုပ်ရပ်များ ရှိမှာမဟုတ်တော့ပေ။ သတ်ဖြတ်ခြင်းများ သို့မဟုတ် သွေးစွန်းခြင်းများ ရှိမှာမဟုတ်တော့ပေ။
ဘုရားသခင်က ဘာကြောင့် ဤမြို့ကို သေသေချာချာ မီးရှို့ပစ်ချင်ခဲ့သနည်း။ ဤနေရာမှာ သင်တို့ ဘာကိုတွေ့နိုင်သနည်း။ ဘုရားသခင်က သူကိုယ်တိုင် ဖန်ဆင်းထားသည့်အရာများဖြစ်သည့် လူသားမျိုးနွယ်နှင့် သဘာဝကို ဤကဲ့သို့ဖျက်ဆီးခံရခြင်းကို ကြည့်နိုင်ပါ့မည်လော။ မိုးကောင်းကင်မှ ကျရောက်လာသည့် မီးမှတဆင့် ယေဟောဝါဘုရားသခင်၏ ဒေါသကို သင်သိမြင်နိုင်လျှင် သူ၏ဖျက်ဆီးမှု ဦးတည်ချက်မှတဆင့်၊ ဤမြို့ ဖျက်ဆီးခံရသည့် အဆင့်မှတဆင့် သူ၏ဒေါသအဆင့်ကို သိမြင်ဖို့ မခက်ခဲပေ။ ဘုရားသခင်က မြို့တစ်မြို့ကို စက်ဆုပ်ရွံရှာသည့်အခါ သူ၏ အပြစ်ဒဏ်ခတ်မှုကို ဤမြို့ပေါ်မှာ သူကျရောက်စေမှာပင်ဖြစ်သည်။ ဘုရားသခင်က မြို့တစ်မြို့ကို ရွံရှာစိတ်ပျက်သည့်အခါ သူသည် လူတို့အား သူ၏ဒေါသကို အသိပေးရင်း၊ သတိပေးချက်များကို ထပ်ခါထပ်ခါ ထုတ်ပြလိမ့်မည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို အဆုံးသတ်ဖို့၊ ဖျက်ဆီးဖို့ ဆုံးဖြတ်သည့်အခါ၌၊ ဆိုလိုသည်မှာ သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ထိခိုက်ခံရလျှင် သူသည် နောက်ထပ်ပြစ်ဒဏ်ခတ်ခြင်းများ သို့မဟုတ် သတိပေးခြင်းများကို ပြုလုပ်မှာမဟုတ်ပေ။ ထိုအစား ထိုမြို့ကို တိုက်ရိုက် ဖျက်ဆီးမှာဖြစ်ပါသည်။ လုံးဝ ပျောက်ကွယ်သွားအောင် သူလုပ်လိမ့်မည်။ ဤသည်မှာဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားပင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)