စာရင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၃ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၃
00:00/ 00:00

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၃

00:00
00:00

လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် သုတပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့် သုတပညာသည် လူသားတို့ကို အုပ်စိုးရန် နည်းလမ်းများ ဖြစ်လာခဲ့ပြီး လူတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လိုခြင်း မရှိတော့ဘဲ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်အတွက် အခြေအနေများလည်း မပေးတော့ပေ။ ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင် တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့သည်။ ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးနယ်မှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။ သို့နှင့် လူတို့၏ စိတ်နှလုံးအလိုကို ဖြည့်ဆည်းရန်အတွက် လူမှုသိပ္ပံသီအိုရီများ၊ လူသားဆင့်ကဲဖြစ်စဉ်သီအိုရီနှင့် ဘုရားသခင်က လူကိုဖန်ဆင်းခဲ့သည့် အမှန်တရားကို ဆန့်ကျင်သည့် အခြားသော သီအိုရီများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာပေါ်ထွက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်သူများမှာ ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်းကာလအတွင်း ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များအကြောင်း သမိုင်းမှတ်တမ်းများကို စိတ်ကူးယဉ် ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားလာသောသူတို့ တစ်နေ့တခြား သာ၍များလာကြသည်။ လူများသည် ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကောင်းမြတ်မှု၊ ဘုရားသခင် ရှိတော်မူခြင်းနှင့် အရာရာအပေါ် အုပ်စိုးခြင်းအပေါ် သက်ဝင်ယုံကြည်မှုတို့ကို သတိမမူကြတော့ပါ။ လူသားတို့၏ ဆက်လက်ရှင်သန်မှုနှင့် တိုင်းနိုင်ငံများ၏ ကံကြမ္မာတို့သည်လည်း ၎င်းတို့အတွက် အရေးပါခြင်း မရှိတော့ပေ။ လူတို့သည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့ကိုသာ အလေးထားသော အနှစ်သာရကင်းမဲ့သည့် လောကကြီးတွင် နေထိုင်ကြလေသည်။...အနည်းငယ်သော လူတို့သည် ယနေ့ ဘုရားသခင် အလုပ်လုပ်တော်မူသည့် နေရာကို ရှာဖွေရန် သို့မဟုတ် လူသားတို့၏ ဘဝခရီးပန်းတိုင်ကို ဘုရားသခင် မည်သို့ ဦးဆောင်ပြီး ပြင်ဆင်ပေးမည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု မှတ်ယူထားကြသည်။ ဤနည်းဖြင့် လူသားတို့က သိရှိခြင်းမရှိဘဲနှင့် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် လူသားတို့၏ လိုအင်ဆန္ဒများနှင့်ညီရန် သာ၍သာ၍ မစွမ်းနိုင်ဘဲ ဖြစ်လာကာ ဤလောကတွင် နေထိုင်ရသည်မှာ သွားလေသူတို့လောက် ပျော်ရွှင်မှုမရဟု ခံစားနေကြသောသူများ အများအပြားပင် ရှိလေသည်။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုကဲ့သို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆိုကြသည်။ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှု မရှိသောကြောင့် နိုင်ငံအုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် ခေတ်မီလူမှုအဖွဲ့အစည်းကို ထိန်းသိမ်းထားရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ အချည်းနှီးပင်ဖြစ်သည်။ လူသားတို့၏ လစ်ဟာနေသော နှလုံးသားကို မည်သူမျှ ဖြည့်ဆည်းခြင်းငှာ မစွမ်းသာပါ။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ လူသား၏ဘဝ မဖြစ်နိုင်၊ သူ့အား ဖိစီးနှိပ်စက်နေသော ဤလစ်ဟာနေမှုကို မည်သည့် လူမှုသီအိုရီကမျှ မလွတ်ငြိမ်းစေနိုင်သောကြောင့် ဖြစ်ပါသည်။ သိပ္ပံပညာ၊ သုတပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ သက်သောင့်သက်သာရှိခြင်း၊ ယင်းတို့မှာ ယာယီအနားရခြင်းသာ ဖြစ်ပါသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားတို့သည် မလွဲဧကန် အပြစ်ကျူးလွန်ကြလိမ့်မည် ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားနေကြလိမ့်မည်။ ဤအရာများက လူသားတို့၏ တောင့်တမှုနှင့် စူးစမ်းစစ်ဆေးလိုသည့်ဆန္ဒကို မချုပ်ထိန်းနိုင်ပေ။ အကြောင်းမှာ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသားများ၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍ပင် စိတ်သောကများစေနိုင်ပါသည်။ လူသားတို့သည် အမြဲ ကြောက်ရွံ့နေမည်ဖြစ်ပြီး လူသားတို့၏ နောင်လာမည့်အနာဂတ်ကို မည်သို့ ရင်ဆိုင်ရမည် သို့မဟုတ် ထိုလမ်းကြောင်းကို မည်သို့ ရင်ဆိုင်ရမည်ကို သိလိမ့်မည်မဟုတ်ပါ။ လူသားတို့သည် သိပ္ပံနှင့် သုတပညာတို့ကိုပင် ကြောက်ရွံ့လာမည်ဖြစ်ပြီး မိမိအထဲ၌ လစ်ဟာနေခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာမည်ဖြစ်သည်။ ဤကမ္ဘာကြီးတွင် သင်သည် လွတ်လပ်သောနိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ လူ့အခွင့်အရေးမရှိသည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ သင့်အနေဖြင့် လူသားတို့၏ ကံကြမ္မာမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပါ။ သင်သည် အုပ်ချုပ်သူဖြစ်စေ၊ အုပ်ချုပ်ခံဖြစ်စေ လူသားတို့၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ဘဝခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုခြင်းမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပါ။ စိတ်ရှုပ်ထွေးစေသော လစ်ဟာမှုခံစားချက်မှ လွတ်မြောက်ရန်မှာ သာ၍ပင် ခက်ပါလိမ့်မည်။ လူသားအားလုံးတွင် ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်သည်၊ သို့သော် ထိုပြဿနာများကို မည်သည့် မဟာလူသားကမျှ မဖြေရှင်းနိုင်ပါ။ အဆုံးမှာတော့ လူသားဆိုသည်မှာ လူသားသာ ဖြစ်ပေသည်။ ဘုရားသခင်၏ နေရာနှင့် အသက်တာကို မည်သည့် လူသားကမျှ အစားထိုးနိုင်ခြင်း မရှိပါ။ လူသားတို့သည် လူတိုင်း အစာရေစာဝလင်လျက် သာတူညီမျှမှုနှင့် လွတ်လပ်ခြင်းတို့ ပါဝင်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့၏ဘဝအတွက် ဘုရားသခင်၏ ထောက်မမှုတို့ကိုလည်း လိုအပ်ပါသည်။ ဘုရားသခင်အထံတော်မှ ကယ်တင်ခြင်းနှင့် အထောက်အပံ့တို့ကို လက်ခံရရှိပြီးမှသာ လူသားတို့၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန်ဆန္ဒနှင့် ဝိညာဉ်ရေးရာလစ်ဟာမှုတို့ကို ဖြေရှင်းပြေလည်စေနိုင်မည် ဖြစ်သည်။ နိုင်ငံတစ်ခု သို့မဟုတ် တိုင်းပြည်တစ်ခုမှ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို ခံယူရန် မတတ်နိုင်ပါက ထိုတိုင်းနိုင်ငံသည် အမှောင်လောကဆီသို့ ပျက်စီးရာ လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကိုလည်း ခံရပေမည်။

သင့်နိုင်ငံသည် လောလောဆယ် အောင်မြင်ကြီးပွားနေသည်ဟု ဆိုကောင်းဆိုနိုင်ပါသည်။ သို့သော် သင့်ပြည်သူများကို ဘုရားသခင်အထံတော်မှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက သင့်နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ဆုံးရှုံးမှု များလာသည်ကို မြင်လာရလိမ့်မည်။ သင့်နိုင်ငံ၏ ခေတ်မီသော လူမှုအဖွဲ့အစည်းကြီးသည်လည်း ခြေဖဝါးအောက်တွင် ချနင်းခံရမှု တိုးပွားလာလိမ့်မည်ဖြစ်ပြီး မကြာမီ လူများတို့သည် ဘုရားသခင်အား ဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ သို့နှင့် နိုင်ငံတစ်ခု၏ ကံကြမ္မာသည် ပျက်စီးဆုံးရှုံးခြင်းသို့ အမှတ်တမဲ့ ကျရောက်လိမ့်မည်။ ဘုရားသခင်၏ကျိန်ခြင်းကို ခံရသော ထိုနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်သည် အင်အားကြီးနိုင်ငံများကို မြှင့်တင်ပေးလိမ့်မည်။ ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားပင် ပစ်နိုင်သည်။ နိုင်ငံတစ်ခု တိုးတက်ခြင်း၊ ကျဆုံးခြင်းတို့သည် ထိုနိုင်ငံကို အုပ်ချုပ်သူများ ဘုရားသခင်ကို ကိုးကွယ်မှု ရှိမရှိနှင့် ပြည်သူများကို ဘုရားသခင်နှင့် နီးကပ်စေအောင်၊ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်အောင် ဦးဆောင်နိုင်ခြင်း ရှိမရှိ တို့အပေါ် အခြေခံသည်။ သို့ပင်လျှင် ဤနောက်ဆုံးသောကာလတွင် ဘုရားသခင်အား အမှန်တကယ် ရှာဖွေဆည်းကပ်သောသူများမှာ ပို၍ရှားပါးလာသည့်အတွက် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများကို ဘုရားသခင်သည် အထူးမျက်နှာသာ ပေးထားပါသည်။ ဘုရားသခင်သည် ယင်းတို့ကို ကမ္ဘာ့ဖြောင့်မှန်သောအဖွဲ့အဖြစ် ဖွဲ့စည်းရန် စုစည်းထားရာ ဘာသာမဲ့နိုင်ငံများနှင့် စစ်မှန်သောဘုရားသခင်ကို မကိုးကွယ်မဆည်းကပ်သောသူများသည် ဖြောင့်မှန်သောအဖွဲ့နှင့် ဆန့်ကျင်ဘက် ဖြစ်လာသည်။ ဤနည်းဖြင့် ဘုရားသခင်အထံတော်တွင် လူသားတို့အကြားတွင် မိမိ၏ အလုပ်ကို လုပ်ဆောင်သည့် နေရာတစ်ခု ရှိသည်သာမက ဘုရားသခင်ကို ဆန့်ကျင်သည့် နိုင်ငံများအပေါ် အရေးယူမှုများနှင့် ကန့်သတ်ချက်များ ပြဋ္ဌာန်းရန်အတွက် ဖြောင့်မတ်သော အာဏာ စီရင်ရေးကို ကျင့်သုံးသော နိုင်ငံများလည်း ရှိပါသည်။ ဤသို့ဖြစ်စေကာမူ ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်ရန် ရှေ့တော်သို့ လာရောက်သည့်သူမှာ ပိုများမလာပါ၊ အကြောင်းမှာ လူသားတို့သည် ဘုရားသခင်နှင့် အလွန်ဝေးကွာစွာ ရှောင်ဖယ်နေကြပြီး လူသားတို့၏ အတွေးထဲတွင် ဘုရားသခင် မရှိခဲ့သည်မှာ လွန်စွာကြာခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ဖြောင့်မတ်မှုကို ကျင့်သုံး၍ မဖြောင့်မှန်မှုကို ဆန့်ကျင်သော နိုင်ငံများသည်သာ ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိနေပါမည်။ သို့သော် ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ဝေးနေသေးပြီး မည်သည့်နိုင်ငံအုပ်ချုပ်သူကမျှ ၎င်းတို့၏ ပြည်သူများအား ဘုရားသခင်၏ ဦးဆောင်မှုကို ခံယူရန် ခွင့်ပြုမည်မဟုတ်ပါ၊ မည်သည့်နိုင်ငံရေးပါတီကမျှ ၎င်းတို့၏လူများကို ဘုရားသခင်အား ကိုးကွယ်ရန် စုရုံးပေးမည် မဟုတ်ပါ။ ဘုရားသခင်သည် နိုင်ငံတိုင်း၊ တိုင်းပြည်တိုင်း၊ အုပ်ချုပ်သူပါတီတိုင်း၏ နှလုံးသားထဲအပြင် လူတိုင်း၏ နှလုံးသားထဲ၌ပင်လျှင် ရှိနေရမည့် မိမိ၏နေရာမှန်ကို ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ဖြောင့်မတ်သည့် စွမ်းပကားများ အမှန်ရှိသော်လည်း လူ့နှလုံးသားထဲတွင် ဘုရားသခင်အတွက် နေရာမရှိသည့် အုပ်ချုပ်ရေးမှာ မခိုင်ခန့်ပါ။ ဘုရားသခင်၏ ကောင်းချီးမပါပါက နိုင်ငံရေးနယ်ပယ်သည် ဖရိုဖရဲဖြစ်ကာ ထိုးနှက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း နည်းလာပါမည်။ လူသားတို့အတွက်မူ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ မရှိခြင်းသည် နေရောင်ခြည်မရှိခြင်းနှင့် တူပေသည်။ အုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် မည်မျှပင် စေ့စပ်သေချာစွာ ကြိုးစားလုပ်ဆောင်စေကာမူ၊ လူသားများအနေဖြင့် ဖြောင့်မှန်သော ညှိနှိုင်းဆွေးနွေးပွဲများ မည်မျှပင် အတူလုပ်ဆောင်စေကာမူ၊ ထိုလုပ်ဆောင်မှုများက ဖြစ်ပြီးသောအရာများအား နောက်ပြန်လှည့်ရန် သို့မဟုတ် လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲရန် မစွမ်းသာပါ။ လူသားတို့သည် နိုင်ငံသားများ စား၊ ဝတ်၊ နေရေး ပြေလည်လျှင်၊ ငြိမ်းအေးချမ်းသာစွာ နေရလျှင်၊ အုပ်ချုပ်ဦးဆောင်သူကောင်းလျှင် ထိုနိုင်ငံကို နိုင်ငံကောင်းတစ်ခုဟု ထင်မြင်ယူဆကြသည်။ ဘုရားသခင်က ထိုသို့မယူဆပါ။ ဘုရားသခင်ကို ကိုးကွယ် ဆည်းကပ်မည့်သူ မရှိသည့် နိုင်ငံသည် ဘုရားသခင် သုတ်သင်ဖယ်ရှားမည့်နိုင်ငံဟု ယူဆပါသည်။ လူသားတို့၏ တွေးခေါ်ပုံသည် ဘုရားသခင်တွေးခေါ်ပုံနှင့် အလွန်ကွာခြားပါသည်။ နိုင်ငံတစ်ခု၏ ခေါင်းဆောင်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းမပြုပါက ထိုနိုင်ငံ၏ ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာ ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုနိုင်ငံတွင် ခရီးပန်းတိုင်လည်း ရှိမည်မဟုတ်ပါ။

ဘုရားသခင်သည် လူတို့၏နိုင်ငံရေးတွင် မပါဝင်ပါ၊ သို့သော် နိုင်ငံတစ်ခု၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားပါသည်။ ဘုရားသခင်သည် ဤကမ္ဘာကြီးနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်ထားပါသည်။ လူသားတို့၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်တော်မှာ အတွင်းကျကျ ချိတ်ဆက်နေပြီး မည်သည့် လူ၊ မည်သည့် တိုင်းနိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်အောက်မှ ကင်းလွတ်နိုင်ခြင်းမရှိပါ။ အကယ်၍ လူသားတို့သည် မိမိတို့၏ ကံကြမ္မာကို သိလိုပါက ဘုရားသခင်၏ ရှေ့တော်သို့ လာရမည်။ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်ပြီး နာခံလိုက်လျှောက်သောသူများကို ဘုရားသခင်က အောင်မြင်ကြီးပွားစေပါသည်။ ဘုရားသခင်ကို ဆန့်ကျင် ပစ်ပယ်သူများကို ဘုရားသခင်ကလည်း ငြင်းပယ်ဖယ်ရှားမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

အမှာစကား ချန်ခဲ့မည်