မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကို ပြုလုပ်ခြင်း အမှုသည် ၅ ရက် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ် သူ၏ဖန်ဆင်းခြင်း ခြောက်ရက်မြောက်နေ့ကို ဖန်ဆင်းရှင်က ဆီးကြိုခဲ့သည်။ ယနေ့သည် နောက်ထပ် အသစ်စတင်ခြင်းနှင့် နောက်ထပ် ထူးခြားဆန်းကြယ်သည့် နေ့တစ်နေ့ဖြစ်သည်။ သို့ဆိုလျှင် ဤနေ့သစ်၏ အကြိုတွင် ဖန်ဆင်းရှင်၏ အစီအစဉ်က အဘယ်အရာဖြစ်ခဲ့သနည်း။ မည်သို့ သတ္တဝါအသစ်ကို သူထုတ်လုပ်မည်နည်း၊ ဖန်ဆင်းမည်နည်း။ နားထောင်လော့။ ဤသည်မှာ ဖန်ဆင်းရှင်၏အသံဖြစ်သည်။
“တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၄-၂၅) အဘယ်သက်ရှိ သတ္တဝါများ ပါဝင်သနည်း။ ကျမ်းစာက ဤသို့ပြောသည်- သားယဉ်များ၊ တွားတတ်သော တိရစ္ဆာန်များနှင့် သားရဲမျိုးများ။ တစ်နည်းအားဖြင့်ဆိုသော် ဤနေ့တွင် ကမ္ဘာပေါ်၌ သက်ရှိသတ္တဝါမျိုးစုံ ရှိရုံတင်မကဘဲ ၎င်းတို့အားလုံးသည် မိမိတို့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းခံခဲ့ရပြီး ထိုနည်းတူစွာပင် ဘုရားသခင်က “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။”
ယခင် ငါးရက်ကဲ့သို့ တူညီသည့် အသံနေအသံထားနှင့် ခြောက်ရက်မြောက်နေ့တွင် ဖန်ဆင်းရှင်သည် သူဆန္ဒရှိသည့် သက်ရှိသတ္တဝါတို့ကို မွေးဖွားရန် ကမ္ဘာပေါ်တွင် သူတို့၏အမျိုးအစားအလိုက် ပေါ်ထွက်ရန် အမိန့်ပေးခဲ့သည်။ ဖန်ဆင်းရှင်သည် သူ၏သြဇာအာဏာကို အသုံးချသည့်အခါတွင် သူ၏မည်သည့်နှုတ်ကပတ်တော်ကိုမျှ အချည်းနှီး မပြောဆိုပေ။ ထို့ကြောင့် ခြောက်ရက်မြောက်နေ့တွင် သူဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် သက်ရှိသတ္တဝါတိုင်းသည် သတ်မှတ်ထားသည့် အချိန်တွင် ပေါ်ထွက်ခဲ့သည်။ “မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း” ဟူ၍ ဖန်ဆင်းရှင်ပြောခဲ့သကဲ့သို့ ကမ္ဘာမြေကြီးသည် ချက်ချင်းပင် သက်ရှိတို့နှင့်ပြည့်သွားခဲ့ပြီး ကုန်းမြေပေါ်တွင် သက်ရှိသတ္တဝါမျိုးစုံ၏ ထွက်သက်ဝင်သက်သည် ရုတ်တရက် ပေါ်ထွက်လာသည်။ မြက်ပေါသော စိမ်းလန်းသည့် မြေရိုင်းတွင် ပြည့်ဖြိုးသည့်နွားများသည် သူတို့၏အမြီးများကို ဟိုဘက်ဤဘက် လွှဲရင်း တစ်ကောင်ပြီး တစ်ကောင်ပေါ်လာကြကာ အော်ဟစ်နေသည့်သိုးများသည် အုပ်စုဖွဲ့ရင်းနှင့် ဟီနေသည့် မြင်းများက စတင်ကာ ခုန်ပေါက်ပြေးလွှားခဲ့ကြမည်။ ချက်ချင်းပင် တိတ်ဆိတ်နေသည့် ကျယ်ပြောလှသော မြက်ခင်းပြင်သည် သက်ရှိသတ္တဝါများနှင့် ပြည့်ထွက်လာခဲ့သည်။ ဤအမျိုးမျိုးသော သတ္တဝါများ ပေါ်ထွက်လာခြင်းသည် ငြိမ်းချမ်းသည့် မြက်ခင်းပြင်တွင် လှပသည့်မြင်ကွင်းဖြစ်ခဲ့ပြီး အကန့်အသတ် မရှိသည့် ရှင်သန်တက်ကြွမှုကို သယ်ဆောင်လာခဲ့သည်။ ၎င်းတို့သည် မြက်ခင်းပြင်တို့၏ အဖော်များဖြစ်မည်ဖြစ်ပြီး အချင်းချင်း မှီခိုအားထားကြလျက် မြက်ခင်းပြင်တို့၏ အရှင်သခင်များဖြစ် ကြလိမ့်မည်။ အလားတူပင် ၎င်းတို့သည် ၎င်းတို့၏ အမြဲတမ်းကျက်စားရာနေရာ ဖြစ်လာမည့် ဤကုန်းမြေတို့၏ အုပ်ထိန်းသူနှင့် ကြည့်ရှုစောင့်ရှောက်သူတို့ ဖြစ်လာကြလိမ့်မည် ဖြစ်ကာ ထိုကုန်းမြေတို့သည် သူတို့လိုအပ်သည့်အရာအားလုံးကို ထောက်ပံ့သည့်နေရာဖြစ်လာမည်ဖြစ်ပြီး သူတို့ရှင်သန်ရပ်တည်မှု အတွက် ထာဝရ အစားအစာ အရင်းအမြစ်တစ်ခုဖြစ် လာမည်ဖြစ်သည်။
ဤအမျိုးမျိုးသော သတ္တဝါတို့သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပေါ်လာခဲ့သည့် ထိုနေ့တွင်ပင် များပြားလှသည့် ပိုးမွှားများလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူတို့သည် သတ္တဝါအားလုံးထဲတွင် အသေးငယ်ဆုံးများဖြစ်ကြသော်လည်း သူတို့၏ အသက် အင်အားသည် ဖန်ဆင်းရှင်၏ ဆန်းကြယ်သည့် ဖန်ဆင်းမှုပင် ဖြစ်ပြီး သူတို့ရောက်လာခြင်းမှာ နောက်မကျပေ။ အချို့က သူတို့၏သေးငယ်သည့် တောင်ပံများကို ခတ်ပြီး အချို့ကတော့ ဖြည်းဖြည်းချင်း တွားသွားခဲ့ကြသည်။ အချို့က ခုန်ပေါက်နေခဲ့ကြပြီး အချို့က ဒယိမ်းဒယိုင် သွားလာနေခဲ့ကြသည်။ အချို့က ရှေ့ကို လျင်မြန်စွာသွားနေပြီး အခြားသတ္တဝါများက လျင်မြန်စွာ ဆုတ်ခွာနေသည်။ အချို့က ဘေးတိုက်ရွေ့လျားနေကြပြီး အချို့က မြင့်မြင့်ခုန်လိုက် နိမ့်နိမ့်ခုန်လိုက်ပြုနေခဲ့ကြသည်။ အားလုံးသည် မိမိတို့အတွက် အိမ်ကို ရှာဖွေရန်ကြိုးစားနေကြရင်း အလုပ်ရှုပ်နေခဲ့ကြသည်- အချို့က မြက်ခင်းဆီကို ရောက်ရန် လမ်းရှာခဲ့ကြသည်။ အချို့က မြေကြီးထဲတွင် လိုဏ်ခေါင်းများ ဖောက်ခဲ့ကြသည်။ အချို့က သစ်ပင်ပေါ်ကို ပျံတက်ကြပြီး တောထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။ အရွယ်အစားသေးငယ်သော်လည်း သူတို့သည် အစာမရှိသည့်ဗိုက်၏ နှိပ်စက်ခြင်းကိုခံရန် ဆန္ဒမရှိပေ။ သူတို့အိမ်များကို ရှာဖွေပြီးသည့်အခါတွင် သူတို့အစာစားရန် အတွက် အစာရှာရန် အလျင်အမြန် ပြုခဲ့ကြသည်။ အချို့က မြက်အညွှန့်လေးများကိုစားရန်အတွက် မြက်ပင်ပေါ်ကို တက်ခဲ့ကြသည်။ အချို့က မြေစာများကို ပါးစပ်နှင့် အပြည့်ယူရင်းနှင့် သူတို့ဗိုက်ပြည့်ရန် ကျေနပ်သာယာမှုအပြည့်နှင့် စားခဲ့ကြသည်။ (သူတို့အတွက်မူ မြေစာပင်လျှင် အရသာရှိသည့် စားစရာဖြစ်သည်။) အချို့က တောထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။ သို့ရာတွင် အရောင်တောက်ပသည့် အစိမ်းရောင်ရင့်အရွက်ထဲက သစ်ပင်ရည်သည် အရည်ရွှမ်းသည့် စားစရာကို ပေးစွမ်းသည့် အတွက် သူတို့သည် အနားမယူကြပေ။ သူတို့သည် ပြည့်အင့်သွားသည့်အခါတွင်ပင် ပိုးမွှားများသည် သူတို့၏ လှုပ်ရှားမှုကို မရပ်ကြသေးပေ။ သူတို့၏အရွယ်အစားသည် သေးငယ်သော်လည်း ကြီးမားသည့်စွမ်းအင်နှင့် အကန့်အသတ် မရှိသည့် တက်ကြွမှုတို့ရှိကြပြီး ထို့ကြောင့်ပင် သတ္တဝါအားလုံး အထဲ၌ သူတို့သည် အတက်ကြွဆုံး အလုပ်လုပ်နိုင်ဆုံး ဖြစ်ကြသည်။ သူတို့သည် မည်သည့်အခါမျှ မပျင်းရိပေ။ အနားယူခြင်းတွင် မွေ့လျော်မနေပေ။ ပြည့်အင့်သွားသည့်အခါတွင် သူတို့၏ရှင်သန်ရပ်တည်မှုအတွက် အလုပ်ရှုပ်ရင်း သူတို့၏မနက်ဖြန်များအတွက် အပြေးအလွှား ပြုလုပ်ကြရင်း သူတို့သည် သူတို့၏အနာဂတ်အတွက် အလုပ်များကို အားသွန်ခွန်စိုက်လုပ်ခဲ့ကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အားပေး တိုက်တွန်းရန်အတွက် အမျိုးမျိုးသော သံစဉ်များနှင့် ဂီတများကို ညင်သာစွာ ညည်းဆိုခဲ့ကြသည်။ သူတို့သည် နေ့ရက်တိုင်း နှစ်တိုင်းကို ထူးခြားအောင်ပြုလုပ်ရင်း ပျော်ရွှင်မှုများကို မြက်ပင်များ၊ သစ်ပင်များနှင့် မြေကြီး၏ နေရာတိုင်းစီကို ထည့်သွင်းကြလိမ့်မည်။ သူတို့၏ ကိုယ်ပိုင် ဘာသာစကားနှင့် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် မြေကြီးပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါအားလုံးကို သတင်းဖြန့်ခဲ့ကြသည်။ သူတို့၏ ထူးခြားသည့် ကိုယ်ပိုင်ဘဝပုံစံကို အသုံးပြုရင်း သူတို့ချန်ထားသည့်လမ်းကြောင်းများအပေါ်တွင် အရာအားလုံးကို မှတ်သားခဲ့ကြသည်။ သူတို့သည် မြေကြီး၊ မြက်ပင်၊ တောများနှင့်ရင်းနှီး နီးစပ်ပြီး မြေကြီး၊ မြက်ပင်၊ တောများထံ အားမာန်နှင့် ရှင်သန်တက်ကြွမှုတို့ကို ယူဆောင်လာပေးခဲ့ကာ ဖန်ဆင်းရှင်၏ အားပေးခြင်း နှုတ်ဆက်ခြင်းတို့ကို အရာအားလုံးအပေါ် သယ်ဆောင်လာပေး ခဲ့သည်။
ဖန်ဆင်းရှင်၏အကြည့်သည် သူဖန်ဆင်းခဲ့သည့် အရာအားလုံးအပေါ်တွင် ဖြတ်သန်းပြီးကြည့်ရှုခဲ့သည်။ ထိုအချိန်တွင် သူ၏စိတ်သည်လည်နေရင်း သူ၏မျက်လုံးသည် တောများနှင့် တောင်များအပေါ်တွင် ရပ်သွားခဲ့သည်။ သူ၏ နှုတ်ကပတ်တော်တို့ကို မိန့်မြွက်လိုက်သည်နှင့် ထူထပ်သော သစ်များထဲနှင့် တောင်များပေါ်တွင် ယခင်က ဖြစ်ပေါ်ခဲ့သည့်ပုံစံများနှင့် မတူသည့် သတ္တဝါအမျိုးအစားတစ်ခု ပေါ်ထွက်ခဲ့သည်။ သူတို့သည် ဘုရားသခင်၏နှုတ်က မိန့်ကြားခဲ့သည့် တိရစ္ဆာန်ရိုင်းများဖြစ်သည်။ တစ်ကောင်ချင်းစီတိုင်းက မတူညီသည့် မျက်နှာနှင့် အချိန်ကြာမြင့်စွာ သူတို့ခေါင်းကို လှုပ်ရင်း အမြီးများကို ခါရမ်းကြလိမ့်မည်။ အချို့က ထူထပ်သည့် အမွှေးများရှိသည်။ အချို့က သံချပ်ကာများ ရှိသည်။ အချို့က အစွယ်များရှိသည်။ တစ်ချို့ အပြုံးများ ဆင်မြန်းထားကြသည်။ အချို့က လည်ပင်းရှည်ကြသည်။ အချို့က အမြီးတိုကြသည်။ အချို့က စူးရှသည့် မျက်လုံးများရှိကြသည်။ အချို့က ရှက်ရွံ့သည့် အကြည့်များရှိသည်။ အချို့က မြက်ပင်စားရန် ကိုယ်ကို ညွတ်ကြသည်။ အချို့က ပါးစပ်တွင် သွေးများနှင့် ပေကျံကြသည်။ အချို့က ခြေနှစ်ချောင်းနှင့် ခုန်ကြသည်။ အချို့က ခွာလေးခုနှင့် လမ်းလျှောက်ကြသည်။ အချို့က သစ်ပင်များ၏ ထိပ်မှ အဝေးကို ကြည့်ရှုကြသည်။ အချို့က တောထဲတွင် လဲလျောင်းရင်း စောင့်နေကြသည်။ အချို့က အနားယူရန် ဂူများကို ရှာဖွေနေကြသည်။ အချို့က ကွင်းပြင်များတွင် ရွှင်လန်းစွာ ပြေးလွှားနေကြသည်။ အချို့က တောထဲတွင် ချောင်းမြောင်း သွားလာနေကြသည်။ အချို့က ဟိန်းဟောက်ကြသည်။ အချို့က အူကြသည်။ အချို့က ဟောင်ကြည်။ အချို့က ငိုယိုကြသည်။ အချို့က အသံစူးကြသည်။ အချို့က အသံအောကြသည်။ အချို့က အသံကုန်ဟစ်ကြပြီး အချို့က ကြည်လင်ကာ သာယာနာပျော်ဖွယ် ဖြစ်ကြသည်။ အချို့က မနှစ်မြို့ဖွယ်ဖြစ်သည်။ အချို့က လှပသည်။ အချို့က ရွံစရာကောင်းသည်။ အချို့က ချစ်စရာကောင်းသည်။ အချို့က ကြောက်စရာကောင်းသည်။ အချို့က ချစ်စရာ ကောင်းလောက်အောင် နုံအသည်။ တစ်ကောင်ချင်းစီ သူတို့ ပေါ်ထွက်ခဲ့ကြသည်။ သူတို့ သွားလာကြပုံ၊ လွတ်လပ်ကြပုံ၊ အချင်းချင်း အကြောင်းမဲ့သက်သက် စိတ်မဝင်စားကြပုံ၊ အချင်းချင်း ဝေ့ဝဲကြည့်ရင် ဒုက္ခမခံကြပုံတို့ကို ကြည့်လော့။ ဖန်ဆင်းရှင် ချပေးသနားခဲ့သည့် သူတို့၏ ကိုယ်ပိုင် တောရိုင်းဆန်မှု၊ ကြမ်းတမ်းမှုနှင့် သူတို့၏ဘဝများကို ခံယူရင်း တောင်များအပေါ်နှင့် တောများအတွင်း၌ ပေါ်ပေါက်ခဲ့ကြသည်။ အားလုံးကို မထီမဲ့မြင်ပြုပြီး စိတ်ကြီးဝင်သည့် သူများကို တောတောင်များ၏ စစ်မှန်သော အရှင်သခင်များအဖြစ် မည်သူပြုလုပ်ခဲ့သနည်း။ ဖန်ဆင်းရှင်က သူတို့ကို ပေါ်ထွက်စေပြီးသည့် အခိုက်အတန့်မှစ၍ သူတို့သည် တောများကို “သူတို့နေရာအဖြစ် သတ်မှတ်ကြသည်”၊ တောင်များကို “သူတို့နေရာအဖြစ်သတ်မှတ်ကြသည်”၊ အကြောင်းမှာ ဖန်ဆင်းရှင်သည် သူတို့၏စည်းများကို သတ်မှတ်ခဲ့ပြီး သူတို့၏ဖြစ်တည်မှုအတွက် နယ်ပယ်များကို ခွဲခြားဆုံးဖြတ်ခဲ့ပြီး သည့်အတွက်ဖြစ်သည်။ သူတို့သာလျှင် တောတောင်များ၏ အရှင်သခင် အစစ်အမှန်ဖြစ်သောကြောင့် သူတို့သည် အင်မတန် ရိုင်းစိုင်းကြကာ မထီမဲ့မြင် ပြုကြခြင်းဖြစ်သည်။ သူတို့ကို “တောရိုင်းတိရစ္ဆာန်များ” ဟုသာ ခေါ်ကြသည်၊ အဘယ်ကြောင့် ဆိုသော် သတ္တဝါအားလုံးထဲတွင် သူတို့သည် ဧကန်အမှန် ရိုင်းသည့်၊ ကြမ်းတမ်းသည့်၊ ယဉ်ပါးအောင်ပြုလုပ်၍မရသည့် သတ္တဝါများဖြစ်သည်။ သူတို့ကို ယဉ်ပါးအောင်လုပ်၍မရပေ။ ထို့ကြောင့် သူတို့ကို မွေး၍မရပေ။ လူသားတို့နှင့်အတူ နေထိုင်၍မရသကဲ့သို့ လူသား၏ကိုယ်စား အလုပ်လုပ်ပေး၍လည်း မရပေ။ သူတို့ကို မွေး၍မရသောကြောင့် လူသားအတွက် အလုပ်မလုပ်နိုင်ခြင်းကြောင့် သူတို့သည် လူသားနှင့်ဝေးရာတွင် နေရပြီး လူသားတို့ချဉ်းကပ်၍ မရချေ။ အပြန်အလှန်အားဖြင့် သူတို့သည် လူသားနှင့်ဝေးရာတွင်နေပြီး လူသားတို့ချဉ်းကပ်၍ မရသောကြောင့် သူတို့သည် တောတောင်များကို ကာကွယ်စောင့်ရှောက်ခြင်းဟူသည့် ဖန်ဆင်းရှင်က သူတို့အပေါ်ကို ချပေးသနားခဲ့သည့် တာဝန်ကို ဖြည့်ဆည်းနိုင်ခြင်း ဖြစ်သည်။ သူတို့၏ ရိုင်းစိုင်းခြင်းသည် တောင်များကို ကာကွယ်ပေးပြီး တောများကို စောင့်ကြပ်ပေးခဲ့ကာ သူတို့၏ဖြစ်တည်မှုနှင့် ပွားများမှုအတွက် အကောင်းဆုံးသော ကာကွယ်မှုနှင့် အာမခံချက်ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့၏ ရိုင်းစိုင်းခြင်းသည် အရာအားလုံးအထဲတွင် ညီညွတ်မျှတမှုကို ထိန်းသိမ်းပြီး ခိုင်မာစေသည်။ သူတို့ရောက်ရှိလာခြင်းသည် တောများ၊ တောင်များထံ အထောက်အပံ့နှင့် ခိုင်မာစွာ ရပ်တည်နိုင်မှုကို ယူလာပေးသည်။ သူတို့ရောက်ရှိလာခြင်းသည် ငြိမ်သက်ပြီး ဘာမျှမရှိသည့် တောများ၊ တောင်များထံ အကန့်အသတ်မရှိသည့် အားမာန်နှင့် ရှင်သန်တက်ကြွမှုကို ထိုးသွင်းပေးသည်။ ဤအချိန်မှစပြီး တောတောင်များသည် သူတို့၏ အမြဲတမ်းစားကျက် ဖြစ်လာခဲ့ပြီး တောတောင်များသည် သူတို့အတွက် ပေါ်ပေါက်တည်ရှိလာခြင်းဖြစ်ပြီး တောရိုင်း တိရစ္ဆာန်များသည် သူတို့၏တာဝန်များကို ထမ်းဆောင်ပြီး တောတောင်များကို စောင့်ရှောက်ကာကွယ်ရန် သူတို့တတ်နိုင်သမျှ လုပ်ဆောင်ကြမည်ဖြစ်သည့်အတွက် သူတို့သည် သူတို့၏အိမ်ကို မည်သည့်အခါမျှ ဆုံးရှုံးမည်မဟုတ်ပေ။ ထို့ကြောင့် တောရိုင်း တိရစ္ဆာန်များသည် သူတို့၏ပိုင်နက်နေရာကို စွဲကိုင်ထားရန် ဘုရားသခင်၏ တိုက်တွန်းချက်ကို တင်းကြပ်စွာ လိုက်နာရင်းနှင့် ဖန်ဆင်းရှင် တည်ထောင်ခဲ့သည့် အရာအားလုံး၏ ညီညွတ်မျှတမှုကို ထိန်းသိမ်းရန်အတွက် သူတို့၏ ကြမ်းတမ်းသည့်သဘာဝကို ဆက်လက်အသုံးပြုပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ