ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် ဘုရားသခင်၏ မြေကြီးနှင့်သက်ဆိုင်သည့် မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသားအခြေခံအုတ်မြစ်ဖြစ်သည်။
ထိုအချိန်ကာလ၌ ဣသရေလပြည်ရှိ ယေဟောဝါအမှု၏ အရေးပါမှု၊ ရည်ရွယ်ချက်နှင့် အဆင့်များမှာ ကမ္ဘာတစ်ခုလုံးပေါ်၌ သူ၏အမှုကို အစပျိုးနိုင်ရန်၊ ထိုမှတစ်ဆင့် ဣသရေလပြည်ကို ၎င်း၏ဗဟိုအနေဖြင့် သတ်မှတ်ထားပြီး တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတို့ထံသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားစေနိုင်ရန်ဖြစ်သည်။ ယင်းမှာ စကြဝဠာတစ်လျှောက် သူအမှုပြုသည့် အခြေခံသဘောတရားဖြစ်ပြီး စံပုံစံတစ်ခုကို တည်ထောင်ကာ စကြဝဠာတစ်ခုလုံးရှိ လူများသည် သူ၏ဧဝံဂေလိသတင်းကောင်းကို လက်ခံရရှိသည့်တိုင်အောင် ထိုစံပုံစံကို ချဲ့ထွင်သွားရန်ဖြစ်သည်။ ပထမဦးဆုံးသော ဣသရေလလူမျိုးများမှာ နောဧ၏ သားစဉ်မြေးဆက်များဖြစ်သည်။ ထိုသူတို့မှာ ယေဟောဝါ၏ ဇီဝအသက်ဖြင့်သာ ပြည့်စုံစေခြင်းခံခဲ့ရပြီး အသက်တာ၏ အခြေခံလိုအပ်ချက်များကို တာဝန်ယူရန်သာ အလုံအလောက် နားလည်သဘောပေါက်ထားသည်၊ သို့သော်လည်း ယေဟောဝါသည် မည်သို့သော ဘုရားသခင်ဖြစ်ကြောင်း၊ သို့မဟုတ် လူသားအတွက် သူ၏အကြံအစည်မှာ အဘယ်အရာဖြစ်ကြောင်း မသိခဲ့ကြသည့်အပြင်၊ ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်သို့ရိုသေလေးမြတ်ရမည်ဆိုသည်ကို သာ၍ပင် သူတို့မသိခဲ့ကြ။ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် ပညတ်တော်များထားရှိခဲ့ခြင်း ရှိမရှိနှင့် ဖန်ဆင်းခံအရာများမှာ ဖန်ဆင်းရှင်အတွက် လုပ်ပေးသင့်သည့် အလုပ်ရှိမရှိ စသည်တို့နှင့်ပတ်သက်၍ အာဒံ၏ သားစဉ်မြေးဆက်များမှာ ဘာမျှမသိခဲ့ကြပေ။ သူတို့သိသမျှမှာ ခင်ပွန်းဖြစ်သူက သူ၏မိသားစုကိုလုပ်ကျွေးရန် ချွေးကျအောင် အလုပ်လုပ်ရမည်၊ ဇနီးသည်က မိမိခင်ပွန်း၏ အုပ်စိုးမှုကိုနာခံသင့်ပြီး ယေဟောဝါဖန်ဆင်းခဲ့သော လူသားမျိုးနွယ် ဆက်လက်တည်တံ့အောင် လုပ်ဆောင်သင့်သည် စသည်တို့သာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ယေဟောဝါ၏ ဇီဝအသက်နှင့် သူ၏အသက်သာရှိသည့် ဤလူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို မည်သို့လိုက်နာရမည်၊ သို့မဟုတ် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်ကဲ့သို့ ကျေနပ်နှစ်သိမ့်အောင် လုပ်ရမည် စသည်တို့ကို ဘာမျှမသိနားမလည်ခဲ့ကြပေ။ သူတို့သည် အနည်းငယ် စိုးစဉ်းမျှသာ နားလည်ခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ နှလုံးသားထဲ၌ ဆိုးညစ်မိုက်မဲမှု၊ သို့မဟုတ် လိမ်လည်လှည့်ဖျားမှု တစ်စုံတစ်ရာ မရှိသော်ငြားလည်း၊ သူတို့အကြား၌ မနာလိုဝန်တိုမှုနှင့် အချေအတင်ငြင်းခုံမှုတို့ ရံဖန်ရံခါသာ ဖြစ်လေ့ရှိတတ်သော်ငြားလည်း ယေဟောဝါတည်းဟူသော ခပ်သိမ်းသောဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို သူတို့မသိရှိ၊ သဘောမပေါက်ခဲ့ကြပေ။ လူသားတို့၏ ဤဘိုးဘေးဘီဘင်များမှာ ယေဟောဝါ၏ဥစ္စာများကို စားသုံးရန်နှင့် ယေဟောဝါ၏ဥစ္စာများကို မွေ့လျော်ရန်သာ သိခဲ့ကြသည်၊ ယေဟောဝါကို မည်သို့ရိုသေလေးမြတ်ရန်ကိုမူ သူတို့မသိခဲ့ကြပေ၊ ယေဟောဝါသည် သူတို့အနေဖြင့် ဒူးထောက်ပြီး ဝတ်ပြုကိုးကွယ်ထိုက်သူတစ်ဦး ဖြစ်ကြောင်းလည်း မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို ဘုရားသခင်၏ဖန်ဆင်းခံများဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။ အကယ်၍ ထိုကဲ့သို့ဖြစ်နေပါလျှင် “ယေဟောဝါသည် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ဖြစ်သည်” နှင့် “လူသားတို့အနေဖြင့် သူ့ကိုပေါ်လွင်ထင်ရှားစေရန်၊ သူ့ကို ဘုန်းထင်ရှားစေရန်နှင့် သူ့ကို ကိုယ်စားပြုရန်အလို့ငှာ လူသားများကို သူဖန်ဆင်းခဲ့သည်” ဟူသည့်စကားများမှာ အဘယ်သို့ဖြစ်သွားမည်နည်း။ ၎င်းတို့ကို အချည်းနှီးပြောဆိုခဲ့ခြင်း ဖြစ်သွားလိမ့်မည် မဟုတ်လော။ ယေဟောဝါကို ရိုသေလေးမြတ်ခြင်း မရှိသည့် လူများသည် သူ၏ဘုန်းတော်အတွက် သက်သေခံချက်တစ်ခု မည်သို့ဖြစ်လာနိုင်မည်နည်း။ ထိုသူတို့သည် ဘုရားသခင့်ဘုန်းတော်၏ သရုပ်သကန်များ မည်ကဲ့သို့ ဖြစ်လာနိုင်ကြမည်နည်း။ “ငါ၏ပုံသဏ္ဌာန်နှင့်အညီ လူသားတို့ကို ငါဖန်ဆင်းခဲ့၏” ဟူသည့် ယေဟောဝါ၏ နှုတ်ကပတ်တော်များမှာ ဆိုးယုတ်သောသူတည်းဟူသော စာတန်၏လက်ထဲ၌ လက်နက်တစ်ခု ဖြစ်သွားခဲ့လိမ့်မည် မဟုတ်လော။ ဤနှုတ်ကပတ်တော်တို့မှာ လူသားတို့ကို ယေဟောဝါဖန်ဆင်းခြင်း၏ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက် အမှု၏ ထိုအဆင့်ကို ပြီးမြောက်ရန်အလို့ငှာ ယေဟောဝါသည် အာဒံလက်ထက်မှ နောဧလက်ထက်တိုင်အောင် လူသားတို့ကို မသွန်သင်ခဲ့၊ သို့မဟုတ် လမ်းမပြခဲ့ပေ။ စင်စစ်အားဖြင့် ရေလွှမ်းမိုးခြင်းသည် ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့်အချိန်နောက်ပိုင်းမှသာ နောဧနှင့် အာဒံတို့၏ သားစဉ်မြေးဆက်များဖြစ်သည့် ဣသရေလလူတို့ကို သတ်သတ်မှတ်မှတ် စတင်လမ်းညွှန်ပေးခဲ့ခြင်းဖြစ်သည်။ ဣသရေလနိုင်ငံအတွင်း၌ သူ၏အမှုတော်နှင့် မိန့်မြွက်ချက်များသည် ဣသရေလပြည်တစ်လျှောက်တွင် သူတို့အသက်ရှင်နေထိုင်ခဲ့စဉ်က ဣသရေလရှိ လူအားလုံးတို့ကို လမ်းညွှန်ပေးခဲ့သည်၊ ထိုနည်းလမ်းအားဖြင့် ယေဟောဝါသည် လူသားအနေဖြင့် သူ့ထံမှ အသက်ကိုရရှိပြီး မြေမှုန့်ထဲမှထမြောက်ကာ ဖန်ဆင်းခံ လူသတ္တဝါဖြစ်သွားရန် လူသားတို့အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းနိုင်သည်သာမကဘဲ သူသည် လူသားမျိုးနွယ်ကို မီးရှို့ဖျက်ဆီးနိုင်ကာ ကျိန်ဆဲနိုင်သည့်အပြင် လူသားမျိုးနွယ်ကို အုပ်စိုးရန် သူ၏လှံတံကို အသုံးပြုနိုင်သည့်အကြောင်း ပြသခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးပေါ်၌ လူသား၏ဘဝကို လမ်းညွှန်ပေးနိုင်သည်သာမက နေ့ညအချိန်နာရီစက္ကန့်မလပ် လူသားတို့အကြား၌ စကားပြောနိုင်၊ အမှုပြုနိုင်ကြောင်းကိုလည်း သူတို့တွေ့ခဲ့ကြသည်။ လူသားသည် သူကောက်ယူခဲ့သည့် မြေမှုန့်ထဲမှလာခဲ့ကြောင်း၊ ထိုမျှသာမကသေးဘဲ လူသားကို သူကိုယ်တိုင်ဖန်ဆင်းဖြစ်ခဲ့ကြောင်းကို သူ၏ဖန်ဆင်းခံများ သိစေရန် အတွက်သာ ထိုအမှုကိုပြုခဲ့သည်။ ဤမျှသာမက ဣသရေလပြည်၌ သူစတင်ခဲ့သည့် အမှု၏ရည်ရွယ်ချက်မှာ အခြားသောလူမျိုးများနှင့် တိုင်းနိုင်ငံများ (ထိုသူတို့မှာ ဣသရေလထဲမှ သီးခြားခွဲထုတ်ထားခြင်းမဟုတ်ဘဲ ဣသရေလလူမျိုးထဲမှ ခွဲထွက်လာခဲ့ခြင်းဖြစ်ပြီး အာဒံနှင့်ဧဝတို့မှ ဆင်းသက်လာသူများ ဖြစ်နေဆဲပင်) အနေဖြင့် ယေဟောဝါ၏ ဧဝံဂေလိသတင်းကောင်းကို ဣသရေလပြည်မှ လက်ခံရန်အလို့ငှာဖြစ်သည်၊ ထိုသို့အားဖြင့် စကြဝဠာထဲရှိ ဖန်ဆင်းခံအရာအားလုံးက ယေဟောဝါကို ရိုသေလေးမြတ်ကြပြီး သူ့ကိုကြီးမြတ်သည်ဟု လက်ခံကြစေရန်ဖြစ်သည်။ ယေဟောဝါက ဣသရေလပြည်၌ သူ၏အမှုကို စတင်ဆောင်ရွက်ခြင်းမပြုခဲ့ဘဲ ယင်းအစား လူသားကို ဖန်ဆင်းပြီးနောက် လူသားတို့ကို ကမ္ဘာပေါ်၌ လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်ပြုခဲ့မည် ဆိုပါက၊ လူသား၏ ရုပ်ပိုင်းဆိုင်ရာ သဘာဝကြောင့် (သဘာဝမှာ လူသားသည် သူမမြင်နိုင်သည့် အရာများ၊ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို ဖန်ဆင်းသူမှာ ယေဟောဝါဖြစ်ကြောင်းကို ဘယ်သောအခါမျှ နားလည်သဘောပေါက်နိုင်မည်မဟုတ်၊ အဘယ်ကြောင့်လူသားကို ဖန်ဆင်းခဲ့ကြောင်းကို သဘောပေါက်ရန်မှာမူ ဝေးလှကြောင်းကို ဆိုလိုသည်) လူသားကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည်ကိုလည်းကောင်း၊ သူသည် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ဖြစ်သည်ကိုလည်းကောင်း လူသားအနေဖြင့် ဘယ်သောအခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ အကယ်၍ ယေဟောဝါသည် လူသားကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်၌ထားခဲ့ကာ အချိန်ကာလတစ်ခုအတွင်း လူသားမျိုးနွယ်ကြား၌ ရှိရစ်နေပြီး သူတို့ကို လမ်းညွှန်ပေးမည့်အစား သူ၏လက်ကို ဖုတ်ဖက်ခါလျက် ထွက်ခွာသွားခဲ့လျှင် လူသားမျိုးနွယ်အားလုံးမှာ နတ္ထိသုညအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်၊ ကောင်းကင်နှင့် မြေကြီးအပါအဝင် သူဖန်ဆင်းထားသည့် အသင်္ချေများလှသော အရာများနှင့် လူသားမျိုးနွယ်အားလုံးတို့သည်လည်း နတ္ထိသုညအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည့်အပြင် စာတန်၏နင်းခြေခြင်းကို ခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။ ဤနည်းအားဖြင့် “သူ၏ဖန်ဆင်းခြင်းအလယ်ဟုဆိုလိုသည့် ကမ္ဘာမြေကြီးပေါ်၌ သူ့အတွက် သန့်ရှင်းသောနေရာတစ်ခု၊ သူရပ်တည်ရန်အတွက် နေရာတစ်ခုရှိသင့်သည်” ဟူသည့် ယေဟောဝါ၏ဆန္ဒမှာ တစစီပျက်စီးသွားခဲ့လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် လူသားတို့အလယ်၌ ဆက်လက်တည်ရှိနေပြီး သူတို့၏အသက်တာများကို လမ်းညွှန်ပေးကာ သူတို့၏အထဲမှ သူတို့ကို စကားပြောနိုင်ခဲ့သည်မှာ သူ၏လိုအင်ဆန္ဒကို အကောင်အထည်ဖော်ပြီး သူ၏အစီအစဉ်ကို အောင်မြင်စေရန်ဖြစ်သည်။ ဣသရေလပြည်၌ သူပြုခဲ့သည့်အမှုမှာ အရာခပ်သိမ်းတို့ကို မဖန်ဆင်းမီ သူချမှတ်ထားခဲ့သည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန်သာဖြစ်သည်၊ ထို့ကြောင့် ဣသရေလအမျိုးအထဲ၌ ပထမဦးဆုံး သူလုပ်ဆောင်ခဲ့သည့်အရာနှင့် အရာအားလုံးကို သူ၏ဖန်ဆင်းခြင်းတို့မှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေဘဲ နှစ်မျိုးလုံးမှာ သူ၏စီမံခန့်ခွဲမှု၊ သူ၏အမှု၊ သူ၏ဘုန်းတော်တို့အတွက်ဖြစ်ပြီး လူသားတို့ကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို ပို၍နက်နဲစေရန်အတွက်လည်းဖြစ်သည်။ နောဧခေတ်ပြီးနောက် ကမ္ဘာပေါ်ရှိ လူသားတို့၏ အသက်တာကို နှစ်ပေါင်းနှစ်ထောင်တိုင် သူလမ်းညွှန်ပေးခဲ့သည်၊ ထိုအတောအတွင်း လူသားများအနေဖြင့် ယေဟောဝါတည်းဟူသော ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်သို့ရိုသေလေးမြတ်ရမည်၊ လူသားတို့အနေဖြင့် မိမိတို့အသက်တာကို မည်သို့ထိန်းကျောင်းရမည်၊ မည်ကဲ့သို့ နေထိုင်အသက်ရှင်သွားရမည် စသည်တို့အပြင် အရေးကြီးဆုံးမှာ ယေဟောဝါအတွက် သက်သေတစ်ဦးအဖြစ် မည်သို့ပြုမူရမည်၊ သူ့ကို မည်ကဲ့သို့ နာခံရမည်နှင့် သူ့ကို မည်ကဲ့သို့ ရိုသေလေးမြတ်ခြင်းရှိရမည်တို့အပြင် ဒါဝိဒ်နှင့် သူ၏ယဇ်ပုရောဟိတ်များ ပြုခဲ့ကြသကဲ့သို့ သူ့ကို တေးဂီတအားဖြင့် မည်သို့ချီးမွမ်းကြရမည် စသည်တို့ကို ယေဟောဝါက သွန်သင်ပေးခဲ့သည်။
ယေဟောဝါသည် သူ၏အမှုကိုလုပ်ဆောင်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကာလမတိုင်မီက လူသားတို့သည် ဘာတစ်ခုမျှ မသိခဲ့ကြပေ၊ ထို့ပြင် လူသားမျိုးနွယ်အားလုံးနီးပါးတို့မှာ စာရိတ္တများ ပျက်ပြားလာခဲ့ကြပြီး ရေလွှမ်းမိုးခြင်းဖြင့် ကမ္ဘာကြီး ဖျက်ဆီးခံရခြင်း မတိုင်မီအထိ သူတို့၏ နှလုံးသားများ၌ ယေဟောဝါမရှိသည့်အပြင် သူ၏နည်းလမ်းနှင့် သာ၍ပင် ကင်းလွတ်နေကြသော ဖောက်ပြန်ပျက်စီးခြင်းနှင့် ကာမဂုဏ်လွန်ကျူးသည့် အတိုင်းအတာထိ ရောက်သွားခဲ့ကြသည်။ ယေဟောဝါသည် အဘယ်အရာလုပ်မည်ဆိုသည်ကို လူသားတို့ ဘယ်သောအခါမျှ နားမလည်ခဲ့ကြချေ၊ ၎င်းတို့၌ အသိစိတ်မရှိ၊ ထို့ထက်မက လူသားတို့မှာ ဗဟုသုတနည်းပါးပြီး အသက်ရှူတတ်သော စက်နှင့်တူနေသည်၊ လူသား၊ ဘုရားသခင်၊ ကမ္ဘာမြေကြီးနှင့် အသက်တာ စသည့် အကြောင်းအရာတို့ကို လုံးဝမသိနားမလည်ကြပေ။ ကမ္ဘာမြေကြီးပေါ်တွင် လူသားတို့သည် မြွေကဲ့သို့ပင် လိမ်လည်လှည့်ဖြားမှု အမျိုးမျိုးကို ကျူးလွန်ကြသည်၊ ထို့ပြင် ယေဟောဝါကို စော်ကားတိုက်ခိုက်သည့် အကြောင်းအရာ အမြောက်အမြားကိုလည်း ပြောဆိုကြသည်၊ သို့သော်လည်း သူတို့သည် မသိနားမလည်သည့် အတွက်ကြောင့် ယေဟောဝါအနေဖြင့် သူတို့ကို ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ပဲ့ပြင်ဆုံးမခြင်းမပြုခဲ့ပေ။ ရေလွှမ်းမိုးခြင်းပြီးသည့်နောက်၊ နောဧ အသက် ၆၀၁ နှစ်ပြည့်သည့်အချိန်မှသာ ယေဟောဝါသည် နောဧထံသို့ တရားဝင်ကိုယ်ထင်ပြခဲ့ပြီး သူနှင့် သူ၏မိသားစုတို့ကို လမ်းညွှန်ပြခဲ့သည်၊ ထို့ပြင် နောဧနှင့် သူ၏သားသမီးများနှင့်အတူ အသက်ရှင်ကျန်ရစ်သော ငှက်များနှင့် သားရဲတိရိစ္ဆာန်များကိုလည်း ပညတ်တော်ခေတ်ကာလ ကုန်ဆုံးသည်အထိ နှစ်ပေါင်း ၂၅၀၀ တိုင်တိုင် ဦးဆောင်ခဲ့သည်။ ဣသရေလနိုင်ငံထဲ၌ ယေဟောဝါအလုပ်လုပ်ခဲ့သည့် အချိန်ကာလ၊ ဆိုလိုသည်မှာ တရားဝင် အလုပ်လုပ်ခဲ့သည့် အချိန်ကာလ စုစုပေါင်းမှာ နှစ်ပေါင်း ၂၀၀၀ ရှိပြီး၊ ဣသရေလနိုင်ငံထဲနှင့် နိုင်ငံပြင်ပ၌ တစ်ဆက်တည်း လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၅၀၀ ရှိသည့်အတွက် နှစ်ခုပေါင်းမှာ နှစ်ပေါင်း ၂၅၀၀ ဖြစ်သည်။ ထိုကာလအတောအတွင်း ယေဟောဝါကို အစေခံကြရန် ဣသရေလလူမျိုးတို့ကို သွန်သင်ခဲ့သည်၊ ဗိမာန်တော် တစ်ဆောင်ကို သူတို့ဆောက်လုပ်သင့်ကြောင်း၊ ယဇ်ပုရောဟိတ်ဝတ်ရုံများ ဝတ်ဆင်ထားပြီး အာရုံဦးအချိန်တွင် ဗိမာန်တော်ထဲသို့ ဖိနပ်မပါဘဲ လျှောက်သွားသင့်ကြောင်း သွန်သင်ခဲ့သည်၊ သူတို့စီးသောဖိနပ်များက ဗိမာန်တော်ကို ညစ်ပေစေပြီး ဗိမာန်တော်ထိပ်မှ ၎င်းတို့အပေါ်သို့မီးကျကာ ၎င်းတို့ မီးလောင်၍သေကုန်ကြမည် စိုးသောကြောင့်ဖြစ်သည်။ သူတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ကြပြီး ယေဟောဝါ၏ အစီအစဉ်များကို နာခံခဲ့ကြသည်။ သူတို့သည် ဗိမာန်တော်ထဲ၌ ယေဟောဝါကို ဆုတောင်းခဲ့ကြပြီး ယေဟောဝါ၏ ဗျာဒိတ်တော်ကို ရရှိပြီးသည့်နောက်၊ ဆိုလိုသည်မှာ ယေဟောဝါ စကားပြောပြီးသည့်နောက် သူတို့သည် လူအပေါင်းတို့ကို ဦးဆောင်ခဲ့ပြီး သူတို့၏ဘုရားသခင်ဖြစ်သော ယေဟောဝါကို ရိုသေလေးမြတ်ကြရန် သွန်သင်ပေးခဲ့သည်။ ထို့နောက် ဗိမာန်တော်တစ်ဆောင်နှင့် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ရန် ယေဟောဝါက သူတို့ကို ပြောခဲ့သည်။ ယေဟောဝါ သတ်မှတ်ထားသည့်အချိန်၌၊ ဆိုလိုသည်မှာ ပသခါပွဲနေ့၌ မွေးကင်းစနွားပေါက်နှင့် သိုးသငယ်တို့ကို ပြင်ဆင်ပြီး ယဇ်ပလ္လင်ပေါ်တွင် ယဇ်ပူဇော်သက္ကာများအဖြစ် တင်ထားကာ ယေဟောဝါကို အစေခံကြရန် မိန့်မှာခဲ့သည်၊ ဤသို့ဖြင့် သူတို့ကို ထိန်းချုပ်ကန့်သတ်ထားပြီး သူတို့၏နှလုံးသားထဲ၌ ယေဟောဝါကို ရိုသေလေးမြတ်ခြင်း ရှိကြစေရန် ဖြစ်သည်။ ဤပညတ်တော်များကို သူတို့နာခံခြင်းရှိမရှိမှာ ယေဟောဝါအပေါ် သူတို့သစ္စာရှိမှု၏ အတိုင်းအတာတစ်ခုဖြစ်လာခဲ့သည်။ ယေဟောဝါသည် သူတို့အတွက် သူ့ဖန်ဆင်းခြင်း၏ သတ္တမနေ့ရက်ဖြစ်သည့် ဥပုသ်နေ့ကိုလည်း သတ်မှတ်ပေးခဲ့သည်။ ဥပုသ်နေ့လွန်ပြီး နောက်တစ်နေ့ကို ပထမနေ့ဟု သတ်မှတ်ကာ ယေဟောဝါကို ချီးမွမ်းရာနေ့၊ ယေဟောဝါကို ယဇ်ပူဇော်ပသရာနေ့ဖြစ်ပြီး ယေဟောဝါအတွက် တေးဂီတဖြင့် ချီးမွမ်းရာနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့၌ ယေဟောဝါသည် လူတို့စားရန်အလို့ငှာ ယဇ်ပလ္လင်ပေါ်ရှိ ယဇ်ကောင်များကို ခွဲခြမ်းစေရန် ယဇ်ပုရောဟိတ်အားလုံးကို စုဝေးစေသည်၊ ထိုသို့အားဖြင့် သူတို့သည် ယေဟောဝါ၏ ပလ္လင်ပေါ်မှ ယဇ်ပူဇော်သက္ကာများကို စားသုံးနိုင်ကြရန်ဖြစ်သည်။ ထို့နောက် သူတို့အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားကြရကြောင်း၊ သူနှင့်အတူ ဝေမျှကြရကြောင်းနှင့် သူတို့သည် သူ၏ ရွေးကောက်ခြင်းခံရသော လူမျိုးဖြစ်ကြောင်း ယေဟောဝါပြောဆိုသည် (ယင်းမှာ ယေဟောဝါနှင့် ဣသရေလလူတို့အကြား ပြုလုပ်ထားသည့် ပဋိညာဉ်ပင်ဖြစ်သည်)။ ဤအကြောင်းကြောင့်ပင် ယနေ့တိုင်အောင် ဣသရေလလူမျိုးတို့က ယေဟောဝါသည် သူတို့၏ ဘုရားသခင်သာဖြစ်ပြီး အခြားလူမျိုးတို့၏ ဘုရားသခင် မဟုတ်ဟု ပြောဆိုကြခြင်းဖြစ်သည်။
အဲဂုတ္တုပြည်ထဲမှထွက်ကာ မောရှေနောက်သို့ လိုက်လာကြသော ဣသရေလလူတို့ကို လက်ဆင့်ကမ်း ပေးအပ်ရန် ပညတ်တော်ခေတ်အတောအတွင်း ယေဟောဝါသည် မောရှေအတွက် ပညတ်တော်အမြောက်အမြားကို ချပေးခဲ့သည်။ ဤပညတ်တော်များမှာ ဣသရေလလူတို့အတွက် ယေဟောဝါပေးအပ်ခဲ့သည့် အရာများဖြစ်ကာ အဲဂုတ္တုလူမျိုးတို့နှင့် ဘာမျှမသက်ဆိုင်ပေ၊ ၎င်းပညတ်တော်များမှာ ဣသရေလလူမျိုးတို့ကို ကန့်သတ်ထိန်းချုပ်ဖို့ အလို့ငှာသာဖြစ်သည်။ သူသည် ဣသရေလလူတို့ကို တောင်းဆိုရန် ပညတ်တော်များကို အသုံးပြုခဲ့သည်။ သူတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းရှိမရှိ၊ သူတို့၏ မိဘများကို ရိုသေကြခြင်းရှိမရှိ၊ ရုပ်တုဆင်းတုများကို ကိုးကွယ်ကြခြင်းရှိမရှိ အစရှိသည်တို့မှာ သူတို့အနေဖြင့် အပြစ်ရှိမရှိ၊ ဖြောင့်မတ်ခြင်းရှိမရှိကို တရားစီရင်ပေးသည့် အခြေခံနိယာမများဖြစ်ကြသည်။ ထိုသူတို့၏အထဲ၌ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရသူအချို့ရှိသည်၊ ကျောက်ခဲဖြင့် ပေါက်သတ်ခံရသူအချို့ရှိသည်၊ ထို့ပြင် ယေဟောဝါထံမှ ကောင်းချီးမင်္ဂလာ ခံစားရသူအချို့ရှိပြီး ထိုအရာတို့ကို သူတို့အနေဖြင့် ထိုပညတ်တော်များကို နာခံမှုရှိမရှိအပေါ်၌ မူတည်၍ဆုံးဖြတ်သည်။ ဥပုသ်နေ့ကို မစောင့်ထိန်းသူတို့သည် ကျောက်ခဲဖြင့် ပေါက်သတ်ခံရမည်ဖြစ်သည်။ ဥပုသ်နေ့ကို မစောင့်ထိန်းသည့် ယဇ်ပုရောဟိတ်တို့မှာမူ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရလိမ့်မည်။ မိမိတို့၏မိဘများကို မရိုသေသူတို့မှာလည်း ကျောက်ခဲဖြင့် ပေါက်သတ်ခံရမည်။ ဤအရာအားလုံးကို ယေဟောဝါက ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယေဟောဝါက သူ၏ပညတ်တော်နှင့် သွန်သင်ချက်များကို ချမှတ်ခဲ့သည်မှာ လူတို့၏ အသက်တာများကို သူဦးဆောင်စဉ်တွင် လူတို့အနေဖြင့် သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး နာခံကြကာ သူ့ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုကြစေရန် ဖြစ်သည်။ မွေးကင်းစ လူသားမျိုးနွယ်တို့ကို ထိန်းချုပ်ထားရန်အတွက် ထိုပညတ်တော်များကို သူအသုံးပြုခဲ့ပြီး သူ၏အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ်ကို ပို၍ကောင်းမွန်စွာချမှတ်နိုင်ရန်အလို့ငှာဖြစ်သည်။ ထို့ကြောင့် ယေဟောဝါပြုခဲ့သော အမှုပေါ်မူတည်၍ ပထမခေတ်ကို ပညတ်တော်ခေတ်ဟုခေါ်သည်။ ယေဟောဝါသည် များစွာသော မိန့်မြွက်ချက်များကိုပြုခဲ့ပြီး အမှုအများအပြားကို ပြုခဲ့သော်လည်း သူ့အနေဖြင့် လူသားတို့ကို အပြုသဘောဖက်မှသာ လမ်းပြခဲ့ကာ မသိနားမလည်သော ဤလူများကို မည်သို့လူသားဆန်စေရန်၊ မည်သို့အသက်ရှင်နေထိုင်ရန်၊ ယေဟောဝါ၏ နည်းလမ်းကို မည်သို့နားလည်နိုင်ရန် စသည်ဖြင့် သွန်သင်ပေးခဲ့သည်။ အများအားဖြင့်ဆိုရလျှင် သူပြုခဲ့သောအမှုမှာ လူသားတို့အနေဖြင့် သူ၏နည်းလမ်းနှင့် သူ၏ပညတ်တော်များကို ထိန်းသိမ်းကြစေရန်ဖြစ်သည်။ အနည်းအကျဉ်းသာ ဖောက်ပြန်ပျက်စီးသော လူများအပေါ်တွင် အမှုပြုခဲ့ခြင်းဖြစ်သည်၊ သူတို့၏ စိတ်သဘောထားကို ပုံသဏ္ဌာန်ပြောင်းလဲရန်၊ သို့မဟုတ် သူတို့၏ အသက်တာထဲ၌ တိုးတက်မှုရှိလောက်အောင်ထိ ကျယ်ပြန့်စွာမလုပ်ဆောင်ခဲ့ပေ။ လူတို့ကို ကန့်သတ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ပညတ်တော်များကို အသုံးပြုခြင်းကိုသာ သူစိတ်ဝင်စားခဲ့သည်။ ထိုအချိန်တုန်းက ဣသရေလလူမျိုးအတွက် ယေဟောဝါသည် ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်မျှသာဖြစ်ခဲ့သည်။ သူသည် မိုးတိမ်တိုင်၊ မီးတိုင်ဖြစ်ခဲ့သည်။ ယေဟောဝါဖက်မှ လူအများလုပ်စေရန် တောင်းဆိုခဲ့သည့်အရာမှာ ယနေ့ခေတ် လူများမှ သူ၏ပညတ်တော်များနှင့် နည်းဥပဒေသများအဖြစ် နားလည်ထားကြသည့်၊ စည်းမျဉ်းစည်းကမ်းများဟုပင် ပြောနိုင်သည့်အရာများကို နာခံခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယေဟောဝါ ပြုခဲ့သည့်အရာမှာ လူသားတို့ကို ပုံသဏ္ဌာန်ပြောင်းလဲစေရန်အတွက် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ လူသားတို့၌ ရှိသင့်ရှိထိုက်သော အရာများကို ပို၍ပေးအပ်ရန်၊ သူကိုယ်တိုင်၏နှုတ်ဖြင့် လူသားတို့ကို သွန်သင်ပေးရန် ဖြစ်သောကြောင့်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်းခံရပြီးနောက် လူသားတို့အနေဖြင့် မိမိတို့၌ရှိထားရမည့်အရာများ တစ်ခုမျှ မရှိကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်၌ သူတို့၏ဘဝအတွက် ပိုင်ဆိုင်ထားသင့်သည်များကို ယေဟောဝါက လူတို့ကို ပေးခဲ့သည်၊ ထိုသို့အားဖြင့် သူဦးဆောင်ခဲ့သော လူတို့မှာ သူတို့၏ ဘိုးဘေးများဖြစ်သော အာဒံနှင့် ဧဝတို့ထက် သာလွန်သွားလေသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့ကို ယေဟောဝါပေးခဲ့သည့်အရာမှာ အစဦး၌ အာဒံနှင့် ဧဝတို့ကို ယေဟောဝါပေးခဲ့သည်ထက် ပို၍သာလွန်သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဣသရေလပြည်၌ ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားမျိုးနွယ်ကို လမ်းညွှန်ပေးရန်နှင့် လူသားတို့အနေဖြင့် မိမိတို့၏ဖန်ဆင်းရှင်ကို သိမှတ်စေနိုင်ရန်ဖြစ်သည်။ ယေဟောဝါက လူတို့ကို သိမ်းပိုက်ခြင်း၊ သို့မဟုတ် ပုံသဏ္ဌာန်ပြောင်းလဲခြင်း မပြုခဲ့ပေ၊ သူတို့ကို လမ်းညွှန်ခြင်းသာ ပြုခဲ့သည်။ ဤသည်တို့မှာ ပညတ်တော်ခေတ်၌ ယေဟောဝါပြုခဲ့သည့် အမှုအားလုံး၏အချုပ်ဖြစ်သည်။ ဤသည်မှာ ဣသရေလပြည် တစ်ဝှမ်းလုံး၌ သူပြုခဲ့သောအမှုနှင့်သက်ဆိုင်သည့် အနှစ်သာရ၏ နောက်ခံသမိုင်း၊ ဖြစ်ရပ်မှန်ဇာတ်ကြောင်းဖြစ်ပြီး လူသားမျိုးနွယ်ကို ယေဟောဝါလက်တော်၏ ထိန်းချုပ်မှုအောက်၌ ထိန်းသိမ်းထားရှိရန်ဖြစ်သည့် သူ၏အနှစ်ခြောက်ထောင်အမှုတော် အစလည်းဖြစ်သည်။ ထိုမှတစ်ဆင့် သူ၏အနှစ်ခြောက်ထောင်စီမံခန့်ခွဲမှု အစီအစဉ်အထဲ၌ သာ၍များသော အမှုတို့ ပေါ်ထွက်လာခဲ့သည်။