သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသောလျှို့ဝှက်ချက်တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင်နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လိမ်လည်လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏မြည်ဟည်းသောအသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် တရားသဖြင့်ပိုင်ဆိုင်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ ကယ်မရန် တန်ခိုးမရှိ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင် ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏...ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် အလှမ်းဝေးစေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန် ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကို အနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ် လမ်းပြအမှတ်အသားများ မရှိသောအကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌ နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန်မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့် သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သောသူသည် ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက်ဖြစ်ခဲ့ရသည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ ရိုသေကိုင်းရှိုင်းခြင်း၊ ကိုးကွယ်ခြင်းပြု၍ သင်တို့နှစ်ဦးသည် သေခြင်းတရား၌ စိတ်နှစ်မြှုပ်သကဲ့သို့ အသက်ရှင်ခြင်း၌လည်း စိတ်နှစ်မြှုပ်ကာ ခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို မဆိုထားနှင့် သူ၏ဇာစ်မြစ်များကိုပင် သင် မသိပေ။ သူ့ထံမှ လာသမျှသည် သင့်အတွက် မုန်းတီးဖွယ် ဖြစ်လာ၏၊ သင်သည် ၎င်းကို ချစ်ခင်မြတ်နိုးခြင်း မရှိသကဲ့သို့ ၎င်း၏တန်ဖိုးကိုလည်း မသိချေ။ သင်သည် အနန္တတန်ခိုးရှင်၏ထောက်ပံ့ခြင်းကို လက်ခံရရှိခဲ့သည့်နေ့မှအစပြု၍ ဆိုးယုတ်သောသူနှင့်တွဲဖက်၍ လျှောက်လှမ်းလေ၏။ သင်သည် ဆိုးယုတ်သောသူနှင့်အတူ မိုးသက်လေပြင်းများနှင့် မုန်တိုင်းများကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီး သင်၏အသက်အရင်းအမြစ်ဖြစ်သော ဘုရားသခင်ကို သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်၏။ သင်သည် ပျက်စီးခြင်းချောက်ကမ်းပါး၌ ရောက်ရှိနေပြီဖြစ်ကြောင်း မဆိုထားနှင့်၊ နောင်တတရားအကြောင်း ဘာမျှမသိချေ။ ဆိုးယုတ်သောသူသည် သင့်ကို သွေးဆောင်ဖြားယောင်းပြီး ဖိစီးနှိပ်စက်ကြောင်း သင် မေ့လျော့လေပြီ၊ သင်သည် သင်၏ဇာစ်မြစ်များကို မေ့လျော့ခဲ့ခြင်းဖြစ်လေတကား။ ဆိုးယုတ်သောသူသည် လမ်းခရီးအဆင့်တိုင်း၌ သင့်အား ယနေ့တိုင် ဤနည်းအတိုင်း ဖိစီးနှိပ်စက်ခဲ့ခြင်းဖြစ်၏။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ထုံထိုင်းပြီး ယိုယွင်းပျက်စီးစေခြင်းခံရ၏။ သင်သည် လူ့လောကကြီးထဲမှ စိတ်အနှောင့်အယှက်များအကြောင်း ညည်းတွားခြင်းကို ရပ်စဲခဲ့သည်၊ လောကကြီးမှာ တရားမျှတမှုမရှိဟူ၍ သင် ထင်မြင်ယူဆခြင်း မရှိတော့ပေ။ သင်သည် အနန္တတန်ခိုးရှင် တည်ရှိသည်၊ မတည်ရှိသည်ကို သာ၍ပင် ဂရုမစိုက်ချေ။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား ဆိုးယုတ်သောသူသည် သင်၏စစ်မှန်သောဖခင် ဖြစ်သည်ဟု ကာလအတန်ကြာက သင်ယူဆခဲ့၍ သူ့ထံမှ မခွဲခွာနိုင်ခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ သင်၏စိတ်နှလုံးအတွင်းမှ လျှို့ဝှက်ချက်ပေတည်း။
အရုဏ်ဦးရောက်သည့်အခါ မိုးသောက်ကြယ်သည် အရှေ့အရပ်၌ စတင်ထွန်းလင်းလေ၏။ ဤကြယ်သည် ထိုနေရာ၌ ယခင်ကတစ်ခါမျှမရှိဖူးသော ကြယ်ဖြစ်ပြီး ငြိမ်သက်အေးချမ်း၍ မှိတ်တုတ်မှိတ်တုတ်လင်းနေသော မိုးကောင်းကင်များကို အလင်းရောင်ပေးကာ လူတို့၏စိတ်နှလုံးများထဲ၌ ကွယ်ပျောက်စေခြင်းခံခဲ့ရသည့်အလင်းကို တဖန်လောင်မြိုက်စေ၏။ သင်နှင့် အခြားသူများအပေါ်၌ ထပ်တူထပ်မျှထွန်းလင်းသော ဤအလင်း၏ကျေးဇူးကြောင့် လူသားတို့သည် အထီးကျန်ခြင်း မဖြစ်တော့ချေ။ သို့သော်လည်း သင်တစ်ဦးတည်း ညအမှောင်ထဲ၌ နှစ်ခြိုက်စွာအိပ်ပျော်လျက်နေ၏။ သင်သည် အသံလည်းမကြား၊ အလင်းလည်းမမြင်ပေ၊ အသစ်သောကောင်းကင်နှင့် မြေကြီး၊ ခေတ်ကာလအသစ်ပေါ်ထွန်းကြောင်းကို မသိပေ၊ အဘယ်ကြောင့်ဆိုသော် သင်၏အဖက “ငါ့သား၊ မထနှင့်ဦး၊ စောသေးသည်။ ရာသီဥတုလည်းအေးသည်၊ ထို့အတွက်ကြောင့် အပြင်သို့မသွားနှင့်၊ သင့်မျက်လုံးများ ဓါးလှံဖြင့် ထိုးမိမည့်အကြောင်း စိုးရိမ်စရာရှိ၍ဖြစ်၏” ဟု ဆိုသောကြောင့်ဖြစ်သည်။ သင်သည် သင့်အဖ၏ သတိပေးချက်များကိုသာ ယုံကြည်စိတ်ချ၏၊ အဘယ်ကြောင့်ဆိုသော် သင့်အဖသည် သင့်ထက် အသက်အရွယ်အိုမင်း၍ သင့်ကိုအလွန်အမင်းချစ်သောကြောင့် သင့်အဖသာမှန်သည်ဟု သင်ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ယင်းကဲ့သို့ သတိပေးချက်များနှင့် ချစ်ခြင်းသည် လောကကြီးထဲ၌ အလင်းရှိသည်ဟူသော ဒဏ္ဍာရီအပေါ် ယုံကြည်မှုကို ရပ်တန့်စေသည်၊ ၎င်းတို့သည် ဤလောကကြီးထဲ၌ သမ္မာတရား ရှိသေးခြင်း ရှိမရှိကို အရေးမစိုက်ဘဲနေစေ၏။ သင်သည် အနန္တတန်ခိုးရှင်၏ ကယ်မခြင်းကို ဆက်လက်၍ မမျှော်လင့်ရဲတော့ချေ။ သင်သည် ရှိရင်းစွဲအခြေအနေအပေါ် တင်းတိမ်နေ၏၊ အလင်းပေါ်ထွန်းမှုကို မျှော်မှန်းခြင်း၊ ဒဏ္ဍာရီထဲ၌ ဆိုထားသကဲ့သို့ အနန္တတန်ခိုးရှင် ကြွလာခြင်းကို ရှာဖွေခြင်း မရှိတော့ချေ။ သင့်အနေနှင့်၊ လှပသောအရာမှန်သမျှသည် ပြန်လည်လန်းဆန်းစေနိုင်ခြင်း မရှိ၊ ၎င်းမှာ တည်ရှိနိုင်ခြင်းမရှိဟု ထင်လေ၏။ သင်၏အမြင်တွင် လူသားမျိုးနွယ်၏ မနက်ဖြန်၊ လူသားမျိုးနွယ်၏ အနာဂတ်သည် ကွယ်ပျောက်သွား၍ ချေဖျက်ခြင်းခံရသည်ဟု မြင်လေ၏။ သင်၏ခွန်အားရှိသမျှဖြင့် သင့်အဖ၏အဝတ်အစားကို တွယ်ဖက်ထား၏၊ အခက်အခဲများကို မျှဝေခံစားရန် အပူအပင်မရှိ၊ သင်၏ခရီးသွားဖော်နှင့် သင်၏ ဝေးလံသောခရီး၏ ဦးတည်ချက်တို့အား ဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်လေ၏။ ကျယ်ပြောပြီးဝိုးတိုးဝါးတားဖြစ်သော လူ့လောကကြီးသည် ဤလောက၏မတူညီသော အခန်းကဏ္ဍများ၌ ဖြည့်စွက်ရာတွင် တွန့်ဆုတ်ခြင်းမရှိဘဲ တုန်လှုပ်ခြင်းကင်းမဲ့လျက်ရှိသော သင်တို့များစွာကို ဖွဲ့စည်းခဲ့သည်။ ၎င်းသည် သေခြင်းတရားကို မကြောက်ရွံ့သော “စစ်သည်” များစွာကို ဖန်တီးပေးခဲ့၏။ ထိုမျှမက ၎င်းသည် မိမိတို့ကိုဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကို မသိနားမလည်သည့် ထုံထိုင်း၍ တုံ့ဆိုင်းရပ်တန့်နေသောလူသားများကို တစ်သုတ်ပြီးတစ်သုတ် ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်၏မျက်လုံးများသည် ပြင်းပြင်းထန်ထန် ဖိစီးနှိပ်စက်ခံရသော လူသားမျိုးနွယ်ထဲမှ တစ်ဦးချင်းစီနှင့် မျိုးနွယ်ဝင်အယောက်တိုင်းကို ကြည့်ရှုသုံးသပ်လေ၏။ သူကြားရသောအရာမှာ ဒုက္ခဆင်းရဲခံနေရသောသူတို့၏ မြည်တမ်းသံဖြစ်၏၊ သူမြင်ရသောအရာမှာ ဖိစီးနှိပ်စက်ခံရသောသူတို့၏ အရှက်တရားကင်းမဲ့မှုဖြစ်ပြီး သူခံစားရသောအရာမှာ ကယ်တင်ခြင်းကျေးဇူးတော်ကို ဆုံးရှုံးခဲ့ပြီးသောလူသားမျိုးနွယ်တစ်ခု၏ ခိုကိုးရာမဲ့မှုနှင့် စိုးရိမ်ပူပန်မှုဖြစ်၏။ လူသားမျိုးနွယ်သည် သူ၏စောင့်မခြင်းကို ငြင်းပယ်ကာ မိမိတို့ ကိုယ်တိုင်၏လမ်းကြောင်း၌ လျှောက်လှမ်းရန် ရွေးချယ်ကြပြီး သူ၏မျက်လုံးများဖြင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ရှောင်တိမ်းရန် ကြိုးစားကြ၍ ရန်သူနှင့်အတူ နက်ရှိုင်းသောပင်လယ်၏ခါးသီးမှုကို နောက်ဆုံး အစက်အထိပင် တစိမ့်စိမ့်အရသာခံရန် ပို၍နှစ်သက်ကြ၏။ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်းကို လူသားတို့ ကြားရခြင်း မရှိတော့ချေ၊ အနန္တတန်ခိုးရှင်၏ လက်တော်များသည် ဝမ်းနည်းဖွယ်ရာဖြစ်သော ဤလူသားမျိုးနွယ်ကို ကြင်နာစွာထွေးပိုက်ရန် အလိုမရှိတော့ချေ။ သူသည် ကြိမ်ဖန်များစွာ ပြန်ဖမ်းပြီး ကြိမ်ဖန်များစွာ လက်လွှတ်ရပြန်သည်၊ သူပြုသောအမှုမှာ ဤကဲ့သို့ အဖန်တလဲလဲ ဖြစ်လေ၏။ ထိုအခိုက်အတန့်မှစ၍ သူသည် ပင်ပန်းခြင်း၊ စိတ်ကုန်ခြင်းတို့ကို စတင်ခံစားရသဖြင့် လက်ထဲမှအလုပ်ကို သူရပ်ကာ လူသားမျိုးနွယ်အကြား၌ လျှောက်လှမ်းခြင်းကို ရပ်တန့်လေ၏...လူသားတို့သည် ဤအပြောင်းအလဲများအကြောင်း တစ်စုံတစ်ရာကိုမျှ လုံးလုံး သတိမမူမိကြဘဲ အနန္တတန်ခိုးရှင်၏ သွားခြင်းနှင့် လာခြင်း၊ ဝမ်းနည်းခြင်းနှင့် လွမ်းဆွေးခြင်းကို သတိမမူမိကြပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း