ရှောင်မော့
သမ္မာကျမ်းစာတွင် မှတ်တမ်းထားသည်မှာ- “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။”(ရှင်ယာကုပ် သြဝါဒစာ ၄:၈)။ ခရစ်ယာန်များ အနေနှင့် ကျွန်ုပ်တို့သည် နေ့စဉ် ဘုရားသခင်ထံ ချဉ်းကပ်ရမည်။ ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယဖွဲ့ခြင်းရှိမှသာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရရှိနိုင်မည်။ ယင်းသည် တစ်ယောက်နှင့် တစ်ယာက် အဆက်အသွယ်ပြုသကဲ့သို့ အချင်းချင်း ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ကိစ္စအရာ ဖြစ်ပေါ်လာလျှင် ပိုမိုပြောဆိုဆက်သွယ် ရမည်။ ထို့အပြင် အချင်းချင်း နားလည်မှုပေးရင်း လေးစားမှုရှိမှသာ ရင်းနှီးကျွမ်းဝင်မှုကို အကြာရှည်ခံအောင် ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ ယနေ့တွင် ခေတ်၏ အလျင်အမြန်တိုးတက်ခြင်း၊ အလုပ်များခြင်း၊ ရှုပ်ထွေးသော လူ့အဖွဲ့အစည်း၊ ဆိုးယုတ်သော လူမှုခေတ် ရေစီးကြောင်း စသည်တို့က ကျွန်ုပ်တို့ကို ပိုမို ဆွဲဆောင်သိမ်းပိုက်နေကြသည်။ ထို ပြင်ပ လူ၊ အရာဝတ္ထုများ နှင့် အဖြစ်အပျက်များက ကျွန်ုပ်တို့၏ စိတ်ကို အလွယ်တကူ အနှောင့်အယှက် ဖြစ်စေသည်။ ယင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို ပြတ်တောက်စေပြီး အဆုံးတွင် ဘုရားသခင်နှင့် ပို၍ ဝေးကွာ သွားစေသည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် အမှုအရာ ကြုံတွေ့သောအခါ ဘုရားသခင်ရှေ့တွင် ငြိမ်သက်ဖို့နှင့် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ ခက်ခဲပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဦးဆောင်လမ်းပြမှု မရှိဘဲနေလျက် အလုပ်လုပ်သော အခါ မကြာခဏဆိုသလို မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက် မရှိကြတော့ပါ။ ထို့အပြင် စိတ်ဝိညာဉ်၌ လစ်ဟာမှု ခံစားလာရပြီး စိုးရိမ်ပူပန်မှုထဲတွင် အမြဲတစေ အသက်ရှင်နေမည် ဖြစ်သည်။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေး ထိန်းထားရန် သူ့ထံ မည်သို့ တိုးဝင်ချဉ်းကပ် ရမည်နည်း။ အောက်တွင် ဖော်ပြထားသော အချက် ၄ချက်ကို နားလည် သဘောပေါက်ထားပါက သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးသည် ပိုမို နီးစပ်လာလိမ့်မည်။
ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ဆက်သွယ် ပြောဆိုရန် နည်းလမ်း ဖြစ်သည်။ ဆုတောင်းခြင်း အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် ပိုမိုကောင်းမွန်စွာ ငြိမ်သက်နိုင်လိမ့်မည်။ ဘုရားသခင့် နှုတ်ကပတ်တော်ကို တွေးဆပြီး သူ၏ အလိုတော်ကို ရှာဖွေကာ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို တည်ဆောင်နိုင်မည်။ သို့သော် လက်တွေ့ဘဝတွင် ကျွန်ုပ်တို့သည် အလုပ် (သို့မဟုတ်) မိသားစု အိမ်မှုကိစ္စများနှင့် အမြဲအလုပ်များနေကြပြီး မကြာခဏ ဆိုသလို ဆုတောင်းရာတွင် လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ စိတ်မပါ့တပါသော စကားလုံးအနည်းငယ် ပြောဆိုခြင်းဖြင့် ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေသာ ပြုမူဆက်ဆံကြသည်။ ကျွန်ုပ်တို့သည် နံနက်ခင်း၌ အလုပ်လုပ်ရန် သို့မဟုတ် အခြားအရာ ပြုလုပ်ရန် အလောတကြီး ဖြစ်သောအခါ ဘုရားသခင်ထံ အလျင်အမြန် ဆုတောင်းသည်- “အို၊ ဘုရားသခင်။ ကျွန်ုပ်သည် ယနေ့အလုပ်ကို ကိုယ်တော်ထံ အပ်နှံပြီး ကလေးနှင့် မိဘကိုလည်း ကိုယ်တော့်ထံ အပ်နှံမည်။ ကျွန်ုပ်၏ အရာအားလုံးကို ကိုယ်တော့်ထံ အပ်နှံသည် ဖြစ်၍ ကိုယ်တော် ကောင်းချီးနှင့် အကာအကွယ် ပေးတော်မူပါ။ အာမင်။” ကျွန်ုပ်တို့သည် ဤကဲ့သို့ ကြုံရာကျပန်း ပြောဆိုခြင်းဖြင့် ဘုရားသခင်ကို ဝတ်ကျေတမ်းကျေသာ ဆက်ဆံခြင်းသည် ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟယဖွဲ့ခြင်း ရှိသည်ကို မဆိုထားနှင့် စိတ်နှလုံး ငြိမ်သက်ခြင်းပင် မရှိပေ။ ထို့အပြင် ဆုတောင်းသောအခါ နားဝင်ချိုသော စကား၊ အချည်းနှီးသော စကားလုံး၊ အလဟဿ ဝံ့ကြွားပြောဆိုခြင်း၊ စိတ်ထဲ၌ ရှိသော အရာများ ဖွင့်ဟခြင်း မဟုတ်ပဲ၊ (သို့မဟုတ်) ဆုတောင်းစာကို အလွတ်ကျက်မှတ် ပြောဆိုခြင်း၊ မည်သည့် အချိန်တွင်မဆို ထိုရိုးအီနေသော စကားကို ထပ်ခါထပ်ခါ ဆုတောင်းခြင်း၊ ယင်းတို့အားလုံးသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဖြစ်ကြသည်။ ဤသို့သော စည်းကမ်းများကို လိုက်နာသော၊ ဘုရားသခင်ထံ နှလုံးသား ဖွင့်ဟခြင်း မရှိသော၊ အလိုတော်ကို ရှာဖွေခြင်းမရှိသော ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ လက်တွေ့ဘဝတွင် များစွာရှိနေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ စိတ်မပါပဲနှုတ်အားဖြင့် ဖြစ်သော ဆုတောင်းခြင်းကို ရွံမုန်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ဆုတောင်းခြင်းသည် အပြင်ပန်း၏ လုပ်ဆောင်မှု ပုံစံနှင့် ဘာသာရေး ဓလေ့သာဖြစ်ပြီး စိတ်ဝိညာဉ်ထဲတွင် ဘုရားသခင်နှင့် စစ်မှန်သော ရင်းနှီးပွင့်လင်းခြင်း မရှိပါ။ ယင်းသည် ဘုရားသခင်ကို ဝတ်ကျေတမ်းကျေ ဆက်ဆံခြင်းနှင့် လှည့်စားခြင်းသက်သက် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ဘုရားသခင် နားမထောင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုကို ရရှိရန် ခက်ခဲသကဲ့သို့ ဆုတောင်းသောအခါတွင်လည်း ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားရနိုင်ပါ။ အကျိုးဆက်အနေဖြင့် သင်၏ စိတ်ဝိညာဉ်ထဲ၌ မှောင်မိုက်မှုနှင့် အားနည်းခြင်း ခံစားရပြီး ဘုရားသခင်နှင့် ဆက်ဆံရေးသည်လည်း ဝေးသည်ထက် ဝေးသွားလေသည်။
သခင်ယေရှု ပြောခဲ့သည်မှာ- “ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၂၄)။ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သည်၊ သူသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် တည်ရှိပြီး ကျွန်ုပ်တို့၏ စကားလုံး၊ အပြုအမူ၊ စိတ်ကူးနှင့် အကြံအစည်များ အားလုံးကို စစ်ဆေးနေသည်။ ဘုရားသခင်သည် အလွန်ထူးကဲသာလွန်ပြီး ဂုဏ်အသရေနှင့် ပြည့်ဝတော်မူ၏။ ကျွန်ုပ်တို့ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် သူ့အားဝတ်ပြုကိုးကွယ်ခြင်းဖြစ်၍ စစ်မှန်သော စိတ်နှလုံးသားဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ဆုတောင်းသောအခါ ကြောက်ရွံ့ရိုသေသော နှလုံးသား ရှိရမည် ဖြစ်ပြီး သူနှင့် ရိုးသား စစ်မှန်စွာ ပြောဆိုရမည်။ မိမိတို့၌ ရှိသော အခြေအနေအမှန်များ၊ အခက်အခဲများနှင့် စိတ်ရှုပ်ထွေးမှုများကို ဘုရားသခင်၏ရှေ့သို့ ယူဆောင်၍ သူအား ပြောပြပါ။ ထို့နောက် ဘုရားသခင့်အလိုတော်နှင့် လက်တွေ့လုပ်ဆောင်ရန် လမ်ကြောင်းကို ရှာဖွေပါ။ ဤသို့ ပြုမှသာလျှင် သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်လိမ့်မည်။ ဥပမာ ကျွန်ုပ်တို့၏ဘဝ၌ အခက်အခဲတချို့ ကြုံတွေ့ရလျှင် (သို့မဟုတ်) မိမိကိုယ်ကို အပြစ်ပြုခြင်းနှင့် အပြစ်ဝန်ခံခြင်း သံသရာထဲတွင် အသက်ရှင်နေ၍ စိတ်ဆင်းရဲနေပါက ဘုရားသခင်အား ရင်ဖွင့်လော့။ ထိုပြဿနာများကို ဘုရားသခင်အား ပြောပြပြီး သူ့အလိုတော်ကို ရှာဖွေလော့။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ စစ်မှန်သောနှလုံးသားကို တွေ့ပါက ကျွန်ုပ်တို့ကို တို့ထိလိမ့်မည်ဖြစ်ပြီး ယုံကြည်ခြင်းပေးကာ သူ၏အလိုတော်ကို နားလည်နိုင်ဖို့ ဉာဏ်အလင်းပေးမည် ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် သမ္မာတရားကို နားလည်လာပြီး လမ်းကြောင်းရှိလိမ့်မည်။ ဘုရားသခင်နှင့် ဆက်ဆံရေးလည်း ပို၍ ရင်နှီးလာမည်။ ဥပမာအားဖြင့်- ကျွန်ုပ်တို့၏ ဆုတောင်းချက်သည် စည်းကမ်းလိုက်နာခြင်း၊ ဟန်ဆောင်လုပ်ပြခြင်း (သို့) ဝံ့ကြွားကာ အချည်းနှီးပြောဆိုခြင်း သက်သက်ဖြစ်ပြီး ဘုရားသခင်နှင့် စစ်မှန်စွာ ရင်းနှီးပြောဆိုခြင်းမဟုတ်သည်ကို သိမြင်သောအခါ ဤသို့ဆုတောင်းနိုင်သည်- “ဘုရားသခင်၊ ယခင်က ကျွန်ုပ်၏ ဆုတောင်းချက်သည် ကိုယ်တော့်အား ဝတ်ကျေတမ်းကျေလုပ်ခြင်းသာ ဖြစ်သည်။ ကျွန်ုပ်ပြောသောအရာသည်လည်း ကိုယ်တော့်ကို လှည့်ဖြားသော စကားဖြစ်ပြီး စစ်မှန်သော အရာမဟုတ်ပါ။ ယခု ကိုယ်တော့်ကို အကြွေးတင်ရှိသည်ကို ခံစားရပါ၏။ ယနေ့မှစ၍ စိတ်ရင်းမှန်ဖြင့် ဆုတောင်းဖို့ ဆန္ဒရှိသည်။ ကျွန်ုပ် တွေးနေသည့်အရာကို ကိုယ်တော့်အား ပြောပြမည်။ စစ်မှန်သော နှလုံးသားဖြင့် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်သွားမည်။ ထို့အတွက် ကျွန်ုပ်ကို လမ်းပြပေးတော်မူပါ။” သင်၏ စိတ်ထဲ၌ ရှိသောအရာများကို ဘုရားသခင်အား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုသောအခါ၊ စိတ်တွင် တို့ထိမှု ခံစားရမည်။ ထို့အပြင် မိမိတို့ ဘုရားသခင်ကို မည်မျှပုန်ကန်ခဲ့ကြောင်း သိမြင်လာ၍ စစ်မှန်သော နောင်တရဖို့ လိုလိုလားလားဖြစ်လာပြီး ဘုရားသခင်ကို ရင်ဖွင့်လိမ့်မည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဆက်ဆံရေး အထူးရင်းနှီးသလို ခံစားရလိမ့်မည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးကို ဖွင့်ဟခြင်းမှ ယူဆောင်လာပေးသော အကျိုးကျေးဇူးပင်ဖြစ်သည်။
ဘုရားသခင်ကို ရင်ဖွင့်သည့်အခါ စကားလုံးသည် နည်းသည်၊ များသည် ဖြစ်စေ၊ လှပကောင်းမွန်သည်ဖြစ်စေ၊ ပဓာနမထားဘဲ ကျွန်ုပ်တို့၏ အခြေအနေမှန်ကို ဘုရားသခင်ထံ ရင်ဖွင့်ပြီး သူ၏ ဦးဆောင်ခြင်းနှင့် ဉာဏ်အလင်းပေးခြင်းကို ရှာဖွေပါက ထိုစကားသည် ရိုးရှင်းသော စကားလုံး အနည်းငယ် ဖြစ်နေသော်လည်း ဘုရားသခင်သည် နားညောင်းလိမ့်မည်။ ကျွန်ုပ်တို့သည် နေ့စဉ်နှင့် အမျှ ဤနည်းဖြင့် ဘုရားသခင်ထံ ချဥ်းကပ်ပြီး သူနှင့် မိတ်သဟာယဖွဲ့ပါက စုဝေးပွဲ၊ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်းတွင်ဖြစ်စေ၊ လမ်းလျှောက်နေသည် ဖြစ်စေ၊ ကားစီးနေသည် ဖြစ်စေ၊ အလုပ်တွင် ဖြစ်စေ စိတ်ထဲ၌ တိတ်ဆိတ်စွာ ဘုရားသခင်ထံ ဆုတောင်းနေလျှင် သတိမမူမိလိုက်ဘဲ ကျွန်ုပ်တို့၏ စိတ်သည် ဘုရားသခင်ရှေ့တွင် ပို၍ ငြိမ်သက်လာနိုင်သည်။ ဘုရားသခင်၏ အလိုတော်ကို ပို၍ နားလည်နိုင်ပြီး အမှုအရာ ကြုံတွေ့လာသောအခါ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သိလာလိမ့်မည်။ ဤသို့ဖြင့် ကျွန်ုပ်တို့နှင့် ဘုရားသခင်၏ဆက်ဆံရေးသည် ပို၍ နီးစပ်လာလိမ့်မည်ဖြစ်သည်။
ခရစ်ယာန်များသည် နေ့စဉ်နေ့တိုင်း ဝိညာဉ်ရေးရာ ဝပ်ပြုကိုးကွယ်ခြင်းနှင့် နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း ရှိကြသည်။ သို့သော် ကျွန်ုပ်တို့ ဘုရားသခင်နှင့် ဆက်ဆံရေး ပိုမို နီးကပ်စေရန် နှင့် အကျိုးဖြစ်ထွန်းစေရန် မည်သို့ပြုရမည်နည်း။ ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး ထိုသို့အားဖြင့် သူ၏ စိတ်ကျေနပ်ခြင်းကို ရရှိပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ချိတ်ဆက်ရန် ၎င်းတို့၏နှလုံးသားကိုအသုံးပြုခြင်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရခြင်း ဖြစ်သည်။” (ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏)။ နှုတ်ကပတ်တော်ကို ဖတ်ရှုသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်း ခံရရန် စိတ်ဖြင့် ရှာဖွေကာ နှုတ်ကပတ်တော်ကို ဆင်ခြင်စဉ်းစားရမည်။ ထိုမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်နှင့် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်မည်။ ဤနည်းဖြင့်နှုတ်ကပတ်တော် ဖတ်ခြင်းသည် အကျိုးသက်ရောက်မှုရှိပြီး ကျွန်ုပ်တို့ ဘုရားသခင်နှင့် ပိုမို ရင်းနှီးလာမည်။ အကယ်၍ ကျွန်ုပ်တို့သည် မြင်းစီးလျက် ပန်းများကို ကြည့်သည့်ပုံစံဖြင့် နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ခြင်းထက် စကားလုံးများ၊ အယူဝါဒများနားလည်ပြီး မိမိကိုယ်ကို ဝါကြွားရန်သာ အာရုံစိုက်ပါက ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်များကို မည်မျှဖတ်ရှုပြီးပါစေ၊ ဘုရားသခင့်အလိုတော်နှင့် ကိုက်ညီမှု မရှိနိုင်ပါ။ ထိုထက် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို မတည်ဆောင်နိုင်ပါ။
ထို့ကြောင့် နှုတ်ကပတ်တော်ကို ဖတ်ရှုသည့်အခါ ကျွန်ုပ်တို့၏ စိတ်ကို ငြိမ်သက်စွာ ထားရှိပြီး ဘုရားသခင်ဤသို့ အဘယ်ကြောင့် ဆိုရသနည်းနှင့် သူ၏ အလိုတော်မည်သည့်အရာ ဖြစ်သည်ကို စိတ်ဖြင့် ဆင်ခြင်စဉ်းစားရမည်။ ထို့အပြင် ကျွန်ုပ်တို့အပေါ် မည်သည့်ရလဒ်ကို ဘုရားသခင်ရယူလိုသနည်း ဆိုသည်တို့ကိုလည်း တွေးဆရမည်။ ဤသို့ပြုခြင်းအားဖြင့် ဘုရားသခင်၏ အလိုတော်ကို နားလည်လာနိုင်ပြီး သူ၏အလိုတော်အတိုင်း ဆောင်ရွက်နိုင်မည်။ ဘုရားသခင်နှင့် ဆက်ဆံရေးသည်လည်း တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ ဥပမာ- သခင်ယေရှုက “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။” ဟု ဆိုခဲ့သည်။ (ရှင်မဿဲခရစ်ဝင် ၁၈:၃)။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ရိုးသားသူတစ်ယောက် ဖြစ်စေချင်သည်ကို တိုက်ရိုက် အဓိပ္ပာယ်အားဖြင့် ကျွန်ုပ်တို့နားလည်နိုင်သည်။ သို့သော် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ အရေးပါမှု၊ ဘုရားသခင်သည် အဘယ်ကြောင့် ရိုးသားသူကို ချစ်သနည်း နှင့် ရိုးသားသူဖြစ်ရန် မည်သို့ပြုမူနေထိုင်ရမည်နည်း စသည်တို့ကို ကျွန်ုပ်တို့ နက်နက်ရှိုင်းရှိုင်း တွေးဆသင့်သည်။ ကျွန်ုပ်တို့သည် ဆုတောင်း-ဖတ်ရှုခြင်း၊ နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ အနှစ်သာရသည် သစ္စာတရားနှင့် ပြည့်စုံကြောင်း၊ သူ၏ ပြောဆိုလုပ်ဆောင်ခြင်းတွင် မှားယွင်းမှုနှင့် လှည့်ဖြားမှု မရှိကြောင်းကို သိနားလည် လာနိုင်မည်။ ဘုရားသခင်သည် ရိုးသားသူကို ချစ်၍ လှည်းဖြားတတ်သူကို ရွံမုန်းသောကြောင့် သူသည် ကျွန်ုပ်တို့ကိုလည်း ရိုးသားသူ ဖြစ်စေချင်သည်။ သူ၏ တောင်းဆိုချက်အတိုင်း ရိုးသားသူဖြစ်မှသာ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် သူ၏နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ သို့ဆိုလျှင် ရိုးသားသူတစ်ဦးဖြစ်အောင် မည်သို့ ကျင့်ကြံရမည်နည်း။ ပထမအချက် သင်သည် မုသားမပြောရ၊ စိတ်ထဲ ရှိသည့်အရာကို ရိုးရိုးသားသားနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုရမည်။ ဒုတိယအချက်မှာ အမှုအရာများ လုပ်ဆောင်သည့်အခါ မိမိ၏ ကိုယ်ပိုင်အကျိုးကို ကျောခိုင်းနိုင်၍ ဘုရားနှင့် လူတို့ကို လိမ်လည်ခြင်း မပြုလုပ်ရ။ တတိယအနေနှင့် ကောက်ကျစ်သော စိတ်မရှိရ။ အမှုအရာများ လုပ်ဆောင်သောအခါ ကိုယ်ရေးကိုယ်တာ ကြံရွယ်မှုများနှင့် ရည်ရွယ်ချက်များအား သိုဝှက်မထားဘဲ သမ္မာတရားကို ကျင့်ဆောင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအတွက်သာ ဖြစ်သင့်သည်။ ဤအလင်းများကို ရရှိပြီးနောက် မိမိတို့၏ ပြုမူလုပ်ဆောင်ပုံကို ပြန်လည် ဆင်ခြင်သုံးသပ်ပါက မိမိတို့တွင် လှည့်ဖြာတတ်သော အပြုအမူ များစွာ ရှိနေသည်ကို မြင်ရလိမ့်မည်။ လူနှင့် ထိတွေ့သောအခါ မိမိတို့၏ အကျိုးစီးပွား၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ လိမ်လည် လှည့်ဖြားနိုင်သည်။ ဘုရားသခင်အဘို့ အသုံးတော်ခံသည့်အခါ ဘုရားသခင်ကို ချစ်ဖို့နှင့် သူ့အား စိတ်ကျေနပ်စေဖို့ လိုလိုလားလား ရှိသည်ဟု ဆုတောင်းသော်လည်း ကလေးဖျားနာခြင်း၊ မိမိကိုယ်တိုင် (သို့) မိသားစု အလုပ်ဆုံးရှုံးရသည့် စမ်းသပ်မှုများကြုံလာပါက ကျွန်ုပ်တို့သည် ချက်ချင်းဆိုသလို ဘုရားသခင်ကို ညည်းညူလာသည်။ ထိုထက်မက အမှုတော်ဆောင်ခြင်း၌ လိုလားမှုမရှိတော့ပါ။ ယင်းသည် ဘုရားသခင်အတွက် အသုံးတော်ခံခြင်းတွင် အပေးအယူနှင့် မစင်ကြယ်မှုများ ရှိနေကြောင်း၊ ဘုရားထံမှ အကျိုးအမြတ် ရယူလိုကြောင်း၊ ဘုရားသခင် စိတ်ကျေနပ်စေရန် ရိုးသားစွာ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း အစရှိသည်တို့ကို မြင်လာလိမ့်မည်။ ဤသို့သော အပြုအမူများမှ တစ်ဆင့် ကျွန်ုပ်တို့သည် ရိုးသားသူ မဟုတ်ကြောင်း မြင်တွေ့နိုင်သည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အားနည်းချက်နှင့် ချို့ယွင်းချက်များကို တွေ့မြင်ပြီးနောက် သမ္မာတရားကို တောင့်တလာမည်၊ ဘဝတွင် နှုတ်ကပတ်တော်ကိုကျင့်သုံးရန် လိုလားလာမည် ဖြစ်သည်။ ယင်းသည် နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်းမှ ရလာသော အကျိုးကျေးဇူးပင် ဖြစ်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်းသည် တစ်ကြိမ်တည်းနှင့် အကျိုးဖြစ်ထွန်းမည် မဟုတ်သည်မှာ မှန်ပေ၏။ ယင်းသည် ကြိမ်ဖန်များစွာ စဉ်းစားဆင်ခြင်ခြင်းနှင့် ကျွန်ုပ်တို့အနေနှင့် အမှုအရာများ ကြုံတွေ့လာသောအခါ နှုတ်ကပတ်တော်ကို သတိရှိရှိ လက်တွေ့လုပ်ဆောင်ရမည်။ အတိုချုပ်ပြောရလျှင် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပတ်တော်များကို ဤနည်းဖြင့် တွေးတောဆင်ခြင်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းကို ရရှိနိုင်မည် ဖြစ်သည်။ ယနေ့တွင် အနည်းငယ်သစ်သော သိမြင်မှု ရှိပြီး မနက်ဖြန်တွင် အနည်းငယ်သစ်သော အလင်းရှိမည်။ ဤသို့ အချိန်ကာလ တစ်ခုတွင် ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်၌ သမ္မာတရားကို ပို၍ နားလည်လာနိုင်ပြီး လက်တွေ့လုပ်ဆောင်သော လမ်းကြောင်း ပို၍ ရှင်းလင်းလိမ့်မည်။ ကျွန်ုပ်တို့၏ အသက်တာ၌လည်း တဖြည်းဖြည်း ကြီးထွားလာပြီး ဘုရားသခင်နှင့် ဆက်ဆံရေးလည်း ပို၍ နီးကပ်လာမည်။
ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရာတွင် အရေးကြီးဆုံးအချက်မှာ အမှုအရာများကြုံတွေ့သည့် အခါ သမ္မာတရားကို ရှာဖွေပြီး နှုတ်ကပတ်တော်အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြစ်သည်။ သို့သော် လက်တွေ့ဘဝတွင် အမှုအရာများ ကြုံတွေ့သည့်အခါ ကျွန်ုပ်တို့သည် မိမိတို့၏ အတွေ့အကြုံ သို့မဟုတ် လူကိုအားကိုးခြင်းမှ ရလာသော နည်းလမ်းဖြင့် မကြာခဏ ကိုင်တွယ်ဖြေရှင်းလေ့ ရှိကြသည်။ သို့မဟုတ် ကျွန်ုပ်တို့၏ သဘောအတိုင်း လုပ်ဆောင်လေ့ရှိသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာဖြင့် သမ္မာတရားရှာဖွေခြင်းနှင့် သူ၏ အလိုတော်အတိုင်း လုပ်ဆောင်ခြင်းမှာ မရှိသလောက်နည်းပါးသည်။ ယင်းက ကျွန်ုပ်တို့အား လက်တွေ့လုပ်ဆောင်သော အခွင့်အရေးများကို ဆုံးရှုံးစေပြီး ဘုရားသခင်နှင့်လည်း ပို၍ ဝေးကွာသွားစေသည်။ ဘုရားသခင် ပြောသည်မှာ- “သင်လုပ်ဆောင်နေသည့်အရာ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ ကိစ္စရပ်တစ်ခုသည် မည်မျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ မိသားစုထဲက သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ထိုအရာကို လုပ်ဆောင်နေသည်ဖြစ်စေ သို့မဟုတ် သင်၏ ကိုယ်ပိုင် သီးသန့်အကြောင်းရင်းများကြောင့် လုပ်ဆောင်နေသည်ဖြစ်စေ၊ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိအပြင်၊ ယင်းသည် လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်၊ မဟုတ်ဆိုသည်တို့ကို သင် သုံးသပ်ဆင်ခြင်ရမည်။ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် သမ္မာတရားကို ထိုသို့ သင် ရှာဖွေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပေသည်။” (ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏)။ “သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။…” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၁)။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့အတွက် ရှင်းလင်းသော လမ်းကို ညွှန်ပြသည်။ ကျွန်ုပ်တို့သည် အသင်းတော်၌ အမှုတော်ဆောင်နေသည်ဖြစ်စေ၊ ကျွန်ုပ်တို့ ဘဝအသက်တာ၌ ဖြစ်ပျက်နေသော အရာများကို ကိုင်တွယ်သည်ဖြစ်စေ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင့်အလိုတော်ကို နားလည်ရမည်။ ထို့အပြင် မည်သို့ လုပ်ဆောင်မှ သခင့်သတ်မှတ်အချက်များ နှင့် ကိုက်ညီမည် ဆိုသည်တို့ကိုလည်း ချင့်ချိန်ရမည်။ သမ္မာတရားကို အသုံးပြုပြီး အမှုအရာအားလုံးကို ကိုင်တွယ်ဖြေရှင်း၍ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ထိန်းထားရမည်။
ဥပမာအားဖြင့် ကျွန်ုပ်သည် အိမ်ထောင်ဖက်ကို ရွေးချယ်ခြင်း၌ သမ္မာတရားကို မည်သို့ ရှာဖွေရမည်နည်း။ ကျွန်ုပ်တို့သည် အိမ်ထောင်ဖက်ကို ရှာဖွေသောအခါ ကျွန်ုပ်တို့၏ ကိုယ်ပိုင် နှစ်သက်မှုများအရ သူတစ်ပါး၏ အသွင်အပြင်၊ ပင်ကိုစရိုက်ကို အာရုံစိုက်လေသည်။ အရပ်ရှည်သော၊ ချမ်းသာကြွယ်ဝသော၊ ရုပ်ဖြောင့်သော၊ ဖြူသော၊ လှပသောသူကို ရှာကြလေသည်။ ထိုကဲ့သို့သောသူကို လက်ထပ်ခြင်းသည် ပျော်ရွှင်မှုရှိသည့်အပြင် နောင်တွင် ဇာတိပကတိသက်သောင့်သက်သာ ရှိပြီး မျက်နှာပွင့်သည်ဟု ကျွန်ုပ်တို့ ထင်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ထိုကဲ့သို့သောသူကို ရှာဖွေခြင်းသည် ကျွန်ုပ်တို့၏ ဘုရားသခင်ကို ယုံကြည်မှုနှင့် ကျွန်ုပ်တို့၏ အသက်တာ ကြီးထွားမှုအတွက် အကျိုးရှိမရှိ ဆိုသည်တို့ကို စဉ်းစားဖူးပါသလား။ အကယ်၍ ထိုအိမ်ထောင်ဖက်က ဘုရားသခင်ကို မယုံကြည်ဘဲ ကျွန်ုပ်တို့ကိုလည်း ဘုရားသခင်အား မယုံကြည်ရန် တားဆီးပါက အကျိုးဆက်မှာ အဘယ်နည်း။ သမ္မာကျမ်းစာ ပြောသည်မှာ- “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ (ကောရိန္သု သြဝါဒစာဒုတိယစောင် ၆:၁၄)။ ယင်းမှ မြင်တွေ့နိုင်သည်မှာ ဘုရားသခင်အား ယုံကြည်သောသူများနှင့် မယုံကြည်သောသူများသည် ရည်မှန်းချက်မတူကြပါ။ ယုံကြည်မှုကိစ္စနှင့် လူမှုရေစီးကြောင်းနှင့် ပတ်သက်၍ ၎င်းတို့သည် ကွဲပြားသောအမြင်များနှင့် ရည်မှန်းချက်များရှိသည်- ခရစ်ယာန်များသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သောလမ်းကြောင်းကို လျှောက်လှမ်းပြီး မယုံကြည်သူများသည် လောက၏ ဆိုးယုတ်သော ရေစီးကြောင်းနောက် လိုက်လျှောက်မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မယုံကြည်သူနှင့် ပေါင်းသင်းခြင်းသည် တစ်ဦးနှင့် တစ်ဦးသက်ရောက်မှု ရှိစေပြီး ကျွန်ုပ်တို့၏အသက်တာ ကြီးထွားမှုကို နှောင့်နှေးစေလိမ့်မည်။ ထို့ကြောင့်၊ အိမ်ထောင်ဖက် ရွေးချယ်ခြင်းကိစ္စတွင် ကျွန်ုပ်တို့သည် အိမ်ထောင်ဖက်၏ လူ့သဘာဝ၊ အရည်အသွေး၊ သူနှင့် ပတ်သက်ခြင်းသည် ကျွန်ုပ်တို့ ဘုရားသခင်၌ ယုံကြည်မှုအတွက် အကျိုးရှိမရှိ၊ နှစ်ဦးကြားတွင် ဘုံဘာသာစကားရှိမရှိ နှင့် တူညီသော ရည်မှန်းချက် ရှိမရှိ ဆိုသည်တို့ကို ထည့်သွင်းစဉ်းစားရမည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤအရာများကို ထည့်သွင်းစဥ်းစားခြင်း မရှိဘဲ လူတို့၏ အပြင်ပန်းသဏ္ဌာန်နှင့် မိသားစုအခြေအနေများကိုသာ အာရုံစိုက်ပါက လက်ထပ်ပြီးနောက် ဘုံဘာသာစကားမရှိသောကြောင့် နာကျင်မှု ခံစားရလိမ့်မည်။ အကယ်၍ သူသည် ကျွန်ုပ်တို့ ဘုရားသခင်၌ ယုံကြည်ခြင်းကို ဟန့်တားလျှင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အသက်တာကို ပျက်စီးစေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသက်တာ၌ မည်သည့်အရာဖြစ်စေ၊ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင့်အလိုတော်ကို ရှာဖွေခြင်း နှင့် သူ၏ အလိုတော်အတိုင်းလုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်မှုထဲတွင် အသက်ရှင်နိုင်ပြီး ဘုရားသခင်နှင့် ဆက်ဆံရေးလည်း ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်မည်ကို ယင်းမှ မြင်တွေ့နိုင်သည်။
ယေဟောဝါဘုရား မိန့်တော်မူသည်မှာ- “ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။” (ဟဂ္ဂဲ အနာဂတ္တိကျမ်း ၁:၇)။ ဘုရားသခင်၏နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့ မြင်တွေ့နိုင်သည်မှာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းသည် ကျွန်ုပ်တို့၏ အသက်တာကြီးထွားခြင်း အတွက် မရှိမဖြစ်လိုအပ်သည်။ ဆင်ခြင်သုံးသပ်ခြင်းမှ တစ်ဆင့် ကျွန်ုပ်တို့သည် အလွန်အမင်း ချို့တဲ့နေကြောင်း နှင့် ဘုရားသခင့်တောင်းဆိုချက်များနှင့် ဝေးကွာနေကြောင်း တွေ့ရသည်။ ၎င်းသည် သမ္မာတရားကို ရှာဖွေရန်၊ ဇာတိပကတိကို ကျောခိုင်းရန် နှင့် ဘုရားသခင့်နှုတ်ကပတ်တော်နှင့် အညီ အတတ်နိုင်ဆုံးလုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အမှန်တကယ် အတွေ့အကြုံ၌ ဘုရားသခင့် သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခြင်း၊ နှုတ်ကပတ်တော် ကျင့်သုံးခြင်းနှင့် ဘုရားသခင်နှင့် ဆက်ဆံရေး ပို၍ ပုံမှန်ဖြစ်လာအောင် အာရုံစိုက်လိမ့်မည်။ ဥပမာ၊ ညီအစ်ကို မောင်နှမ အချို့သည် အသင်းတော်ခေါင်းဆောင်များ ဖြစ်ကြပြီး သမ္မာကျမ်းစာကို ဤသို့ ဖတ်ကြသည်- “သိုးတို့နှင့်အတူရှိသောဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှု အုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စု ရှေ့မှာပုံသက်သေကိုပြသောသူဖြစ်ကြလော့။”(ရှင်ပေတရုသြဝါဒစာပဌမစောင် ၅:၂-၃)။ ကျွန်ုပ်တို့သည် ညီအစ်ကို မောင်နှမများကို ထောက်ပံ့သောအခါ သခင့်နှုတ်ကပတ်တော်နှင့် အလိုတော်ကို သက်သေခံခြင်း နှင့် ညီအစ်ကို မောင်နှမများအား ဘုရားသခင့် ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းကို အာရုံစိုက်ခြင်းလော့၊ သို့မဟုတ် တရားဟောခြင်းသည် မိမိကိုယ်ကို ထင်ပေါ်ဖို့ ဝါကြွားခြင်း၊ ညီအစ်ကိုမောင်နှမတို့၏ ကြည်ညိုလေးစားခြင်းနှင့် အထင်ကြီးခြင်း ခံရဖို့လော ဆိုသည်တို့ကို ဆင်ခြင်သုံးသပ်သင့်သည်။ ညီအစ်ကို မောင်နှမများက ကျိုးကြောင်းဆီလျော်သော အကြံပြုချက်များ ပေးသည့်အခါ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ပြဿနာများကို ပြန်သုံးသပ်သည်လော၊ သို့မဟုတ် လက်ခံရန် ငြင်းပယ်သည်လော။ ထိုထက် မိမိကိုယ်ကို ဆင်ခြေပေးဖို့နှင့် ခုခံချေပဖို့လော။ ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် ကျွန်ုပ်တို့သည် အစေခံခြင်း၌ ဘုရားသခင်ကို ပုန်ကန်မှုများစွာ ရှိနေသေးသည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပြီး သမ္မာတရားကို အဆက်မပြတ် ရှာဖွေခြင်းဖြင့် ဖြေရှင်းရန်လိုအပ်သည့် ကျွန်ုပ်တို့၏ အကျင့်ပျက် စိတ်သဘောထားများ ရှိနေဆဲဖြစ်သည်ကို တွေ့ရလိမ့်မည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် နှိမ့်ချသော အသက်တာဖြင့် နေထိုင်နိုင်မည်။ ထို့အပြင် အမှုတော်ဆောင်သည့်အခါ ဘုရားသခင့်အလိုတော်ကို ပိုမိုရှာဖွေနိုင်ပြီး ဘုရားသခင့် သတ်မှတ်ချက်အတိုင်း ညီအစ်ကို မောင်နှမများကို ဦးဆောင်နိုင်မည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ပြန်လည် ဆင်ခြင်သုံးသပ်ရန် ဘုရားသခင် ရှေ့မှောက်တွင် မလာပါက ကျွန်ုပ်တို့၏ အကျင့်ပျက်မှုနှင့် အားနည်းချက်များကို သိမြင်နိုင်မည် မဟုတ်ပါ။ ထို့အစား မိမိကိုယ်ကို သမ္မာတရားလိုက်စားသောသူအဖြစ် ထင်မှတ်နေဆဲဖြစ်မည်။ ထို့ကြောင့် မိမိကိုယ်ကို ကျေနပ်ရောင့်ရဲမှု တိုးများလာပြီး မာနထောင်လွှားလာကာ ဘုရားသခင့်အလိုတော်နှင့် ကိုက်ညီမှုရှိသည်ဟု ထင်မှတ်နေလိမ့်မည်။ သို့သော် အမှန်မှာ၊ ကျွန်ုပ်တို့၏ အပြုအမူနှင့် လုပ်ရပ်များသည် ဘုရားသခင် လက်မခံနိုင်သော အရာများဖြစ်ပြီး ဘုရားသခင်၏ ရွံမုန်းခြင်းကို ခံရသည်။ ယင်းမှ မိမိကိုယ်ကို ပြန်လည် ဆင်ခြင်သုံးသပ်ခြင်းသည် အလွန်အရေးကြီးသည်ကို တွေ့မြင်နိုင်သည်။ သမ္မာတရားကို ကျင့်သုံးခြင်းသည် မိမိကိုယ်ကိုသိခြင်းအပေါ် အခြေခံထားသည်။ မိမိ၏ အကျင့်ပျက်မှုနှင့် အားနည်းချက်များကို မှန်မှန်ကန်ကန် နားလည်ခြင်းအားဖြင့်သာ နောင်တရပြီး သမ္မာတရားကို လိုက်စားရန်နှင့် ဘုရားသခင့်နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးရန် ဆန္ဒရှိနိုင်သည်။ မိမိကိုယ်ကို ပြန်လည် ဆင်ခြင်သုံးသပ်ခြင်းသည် ကျွန်ုပ်တို့၏ အသက်တာ ကြီးထွားမှုအတွက် အလွန်အကျိုးပြုသည်။ ယင်းသည် ဘုရားသခင်ထံ နေ့စဉ်ချဉ်းကပ်ရာတွင် မရှိမဖြစ်လိုအပ်သော အရေးကြီးသည့် အချက်ဖြစ်သည်။
မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းသည် နည်းလမ်းများစွာ ရှိသည်- ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပတ်တော်အရ မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်သည်။ နေ့စဉ်ဘဝ၌ ကျွန်ုပ်တို့၏ အမှားများကို သုံးသပ်နိုင်သည်။ အခြားသူများက ကျွန်ုပ်တို့၏ အားနည်းချက်များနှင့် အကျင့်ပျက်မှုများကို ထောက်ပြသောအခါ မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ရန် သာ၍ အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ ထိုထက်မက ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လူများ၏ အမှားများကို တွေ့မြင်ပြီးနောက် ကျွန်ုပ်တို့သည်လည်း မိမိကိုယ်ကို ပြန်လည် သုံးသပ်နိုင်သည်၊ သတိပေးနိုင်သည်၊ သင်ခန်းစာများနှင့် အကျိုးကျေးဇူးများကို သင်ယူနိုင်သည် အစရှိသည် တို့ဖြစ်သည်။ မိမိကိုယ်ကို သုံးသပ်ခြင်းသည် နေ့နေ့ညည ကန့်သတ်ထားခြင်း မရှိပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်အား အချိန်မရွေး၊ နေရာမရွေး ဆုတောင်းနိုင်သည်၊ ကျွန်ုပ်တို့၏အကျင့်ပျက်မှုကို သုံးသပ်ခြင်းအားဖြင့် ဘုရားသခင့်နှုတ်ကပတ်တော်၌ သူ၏အလိုတော်နှင့် သတ်မှတ်ချက်များကို ရှာဖွေပြီး အချိန်မီ နောင်တရနိုင်သည်။ သို့သော် ညတိုင်းအိပ်ရာမဝင်မီ ကျွန်ုပ်တို့၏ နေ့စဥ်ဘဝအပေါ် ယေဘုယျ ဆန်းစစ်ခြင်းသည် မိမိတို့၏ အခြေအနေကို ပိုမို ရှင်းလင်းစွာ နားလည်နိုင်ပြီး မိမိတို့၏ လုပ်ရပ်၌ မည်သည့်နေရာတွင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်းကို သိရှိကာ ယင်းနောက်တွင် ကျွန်ုပ်တို့၏ လုပ်ဆောင်မှု၌ ပိုမို လမ်းညွှန်မှု ရှိလိမ့်မည်။ ယင်းသည် ကျွန်ုပ်တို့ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောင်ခြင်းအပေါ် အကျိုးပြုမည် ဖြစ်သည်။
ညီအစ်ကို မောင်နှမတို့ အထက်ပါ အချက်၄ချက်သည် ကျွန်ုပ်တို့ ဘုရားသခင်ထံ ချဉ်းကပ်ခြင်း၏ လက်တွေ့ကျင့်ဆောင်နည်း ဖြစ်သည်။ ၎င်းအရ ကျွန်ုပ်တို့ ကျင့်သုံးနေသည်နှင့်အမျှကာလပတ်လုံး ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေး ပိုမို နီးစပ်လာလိမ့်မည်။ အမှုအရာများ ကြုံတွေ့သောအခါ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိပြီး ကျွန်ုပ်တို့ ဘုရားသခင်၏ ကောင်းချီးထဲတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့ကို ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း အပ်နှင်းပေးမည်ဖြစ်သည်။ သို့ဖြစ်၍၊ ယခုမှ စတင်လုပ်ဆောင် ကြပါစို့။