မယုံကြည်သူများဟူသော ပထမအတန်းအစားရှိ လူတို့၏ ရှင်ခြင်းနှင့် သေခြင်းသံသရာကို ငါတို့ ခုတင် ဆွေးနွေးခဲ့ကြသည်။ ယခုတွင်၊ ယုံကြည်ခြင်းရှိသည့် လူအမျိုးမျိုးဟူသော ဒုတိယအတန်းအစားကို ဆွေးနွေးကြစို့။ “ယုံကြည်ခြင်းရှိသောလူအမျိုးမျိုး၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ” သည် လွန်စွာအရေးကြီးသည့် အကြောင်းအရာ နောက်တစ်ခု ဖြစ်ကာ၊ ယင်းနှင့်သက်ဆိုင်၍ သင်တို့ နားလည်မှုအချို့ရှိရန် အလွန်လိုအပ်၏။ ပထမဦးစွာ၊ “ယုံကြည်ခြင်းရှိသောလူများ” တွင် ရှိသည့် “ယုံကြည်မှု” သည် မည်သည့်ယုံကြည်မှုများအား ရည်ညွှန်းသည်ကို ငါတို့ ပြောဆိုကြစို့- ယုဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဘရင်ဂျီဘာသာ၊ အစ္စလမ်ဘာသာနှင့် ဗုဒ္ဓဘာသာ တည်းဟူသော အဓိက ဘာသာငါးမျိုးကို ဖြစ်သည်။ မယုံကြည်သူများအပြင် ဤအဓိကဘာသာ ငါးမျိုးကို ယုံကြည်သောသူများသည် ကမ္ဘာ့လူဦးရေ၏ ကြီးမားသော အချိုးအစားတစ်ခုကို နေရာယူထားသည်။ ဤဘာသာ ငါးမျိုးအကြားတွင်၊ ၎င်းတို့၏ယုံကြည်ခြင်းမှ အသက်မွေးဝမ်းကျောင်းမှုတစ်ခု ပြုထားသောသူ အနည်းငယ်ရှိ၏၊ သို့သော် ဤဘာသာများသည် နောက်လိုက်များစွာ ရှိကြလေသည်။ ၎င်းတို့ သေဆုံးသောအခါ ကွဲပြားသည့်အရပ်တစ်ခုသို့ သွားကြလိမ့်မည်။ မည်သူနှင့် “ကွဲပြားသနည်း”။ ငါတို့ခုတင်ဆွေးနွေးနေကြသည့် မယုံကြည်သူများနှင့်- ယုံကြည်ခြင်းမရှိသူများနှင့်- ဖြစ်၏။ ၎င်းတို့သေဆုံးပြီးနောက်၊ ဤဘာသာငါးမျိုး၏ ယုံကြည်သူများသည် အခြားနေရာတစ်ခု၊ မယုံကြည်သူများမှ ကွဲပြားသည့် တစ်နေရာရာသို့ သွားကြ၏။ သို့သော် ယင်းမှာ ဖြစ်စဉ်တစ်ခုတည်း ဖြစ်နေဆဲဖြစ်သည်။ ဝိညာဉ်လောကသည် ထိုနည်းတူ ၎င်းတို့မသေဆုံးမီ လုပ်ဆောင်ခဲ့သည့်အရာအားလုံးအပေါ် အခြေပြု၍ ၎င်းတို့ကို တရားစီရင်လိမ့်မည် ဖြစ်သည်၊ ထို့နောက်တွင် ၎င်းတို့သည် လျော်ညီစွာ ကိုင်တွယ်ဖြေရှင်းခံရကြလိမ့်မည်။ သို့ရာတွင် ဤလူများသည် အရေးယူခံရရန် ကွဲပြားသော နေရာတစ်ခုသို့ အဘယ်ကြောင့် အပို့ခံရပါသနည်း။ ဤအရာအတွက် အရေးကြီးသည့် အကြောင်းရင်းတစ်ရပ် ရှိ၏။ ယင်းမှာ အဘယ်နည်း။ ယင်းကို သင်တို့အား ဥပမာတစ်ခုဖြင့် ငါရှင်းပြမည်။ သို့ရာတွင် ငါမရှင်းပြမီတွင်၊ သင်တို့သည် “၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း အနည်းငယ်သာရှိသောကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့သည် အပြည့်အဝ မယုံကြည်သူများ မဟုတ်” ဟု မိမိဘာသာ စဉ်းစားကောင်း စဉ်းစားကြလိမ့်မည်။ သို့သော်၊ ဤသည်မှာ အကြောင်းရင်း မဟုတ်ပေ။ ၎င်းတို့သည် အခြားသူများထံမှ သီးခြားထားခံရသည့် အလွန်အရေးကြီးသော အကြောင်းရင်းတစ်ရပ် ရှိ၏။
ဥပမာအနေနှင့်၊ ဗုဒ္ဓဘာသာကို ကြည့်လော့။ သင်တို့ကို ငါအမှန်တရားတစ်ခု ပြောပြမည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ပထမဦးစွာ ဗုဒ္ဓဘာသာသို့ သက်ဝင်ပြောင်းလဲပြီးသူတစ်ဦးဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့၏ ယုံကြည်ခြင်း မည်သည့်အရာဖြစ်သည်ကို သိသော လူတစ်ဦး ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့၏ဆံပင်ကို ညှပ်ကာ ဘုန်းကြီးများ သို့မဟုတ် သီလရှင်များ ဖြစ်သွားသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် လူ့လောက၏ ပွက်ပွက်ညံသံများကို ကျောခိုင်းစွန့်ခွာရင်း၊ မိမိတို့ကိုယ်ကိုယ် လောကီ ကမ္ဘာမှ ခွဲထွက်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ နေ့စဉ်၊ ၎င်းတို့သည် သုတ်များကို ရွတ်ဖတ်ပြီး ဗုဒ္ဓ၏နာမတို့ကို သံပြိုင်ရွတ်ဆိုကြသည်၊ သက်သတ်လွတ် အစာကိုသာ စားကြသည်၊ တပသီဘဝများကို နေထိုင်အသက်ရှင်ကြပြီး ၎င်းတို့၏နေ့ရက်များကို ဆီမီးခွက်၏ အေးစက်၊ မှေးမှိန်သော အလင်းရောင်ကိုသာ အဖော်ပြုလျက် ဖြတ်သန်းကြ၏။ ၎င်းတို့သည် ၎င်းတို့၏ဘဝတစ်ခုလုံးကို ဤကဲ့သို့ ကုန်ဆုံးကြသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦး၏ခန္ဓာအသက် ကုန်ဆုံးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏ဘဝ အကျဉ်းချုပ်တစ်ရပ် ပြုလုပ်၏။ သို့သော် ၎င်းတို့၏စိတ်နှလုံးများတွင် ၎င်းတို့ သေဆုံးပြီးနောက် မည်သည့်နေရာသို့ သွားမည်၊ မည်သူနှင့်တွေ့မည်၊ သို့မဟုတ် ၎င်းတို့၏ အဆုံးသတ် မည်သည့်အရာဖြစ်မည်ကို သိကြမည် မဟုတ်ပေ- စိတ်ထဲတွင်၊ ၎င်းတို့သည် ထိုသို့သော အရာများနှင့်သက်ဆိုင်၍ ရှင်းရှင်းလင်းလင်း သိကြမည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ယုံကြည်မှုတစ်ရပ်ကို ကျိုးကြောင်းမမြင်ဘဲ၊ ထိန်းသိမ်းထားခြင်းထက် ပို၍ မည်သည့်အရာမျှ လုပ်ဆောင်ပြီးကြလိမ့်မည် မဟုတ်၊ ယင်းနောက်တွင် ၎င်းတို့သည် ၎င်းတို့၏ ကျိုးကြောင်းမမြင်သော ဆန္ဒများ၊ စံများနှင့်အတူ လူ့လောကမှ ထွက်ခွာကြ၏။ ယင်းမှာ ၎င်းတို့ သက်ရှိလောကမှ ထွက်ခွာသည့်အခါ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ရုပ်ခန္ဓာဘဝ အဆုံးသတ်ခြင်းဖြစ်သည်။ ထို့နောက်တွင်၊ ၎င်းတို့သည် ဝိညာဉ်လောကရှိ ၎င်းတို့၏မူလနေရာသို့ ပြန်သွားကြသည်။ ဤလူသည် ကမ္ဘာမြေသို့ပြန်သွားရန် ပြန်ဝင်စားပြီး၊ ၎င်းတို့၏ မိမိတို့ကိုယ်ကိုယ် ပျိုးထောင်ခြင်းကို ဆက်လက်လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်မှာ ၎င်းတို့ မသေမီ ၎င်းတို့၏ အပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုတို့အပေါ် မူတည်လေသည်။ ၎င်းတို့၏တစ်သက်တာအတွင်း မည်သည့်အမှားမျှ မပြုလုပ်ခဲ့ပါက၊ ၎င်းတို့သည် လျင်မြန်စွာ ပြန်လည်လူဝင်စားကြလိမ့်မည်ဖြစ်ပြီး၊ ဤလူ့အနေဖြင့် ဘုန်းကြီး သို့မဟုတ် သီလရှင်တစ်ပါး နောက်တစ်ကြိမ် ပြန်ဖြစ်မည့် ကမ္ဘာမြေပေါ်သို့ တစ်ဖန် ပြန်ပို့ခံရလိမ့်မည် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ပထမဆုံးအကြိမ် မိမိကိုယ်ကိုယ် ပျိုးထောင်ခြင်းအား ၎င်းတို့ လက်တွေ့လုပ်ဆောင်ခဲ့ပုံနှင့်အညီ ၎င်းတို့သည် ၎င်းတို့၏ ရုပ်ခန္ဓာဘဝအတွင်း မိမိကိုယ်ကိုယ် ပျိုးထောင်ခြင်းကို လက်တွေ့လုပ်ဆောင်ကြပြီး၊ ထို့နောက် ၎င်းတို့၏ ရုပ်ခန္ဓာဘဝ နိဂုံးချုပ်သည့်နောက်တွင် ၎င်းတို့ အဆန်းစစ်ခံကြရမည့်နေရာ ဝိညာဉ်လောကသို့ ပြန်သွားကြလေသည်။ ထို့နောက်တွင်၊ မည်သည့်ပြဿနာမျှ မတွေ့ရှိရပါက၊ ၎င်းတို့သည် လူ့လောကသို့ တစ်ဖန်ပြန်လာနိုင်ကြပြီး ဗုဒ္ဓဘာသာသို့ နောက်တစ်ဖန် ကူးပြောင်းပြီး၊ ထိုသို့ဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုကို ဆက်ကြလေသည်။ သုံးကြိမ်မှ ခုနစ်ကြိမ်ထိ လူပြန်ဝင်စားပြီးနောက်၊ ရုပ်ခန္ဓာဘဝအသီးသီး ကုန်ဆုံးပြီးနောက် ၎င်းတို့ သွားသည့်နေရာဖြစ်သည့် ဝိညာဉ်လောကသို့ နောက်တစ်ဖန် ပြန်သွားကြလိမ့်မည်။ လူ့လောကထဲက ၎င်းတို့၏ အရည်အချင်းနှင့် အပြုအမူအမျိုးမျိုးသည် ဝိညာဉ်လောက၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ကိုက်ညီလျက်ရှိပါက၊ ဤအချိန်မှစ၍ ၎င်းတို့သည် ထိုနေရာတွင် ဆက်လက်တည်ရှိကြမည် ဖြစ်သည်။ ၎င်းတို့သည် လူသားအဖြစ် ပြန်ဝင်စားတော့မည်မဟုတ်သကဲ့သို့၊ ကမ္ဘာမြေပေါ်တွင် မကောင်းမှုပြုခြင်းအတွက် ၎င်းတို့ အပြစ်ပေးခံရမည့် မည်သည့်အန္တရာယ်မျှလည်း ရှိမည်မဟုတ်ပေ။ ၎င်းတို့သည် ဤဖြစ်စဉ်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဖြတ်သန်းရမည်မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့၏အခြေအနေများပေါ်မူတည်၍၊ ၎င်းတို့သည် ဝိညာဉ်နယ်ပယ်တွင် ရာထူးတစ်ခုကို ယူကြလိမ့်မည်။ ဤသည်မှာ “ဗုဒ္ဓအဖြစ်ကို ရရှိခြင်း” ဟု ဗုဒ္ဓဘာသာဝင်များ ရည်ညွှန်းသည့်အရာဖြစ်၏။ ဗုဒ္ဓအဖြစ်ကို ရရှိခြင်းဟူသည်မှာ ဝိညာဉ်လောက၏ အရာရှိတစ်ဦးအဖြစ် အောင်မြင်မှုကို ရရှိခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ပြန်ဝင်စားခြင်း သို့မဟုတ် အပြစ်ဒဏ်ခံရမည့် အန္တရာယ် မရှိတော့ခြင်းကို အဓိကအားဖြင့် ဆိုလိုသည်။ ထို့အပြင်၊ ယင်းက ပြန်ဝင်စားပြီးနောက် လူသားဖြစ်ခြင်း၏ ဒုက္ခများ ခံစားရခြင်း မရှိတော့ဟု ဆိုလိုသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် တိရစ္ဆာန် တစ်ကောင်အဖြစ် ပြန်လည်ဝင်စားမည့် အလားအလာ တစ်စုံတစ်ရာ ရှိသေးသလော။ (မရှိပါ။) ဤအရာက ၎င်းတို့သည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်၌ စတင်ပါဝင်ရန် ဆက်လက်တည်ရှိကြမည် ဖြစ်ပြီး ပြန်လည်ဝင်စားတော့မည် မဟုတ်ဟု ဆိုလိုပေသည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓအဖြစ် ပေါက်မြောက်မှုကို ရရှိခြင်းနှင့်သက်ဆိုင်သည့် ဥပမာတစ်ရပ်ဖြစ်သည်။ ပေါက်မြောက်မှုကို မရရှိသူများအတွက်မူ ၎င်းတို့၏ ဝိညာဉ်လောကသို့ ပြန်ရောက်သည့်အခါ၊ ၎င်းတို့သည် အသက်ရှင်စဉ် မိမိကိုယ်ကိုယ် ပျိုးထောင်ခြင်းအား လုံ့လဝီရိယရှိစွာ လက်တွေ့မလုပ်ဆောင်ခဲ့ သို့မဟုတ် ဗုဒ္ဓဘာသာမှ ပြဋ္ဌာန်းထားသည့်အတိုင်း သုတ်များကို ရွတ်ဖတ်ခြင်းနှင့် ဗုဒ္ဓ၏အမည်နာမတို့ကို သံပြိုင်ရွတ်ဆိုခြင်းတွင် တာဝန်မကျေပွန်ခဲ့ကြောင်း၊ ယင်းအစား မကောင်းသည့် လုပ်ရပ်များစွာကို ကျူးလွန်ခဲ့ပြီး ဆိုးယုတ်သော အမူအကျင့်များစွာ၌ ပါဝင်ခဲ့သည်ကို ရှာဖွေတွေ့ရှိသော သက်ဆိုင်ရာ အရာရှိ၏ စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းကို ခံလာရလေသည်။ ထို့နောက် ဝိညာဉ်လောကတွင် ၎င်းတို့၏ မကောင်းမှုပြုခြင်းနှင့်ပတ်သက်၍ တရားစီရင်မှုတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ၎င်းတို့အပြစ်ပေးခံရမည်မှာ သေချာပေ၏။ ဤတွင်၊ ခြွင်းချက်များ မရှိပေ။ ထိုသို့ဖြစ်သဖြင့်၊ ထိုသို့သောလူတစ်ဦးသည် ပေါက်မြောက်မှုကို မည်သည့်အချိန်တွင် ရရှိနိုင်သနည်း။ ၎င်းတို့ မကောင်းမှု ကျူးလွန်ခြင်းမရှိသည့် တစ်သက်တာတွင်- ဝိညာဉ်လောကသို့ ပြန်သွားကြပြီးနောက် ၎င်းတို့မသေဆုံးမီ မည်သည့်အမှားမျှ မလုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ထို့နောက် ၎င်းတို့သည် သုတ်များကို ဆက်လက်ရွတ်ဖတ်ရင်းနှင့် ဗုဒ္ဓ၏အမည်နာမတို့ကို သံပြိုင်ရွတ်ဆိုရင်း၊ ၎င်းတို့၏နေ့ရက်များကို ဆီမီး၏ အေးစက် မှေးမှိန်သော အလင်းရောင်ဖြင့် ဖြတ်သန်းရင်း၊ မည်သည့်သက်ရှိကိုမျှ သတ်ဖြတ်ခြင်း သို့မဟုတ် အသားတစ်ခုတစ်လေ စားခြင်းကို ရှောင်ကြဉ်ရင်း၊ ဆက်လက် ပြန်ဝင်စားကြလေသည်။ ၎င်းတို့သည် လူ့လောက ဒုက္ခများကို အဝေး၌ ချန်ရင်းနှင့် အခြားသူများနှင့် အငြင်းပွားခြင်းမရှိဘဲလျက်၊ လူ့လောကတွင် ပါဝင်ခြင်းမရှိကြပေ။ ဤဖြစ်စဉ်တွင်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုမျှ မကျုးလွန်ကြပါက၊ ဝိညာဉ်လောကသို့ ၎င်းတို့ ပြန်သွားကြပြီး ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူအားလုံး ဆန်းစစ်ခံရပြီးနောက်တွင် ၎င်းတို့သည် သုံးကြိမ်မှ ခုနှစ်ကြိမ်အထိ ဆက်ဖြစ်သည့် သံသရာတစ်ခုဖြင့် လူသားနယ်ပယ်ထဲသို့ နောက်တစ်ဖန် ပြန်ပို့ ခံရကြလေသည်။ ဤအချိန်အတွင်းတွင် လက်မခံနိုင်ဖွယ် အပြုအမူကို မကျူးလွန်ပါက၊ ၎င်းတို့၏ ဗုဒ္ဓအဖြစ်ကို ရရှိခြင်းသည် ထိခိုက်ခြင်းရှိမနေသကဲ့သို့ နှောင့်နှေးလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ယုံကြည်ခြင်းရှိသူအားလုံး၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ၏ အင်္ဂါရပ်တစ်ခုဖြစ်သည်။ ၎င်းတို့သည် “ပေါက်မြောက်မှုကို ရရှိနိုင်” ကြသကဲ့သို့၊ ဝိညာဉ်လောကတွင် ရာထူးတစ်ရပ်ကို ရယူနိုင်ကြလေသည်။ ဤသည်မှာ မယုံကြည်သူများနှင့် ၎င်းတို့ကို ကွဲပြားစေသည့်အရာ ဖြစ်၏။ ပထမဦးစွာ၊ ၎င်းတို့သည် ကမ္ဘာမြေပေါ် အသက်ရှင်ဆဲရှိစဉ်တွင်၊ ဝိညာဉ်လောကတွင် ရာထူးတစ်ရပ် လက်ခံနိုင်သောသူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်ကြသနည်း။ ၎င်းတို့အနေဖြင့် မည်သည့်မကောင်းမှုမျှ လုံးဝမပြုရန် သေချာရမည်။ ၎င်းတို့အနေဖြင့်၊ လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှု သို့မဟုတ် တိုက်ခိုက်လုယက်မှုကို မကျူးလွန်ရ။ လိမ်လည်မှု၊ လှည့်ဖြားမှု၊ ခိုးမှု သို့မဟုတ် လုယက်မှုတို့ကို ၎င်းတို့ ကျူးလွန်ပါက၊ ၎င်းတို့သည် ပေါက်မြောက်မှု မရရှိနိုင်ပေ။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် မကောင်းမှုပြုခြင်းနှင့် ဆက်စပ်မှု သို့မဟုတ် နှီးနွှယ်မှု တစ်ခုတစ်လေရှိပါက၊ ဝိညာဉ်လောကက ၎င်းတို့ကို ပေးသည့် အပြစ်ဒဏ်မှ ၎င်းတို့ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ဗုဒ္ဓအဖြစ်ကို ရရှိသော ဗုဒ္ဓဘာသာဝင်များအတွက် ဝိညာဉ်လောကသည် သင့်တော်သော အစီအမံများ ပြုလုပ်ပေးသည်- ဗုဒ္ဓဘာသာနှင့် ကောင်းကင်က အဖိုးအိုတို့ကို ယုံကြည်ပုံရသူများကို စီမံအုပ်ချုပ်ရန် ၎င်းတို့ တာဝန်ပေးခံရနိုင်သည်- ၎င်းတို့အနေဖြင့် တရားစီရင်ပိုင်ခွင့်တစ်ခု ခွဲဝေသတ်မှတ်ပေးခံရနိုင်သည်။ ၎င်းတို့အနေဖြင့် မယုံကြည်သူများကိုလည်း ကွပ်ကဲအုပ်ချုပ်ကောင်း အုပ်ချုပ်နိုင်သည် သို့မဟုတ် သိပ်အရေးမပါသော တာဝန်များဖြင့် ရာထူးများ ရှိကောင်းရှိနိုင်ပေသည်။ ထိုသို့သော ခွဲဝေသတ်မှတ်ခြင်းသည် ၎င်းတို့ ဝိညာဉ်များ၏ အမျိုးမျိုးသော သဘာဝများနှင့်အညီ ဖြစ်ပေသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ ဥပမာတစ်ရပ်ဖြစ်သည်။
ငါတို့ ပြောဆိုပြီးဖြစ်သည့် ဘာသာငါးခုထဲတွင်၊ ခရစ်ယာန်ဘာသာသည် တော်တော်ထူးခြား၏။ မည်သည့်အရာက ခရစ်ယာန်ဘာသာကို အလွန် ထူးခြားစေသနည်း။ ဤသူတို့သည် စစ်မှန်သောဘုရားသခင်ကို ယုံကြည်ကြသည့် လူများ ဖြစ်၏။ စစ်မှန်သောဘုရားသခင်ကို ယုံကြည်သောသူများသည် ဤနေရာတွင် မည်သို့ စာရင်းသွင်းခံရနိုင်သနည်း။ ခရစ်ယာန်ဘာသာသည် ယုံကြည်ခြင်း တစ်မျိုးဖြစ်သည်ဟု ဆိုရာတွင်၊ ယင်းသည် ယုံကြည်ခြင်းနှင့်သာ အသေအချာ သက်ဆိုင်ပေမည်။ ယင်းသည် အခမ်းအနားတစ်မျိုး၊ ဘာသာတရားတစ်မျိုးနှင့် စစ်မှန်ရိုးသားစွာ ဘုရားသခင်နောက်လိုက်သူများ၏ ယုံကြည်ခြင်းမှ လုံးဝ ကွဲပြားသည့် အရာတစ်ခုမျှ ဖြစ်ပေမည်။ “အဓိကဘာသာ ငါးမျိုး” ထဲတွင် ခရစ်ယာန်ဘာသာကို ငါ စာရင်းသွင်းရသည့် အကြောင်းရင်းမှာ ခရစ်ယာန်ဘာသာသည် ယုဒဘာသာ၊ ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာတို့၏ အဆင့်သို့ လျှော့ချခံရခဲ့သောကြောင့် ဖြစ်၏။ ဤနေရာမှ လူအများစုသည် ဘုရားသခင် တည်ရှိခြင်းကို ယုံကြည်ဖို့မပြောနှင့်၊ ဘုရားသခင်ရှိသည် သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အုပ်စိုးသည်ကို မယုံကြည်ကြချေ။ ယင်းအစား ၎င်းတို့သည် ဓမ္မပညာ ဆွေးနွေးရန် ကျမ်းစာကို အသုံးပြုရုံမျှပြုကြပြီး၊ ကြင်နာရန်၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန်နှင့် ကောင်းသောအရာများကို လုပ်ဆောင်ရန် လူတို့အား သွန်သင်ဖို့ ဓမ္မပညာကို အသုံးပြုကြ၏။ ခရစ်ယာန်ဘာသာသည် ထိုသို့သောဘာသာတရားမျိုး ဖြစ်လာပြီဖြစ်သည်- ယင်းသည် လူသားကို စီမံခြင်းနှင့် ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အမှုနှင့် မည်သည့် ဆက်နွှယ်မှုမျှ လုံးဝ မရှိဘဲလျက်၊ ဓမ္မပညာဆိုင်ရာ သဘောတရားများအပေါ်သာ အာရုံစိုက်လေသည်။ ယင်းသည် ဘုရားသခင်နောက်လိုက်သော်လည်း၊ ဘုရားသခင်၏ အမှန်တကယ် အသိအမှတ်ပြုခြင်းမခံရသည့် လူတို့၏ ဘာသာတရားတစ်ခု ဖြစ်လာလေပြီ။ သို့သော်၊ ဘုရားသခင်သည် ထိုသို့သောလူတို့ကို ချဉ်းကပ်ရာတွင်လည်း အခြေခံသဘောတရားတစ်ခု ရှိ၏။ သူသည် ၎င်းတို့အား မယုံကြည်သူများကို ဆက်ဆံကိုင်တွယ်သကဲ့သို့ သဘောရှိ သာမန်ကာလျှံကာ ဆက်ဆံခြင်း သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်း မပြုပေ။ ၎င်းတို့ကို ဗုဒ္ဓဘာသာဝင်များအား သူဆက်ဆံသည့်နည်းတူ ဆက်ဆံလေသည်။ အသက်ရှင်နေစဉ်တွင် ခရစ်ယာန်တစ်ဦးသည် ကိုယ့်စည်းကမ်းနှင့်ကိုယ်နေခြင်းကို ကျင့်သုံးနိုင်ပါက၊ ပညတ်တော်ဆယ်ပါးကို တင်းကျပ်စွာ လိုက်နာပြီး ပညတ်တရားနှင့် ပညတ်တော်များနှင့်အညီ မိမိတို့ကိုယ်တိုင်၏ အပြုအမူနှင့်သက်ဆိုင်၍ တောင်းဆိုချက်များပြုကာ ယင်းတို့ကို ၎င်းတို့၏အသက်တာတစ်ခုလုံး လိုက်နာနိုင်ပါက၊ ၎င်းတို့အနေဖြင့် “ချီဆောင်ခြင်း” ဟုခေါ်သည့်အရာကို အမှန်တကယ် မရရှိနိုင်မီ ရှင်ခြင်းနှင့်သေခြင်းသံသရာများကို ဖြတ်သန်းရင်း တူညီသောအချိန်ပမာဏကို ကုန်ဆုံးရမည်ဖြစ်သည်။ ဤချီဆောင်ခြင်းကို ရရှိပြီးနောက်တွင်၊ ၎င်းတို့သည် ရာထူးတစ်ရပ် လက်ခံကာ ယင်း၏ အရာရှိများထဲမှ တစ်ဦးဖြစ်လာသည့်နေရာ ဝိညာဉ်လောကထဲတွင် ဆက်လက်တည်ရှိကြလေသည်။ အလားတူပင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် မကောင်းမှုကျူးလွန်ပါက- ၎င်းတို့သည် အလွန်အပြစ်နှင့်ပြည့်ကာ များလှစွာသော အပြစ်များကို ကျူးလွန်ပါက- ၎င်းတို့သည် ခြားနားသော ပြင်းထန်မှုဖြင့် မလွဲဧကန် အပြစ်ပေးခံရပြီး ဆုံးမပဲ့ပြင်ခံရကြမည် ဖြစ်သည်။ ဗုဒ္ဓဘာသာတွင်၊ ပေါက်မြောက်မှုကို ရရှိခြင်းဆိုသည်မှာ အဆုံးစွန် သုခတည်းဟူသော စင်ကြယ်သည့် နယ်မြေသို့ ရှေ့ဆက်ခြင်းဟု ဆိုလိုသော်လည်း၊ ခရစ်ယာန်ဘာသာတွင် ယင်းကို မည်သို့ခေါ်ဝေါ်ကြသနည်း။ ယင်းကို “ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ခြင်း” နှင့် “ချီဆောင်ခံရခြင်း” ဟု ခေါ်၏။ အမှန်တကယ် ချီဆောင်ခံရသူတို့သည်လည်း ရှင်ခြင်းနှင့်သေခြင်း သံသရာကို သုံးကြိမ်မှ ခုနစ်ကြိမ်ထိ ဖြတ်သန်းရပြီး၊ ထို့နောက်တွင် သေဆုံးပြီးနောက်၊ ၎င်းတို့ အိပ်ပျော်သွားသည့်အလား ဝိညာဉ်လောကသို့ ရောက်လာကြ၏။ ၎င်းတို့သည် စံချိန်မီပါက၊ ရာထူးတစ်ခုကို ရယူရန် ထိုနေရာတွင် ဆက်တည်ရှိနိုင်ပြီး၊ ကမ္ဘာမြေပေါ်ရှိ လူတို့နှင့် မတူဘဲ ရိုးရှင်းသောနည်းလမ်းတစ်ခုဖြင့် သို့မဟုတ် အစဉ်အလာအတိုင်း ပြန်ဝင်စားကြလိမ့်မည် မဟုတ်ပေ။
ဤဘာသာအားလုံးအကြားတွင်၊ ၎င်းတို့ပြောဆို၍ ၎င်းတို့ရရှိအောင် ကြိုးပမ်းသည့် နိဂုံးသည် ဗုဒ္ဓဘာသာတွင် ပေါက်မြောက်မှု ရရှိခြင်းနှင့် အတူတူဖြစ်သည်။ ဤ “ပေါက်မြောက်မှု” ကို ကွဲပြားသော နည်းလမ်းများဖြင့် ရရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဖြစ်ကြ၏။ ၎င်းတို့၏အပြုအမူတွင် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာ လိုက်နာနိုင်သော ဤဘာသာများ၏ နောက်လိုက်များ တစ်စိတ်တစ်ပိုင်းအတွက်၊ ဘုရားသခင်သည် သင့်တော်သော ပန်းတိုင်တစ်ခု၊ သင့်တော်သည့် သွားစရာနေရာတစ်ခု ပေးပြီး ၎င်းတို့ကို သင့်လျော်စွာ ကိုင်တွယ်၏။ ဤအရာအားလုံးသည် ကျိုးကြောင်းဆီလျော်သော်လည်း၊ လူတို့စိတ်ကူးသကဲ့သို့ မဟုတ်ပေ၊ မှန်သည် မဟုတ်လော။ ယခုတွင်၊ ခရစ်ယာန်ဘာသာထဲက လူတို့အား မည်သည့်အရာ ဖြစ်ပျက်သည့်အကြောင်းကို ကြားရပြီးနောက်၊ သင်တို့ မည်သို့ခံစားရသနည်း။ ၎င်းတို့၏ အတိဒုက္ခသည် မမျှတဟု သင် ခံစားရသလော။ ၎င်းတို့ကို စာနာသလော။ (အနည်းငယ် စာနာပါသည်။) လုပ်ဆောင်၍ရသောအရာ ဘာမျှ မရှိပေ။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ်သာ အပြစ်တင်စရာရှိ၏။ ငါသည် ဤအရာကို အဘယ်ကြောင့်ပြောသနည်း။ ဘုရားသခင်၏အမှုသည် စစ်မှန်၏။ သူသည် အသက်ရှင်ကာ အကယ်ရှိပြီး၊ သူ၏အမှုသည် လူသားမျိုးနွယ် အားလုံးနှင့် လူတစ်ဦးစီတိုင်းကို ရည်ရွယ်၏။ ထိုသို့ဖြစ်လျှင် ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို အလွန်ထိတ်ထိတ်ပျာပျာ ဆန့်ကျင်ပြီး ညှဉ်းပန်းနှိပ်စက်ကြသနည်း။ ဤသို့သော နိဂုံးမျိုးကို ရရှိဖို့ပင် မိမိတို့ကိုယ်ကိုယ် ကံကောင်းသည်ဟု ၎င်းတို့ စဉ်းစားသင့်သည်၊ ထိုသို့ဆိုလျှင် သင်တို့သည် ၎င်းတို့အတွက် အဘယ်ကြောင့် စိတ်မကောင်းဖြစ်ကြသနည်း။ ၎င်းတို့ ဤသို့ကိုင်တွယ်ခံရခြင်းသည် ကြီးမားသော သည်းခံမှုကိုပြ၏။ ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်သည့်အတိုင်းအတာကို ထောက်ဆလျှင်၊ ၎င်းတို့သည် ဖျက်ဆီးခံရသင့်သော်လည်း၊ ဘုရားသခင်သည် ဤအရာကို မလုပ်ဆောင်ပေ။ ယင်းအစား သူသည် ခရစ်ယာန်ဘာသာအား သာမန်ဘာသာ တစ်စုံတစ်ခုကဲ့သို့ အလားတူ တကယ်ကို ကိုင်တွယ်လေသည်။ ထို့ကြောင့်၊ အခြားဘာသာများ အကြောင်း အသေးစိတ်ပြောရန် လိုအပ်မှုတစ်စုံတစ်ရာ ရှိသလော။ ဤဘာသာတရားအားလုံး၏ သီးခြားလက္ခဏာမှာ လူတို့အနေဖြင့် အခက်အခဲကို သာ၍ခံစားရန်၊ မကောင်းမှု မပြုရန်၊ ကောင်းသော လုပ်ရပ်များ လုပ်ဆောင်ရန်၊ သူတစ်ပါးအား ဆဲရေးခြင်း မပြုရန်၊ သူတစ်ပါးအပေါ် ဝေဖန်ချက်မပေးရန်၊ အငြင်းပွားမှုများမှ မိမိကိုယ်ကိုယ် ကင်းအောင်နေရန်နှင့် လူကောင်းများဖြစ်ရန်တို့ ဖြစ်၏- ဘာသာရေး သွန်သင်မှု အများစုမှာ ဤကဲ့သို့ဖြစ်၏။ ထို့ကြောင့် ဤယုံကြည်မှု ရှိသူများ- ဘာသာတရား အမျိုးမျိုးနှင့် ဂိုဏ်းဂဏအမျိုးမျိုး၏ ဤနောက်လိုက်များသည်- ၎င်းတို့၏ ဘာသာရေးကျင့်ဝတ်သီလများကို တင်းကျပ်စွာ လိုက်နာနိုင်ကြပါက၊ ကမ္ဘာမြေပေါ်တွင် ၎င်းတို့ရှိကြသည့် အချိန်အတွင်းတွင် ကြီးမားသောအမှားများ သို့မဟုတ် အပြစ်များ ကျူးလွန်မိကြမည် မဟုတ်ပေ။ ပြီးလျှင် သုံးကြိမ်မှ ခုနစ်ကြိမ်ထိ ပြန်ဝင်စားပြီးနောက်တွင် ဤလူများသည်- ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာလိုက်နာနိုင်သော သူများသည်- အများအားဖြင့် ဝိညာဉ်လောကတွင် ရာထူးတစ်ခုကို လက်ခံရန် ဆက်လက်တည်ရှိကြမည် ဖြစ်သည်။ ထိုသို့သောလူများ အများအပြား ရှိသလော။ (အများအပြားမရှိပါ။) သင်၏အဖြေကို မည်သည့်အရာအပေါ် အခြေပြုသနည်း။ ကောင်းမှုပြုဖို့နှင့် ဘာသာရေး စည်းမျဉ်းများနှင့် ပညတ်များကို လိုက်နာဖို့မှာ မလွယ်ကူပေ။ ဗုဒ္ဓဘာသာသည် လူတို့အား အသားစားခွင့်မပြုပေ- ယင်းကို သင် လုပ်ဆောင်နိုင်မည်လော။ သင်သည် မီးခိုးရောင် ဝတ်ရုံများဝတ်ရပြီး ဗုဒ္ဓဘာသာဘုရားကျောင်းများတွင် တစ်နေကုန် သုတ်များ ရွတ်ဖတ်ပြီး ဗုဒ္ဓ၏အမည်နာမများ သံပြိုင်ရွတ်ဆိုရမည်ဆိုပါက၊ ယင်းကို သင်လုပ်ဆောင်နိုင်မည်လော။ လွယ်ကူမည်မဟုတ်ပေ။ ခရစ်ယာန်ဘာသာတွင် ပညတ်တော်ဆယ်ပါး၊ ပညတ်ချက်များနှင့် ပညတ်တရားများရှိ၏၊ ဤအရာများသည် လိုက်နာရန် လွယ်ကူသလော။ မလွယ်ကူပေ။ ဥပမာအားဖြင့်- သူတစ်ပါးကို ဆဲရေးခြင်းမပြုရဟူသည်ကို ကြည့်လော့- လူတို့သည် ဤစည်းကမ်းကို တကယ်ကို လိုက်နာနိုင်စွမ်း မရှိပေ။ မိမိတို့ကိုယ်ကိုယ် မတားဆီးနိုင်ဘဲလျက်၊ ၎င်းတို့ ဆဲရေးကြ၏- ပြီးလျှင် ဆဲရေးပြီးနောက်၊ ၎င်းတို့သည် ထိုစကားများကို ပြန်မရုပ်သိမ်းနိုင်ကြချေ၊ ထို့ကြောင့် ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်ကြသနည်း။ ညတွင် ၎င်းတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြ၏။ တစ်ခါတစ်ရံတွင်၊ အခြားသူများကို ၎င်းတို့ဆဲရေးပြီးနောက်၊ ၎င်းတို့၏စိတ်နှလုံးများတွင် အမုန်းတရားကို သိုထားကြဆဲဖြစ်ပြီး၊ ၎င်းတို့သည် ထိုသူတို့အား နောက်ထပ် အန္တရာယ်ပြုဖို့ အချိန်တစ်ခုကို အသေးစိတ်စီမံချက် ရေးဆွဲကြသည်ထိပင် လုပ်ဆောင်ကြလေသည်။ အတိုချုပ်အနေဖြင့်၊ သေဆုံးနေသော ဤတရားသေဝါဒ အလယ်တွင် အသက်ရှင်ကြသူတို့အတွက် အပြစ်ပြုခြင်း သို့မဟုတ် မကောင်းမှုကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့်၊ ဘာသာတရားတိုင်းတွင် လက်တစ်ဆုပ်စာ လူတို့သာလျှင် ပေါက်မြောက်မှုကို အမှန်တကယ် ရရှိနိုင်ကြ၏။ ဤဘာသာတရားများနောက် အလွန်များလှသော လူတို့က လိုက်ကြသောကြောင့်၊ ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်ကို လက်ခံရန် အတော်များများက ဆက်လက် တည်ရှိနိုင်ကြမည်ဟု သင်ယူဆ၏။ သို့ရာတွင်၊ ထိုမျှမများပေ။ အနည်းငယ်သာလျှင် ဤအရာကို အမှန်တကယ် ရရှိနိုင်ကြလေသည်။ ယင်းမှာ ယုံကြည်ခြင်းရှိသောလူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာအတွက် ယေဘုယျအားဖြင့် ထိုမျှသာ ဖြစ်သည်။ ၎င်းတို့ကို ကွာခြားစေသည့်အရာမှာ ၎င်းတို့သည် ပေါက်မြောက်မှုကို ရရှိနိုင်ကြပြီး၊ ဤသည်မှာ ၎င်းတို့ကို မယုံကြည်သူများနှင့် ကွာခြားစေသည့်အရာ ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ