၁၁။ ဆုတောင်းခြင်းဟူသည် ပုံသေကျင့်စဉ်တစ်မျိုး မဟုတ်ပေ၊ ယင်းသည် လူတို့နှင့် ဘုရားသခင်အကြား စစ်မှန်သော အတူခံစားခြင်းတစ်ခုဖြစ်ပြီး၊ ယင်း၌ အလွန်လေးနက်သော အဓိပ္ပာယ်ပါရှိသည်။ လူတို့၏ ဆုတောင်းချက်များမှ သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်အစေခံနေကြောင်း ကျွန်ုပ်တို့ တွေ့ရှိနိုင်သည်၊ အကယ်၍ သင်သည် ဆုတောင်းခြင်းကို ပုံသေကျင့်စဥ်တစ်ခုအဖြစ် ရှုမြင်လျှင် သင်သည် ဘုရားသခင်ကို ကောင်းစွာ အစေခံလိမ့်မည် မဟုတ်သည်ကား သေချာပေသည်။ အကယ်၍ သင်၏ ဆုတောင်းချက်များကို အလွန် လေးနက်စွာ သို့မဟုတ် အရင်းခံရိုးသားမှုနှင့် မတောင်းပါက ဘုရားသခင်၏ ရှုထောင့်မှ၊ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် သင် မတည်ရှိပေဟု ပြောနိုင်လေသည်၊ ထိုသို့ဖြစ်ပါလျှင် သင်သည် သင့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်အား အဘယ်သို့ အလုပ်လုပ်စေနိုင်မည်နည်း။ ရလဒ်မှာ အချိန်ကာလတစ်ခုကြာ လုပ်ဆောင်ပြီးသောအခါ သင် ခြေကုန်လက်ပန်း ကျလာမည်သာ ဖြစ်လိမ့်သည်။ ယခုမှစ၍ ဆုတောင်းခြင်းမပါဘဲ သင် အလုပ်လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အလုပ်လုပ်ဆောင်ခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းဖြစ်ပြီး၊ အစေခံခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းပင်ဖြစ်သည်။ သင်သည် ဦးဆောင်ဦးရွက်ပြုသူ ဖြစ်ပြီး ဘုရားသခင်ကို အစေခံသော လူတစ်ဦးဖြစ်လျက်နှင့် သင်သည် ဆုတောင်းခြင်း၌ သင့်ကိုယ်သင် မည်သည့်အခါမျှ မဆက်ကပ်လျှင် သို့မဟုတ် သင့်ဆုတောင်းချက်များ၌ မည်သည့်အခါမျှ အလေးအနက်မရှိခဲ့လျှင်မူ၊ သင်အစေခံသည့် ပုံစံမှာ သင့်ကို လဲကျစေ၍ ဇာတ်သိမ်းလိမ့်မည်ဖြစ်သည်။...သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ မကြာခဏ ဝင်ရောက်နိုင်ပြီး သူ့ထံ မကြာခဏ ဆုတောင်းနိုင်လျှင် သင်သည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံပြုမူကြောင်း ထိုအရာက သက်သေပြသည်။ အကယ်၍ သင်သည် ဆုတောင်းခြင်းကို မကြာခဏ လျစ်လျူရှုကာ၊ ထို့အစား အမှုအရာများကို မိမိဘာသာနှင့် သူ၏နောက်ကွယ်၌ လုပ်ဆောင်နေပါက သင်သည် ဘုရားသခင်ကို အစေခံနေသည်မဟုတ်၊ ထို့ထက် သင်သည် သင့်ကိုယ်ပိုင် အလုပ်ကိစ္စကို ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ ထိုအတိုင်းဆိုလျှင် သင်သည် စီရင်ချက်ချခံရလိမ့်မည် မဟုတ်လော။ အပြင်ပန်းအားဖြင့် သင်သည် အနှောင့်အယှက် ဖြစ်စေသောအရာ တစ်ခုခုကို ပြုလုပ်ပြီးသကဲ့သို့ ပေါ်လွင်လိမ့်မည် မဟုတ်သည်အပြင်၊ ဘုရားသခင်ကို သင် ပြစ်မှားစော်ကားခဲ့ပုံလည်း ပေါက်လိမ့်မည်မဟုတ်ပေ၊ သို့သော် သင်သည် သင့်ကိုယ်ပိုင်အမှုအရာကို လုပ်ဆောင်နေခြင်းသာလျှင် ဖြစ်နေလိမ့်မည်။ ဤသို့ပြုခြင်းအားဖြင့် သင်သည် နှောင့်ယှက်နေသည် မဟုတ်လော။ အပေါ်ယံ၌ သင်သည် ခုခံနေသည့်ပုံ မပေါက်သော်ငြားလည်း အနှစ်သာရအားဖြင့် သင်သည် ဘုရားသခင်ကို ခုခံနေခြင်းပင်ဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ ထူးခြားချက်နှင့် အလေ့အထ” မှ
၁၂။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ၎င်းတို့ကို ဝိညာဉ်များ ပေးသနားခဲ့နောက်တွင် အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ဟစ်ခေါ်ခြင်းမပြုပါက ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဆက်သွယ်ရန် တတ်နိုင်လိမ့်မည် မဟုတ်ဘဲ ဤသို့နှင့် ကောင်းကင်ဘုံမှ “ဂြိုလ်တုရုပ်မြင်သံကြားစနစ်” သည် ကမ္ဘာမြေကြီးပေါ်တွင် ဖမ်းယူရရှိနိုင်လိမ့်မည် မဟုတ်ဟု သူသည် ၎င်းတို့ကို ဆုံးမသြဝါဒပေးခဲ့သည်၊ ဘုရားသခင်သည် လူတို့၏ ဝိညာဉ်များထဲ၌ မရှိတော့သောအခါ အခြားသောအရာများအတွက် နေရာလွတ်တစ်ခု ပွင့်သွားပြီး ထိုနည်းနှင့် စာတန်သည် ဝင်လာရန် အခွင့်အရေးကို မလွှတ်တမ်း ယူခြင်းဖြစ်သည်။ လူတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် ဘုရားသခင်ကို ဆက်သွယ်သောအခါ စာတန်သည် ချက်ချင်းပင် ချောက်ချားသွားပြီး လွတ်မြောက်ရန် တဟုန်ထိုးပြေးလေသည်။ လူသားမျိုးနွယ်၏ အော်ဟစ်သံများမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့လိုအပ်သည့် အရာများကို ၎င်းတို့အား ပေးသည်၊ သို့သော်လည်း ကနဦး၌ ဘုရားသခင်သည် ၎င်းတို့အထဲတွင် “ကျိန်းဝပ်ခြင်း” မရှိချေ။ ၎င်းတို့၏ အော်ဟစ်သံများကြောင့် သူသည် ၎င်းတို့ကို အစဉ်တစိုက်သာ အကူအညီပေးခဲ့ပြီး လူတို့သည် အတွင်း၌ရှိသော ထိုခွန်အားမှ ကြံ့ခိုင်ခြင်းကို ရရှိကြသောကြောင့် စာတန်သည် ၎င်းသဘောရှိ “ကစား” ရန်အလို့ငှာ ဤနေရာသို့ မလာဝံ့ပေ။ ဤနည်းလမ်းဖြင့် အကယ်၍ လူတို့သည် အစဉ်တစိုက် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဆက်သွယ်ပါက စာတန်သည် လာရောက်နှောင့်ယှက်ရန် ဝံ့ရဲမည်မဟုတ်။ စာတန်၏ နှောင့်ယှက်ခြင်း မရှိပါက လူအားလုံးတို့၏ အသက်တာများသည် ပုံမှန်ဖြစ်ကြပြီး ဘုရားသခင်သည် မည်သည့်တားဆီးခြင်းများမျှ မရှိဘဲနှင့် ၎င်းတို့အထဲတွင် အလုပ်လုပ်ရန် အခွင့်အရေးရှိမည် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်လုပ်ဆောင်လိုသော အရာသည် လူသားများမှတစ်ဆင့် အထမြောက်နိုင်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၇” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ
၁၃။
(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)
ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍
သင်တို့ရဲ့ နေ့စဉ်အသက်တာမှာ ဆုတောင်းခြင်းကို သင်တို့ အရေးမစိုက်ဘူး။ လူတွေက ဆုတောင်းခြင်းကို အမြဲတမ်းပဲ လျစ်လျူရှုထားကြတယ်။ အရင်က ဆုတောင်းတဲ့အခါ သူတို့က စိတ်ဝင်စားမှု မရှိဘဲနဲ့ ဆုတောင်းကြတယ်၊ ဆုတောင်းတာကို အပျော်လုပ်ကြတယ်။ ပြီးတော့ ဘယ်သူကမှ သူတို့ရဲ့ နှလုံးသားကို ဘုရားထံ အပြည့်အဝ မပေးကြဘူး၊ ဘုရားထံ အမှန်တကယ် ဆုမတောင်းကြဘူး။ လူတွေက သူတို့ တစ်ခုခုဖြစ်မှ ဘုရားကို ဆုတောင်းကြတယ်။ ဒီအချိန်တစ်လျှာက်လုံးမှာ သင်ဘုရားကို အမှန်တကယ် ဆုတောင်းဖူးသလား။ ဘုရားရှေ့မှာ နာကျင်မှု မျက်ရည်တွေနဲ့ ငိုကြွေးဖူးသလား။ ဘုရားရှေ့မှာ သင့်ကိုယ်သင် သိမြင်လာခဲ့ဖူးသလား။ ဘုရားနဲ့ နှလုံးသားချင်း ဆက်သွယ်ကာ ဆုတောင်းဖူးသလား။ ဆုတောင်းခြင်းဟာ တဖြည်းဖြည်း လေ့ကျင့်ရပါတယ်။ သင်အိမ်မှာ ပုံမှန် ဆုတောင်းလေ့ မရှိဘူးဆိုရင် ဘုရားကျောင်းမှာလည်း ဆုတောင်းမှာ မဟုတ်ဘူး။ အစည်းအဝေး အသေးစားတွေမှာ ဆုတောင်းလေ့ မရှိရင် အကြီးစား အစည်းဝေးပွဲတွေမှာ ဆုတောင်းနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ သင်ဟာ ဘုရားထံ ပုံမှန်ချဉ်းကပ်လေ့မရှိဘူး (သို့) ဘုရားရဲ့ နှုတ်ထွက်စကားတွေကို ဆင်ခြင်သုံးသပ်လေ့ မရှိဘူးဆိုရင် ဆုတောင်းတဲ့ အချိန်ရောက်တဲ့အခါ သင့်မှာ ဘာမှ ပြောစရာရှိမှာ မဟုတ်ဘူး။ ဆုတောင်းဖြစ်ရင်တောင်မှ နှုတ်အားဖြင့်သာ အစေခံခြင်းဖြစ်မည်၊ စစ်မှန်သော နည်းလမ်းနဲ့ ဆုတောင်းဖြစ်မှာ မဟုတ်ဘူး။
အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ သင့်နှလုံးသားထဲက စကားတွေကို ဘုရားကို ပြောခြင်းကို ပြောတာပါ၊ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကိုသိ၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာလည်း အခြေပြုပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို ပြောတာ ဖြစ်တယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ အထူးသဖြင့် ဘုရားနဲ့ နီးကပ်နေသလို ခံစားရခြင်း၊ ဘုရားက သင့်ရှေ့မှာ ရှိနေသလို ခံစားရခြင်း၊ သင့်မှာ သူ့ကို ပြောစရာတစ်ခုခု ရှိနေတယ်လို့ ခံစားရခြင်း၊ သင့်ရဲ့ နှလုံးသားထဲက အလင်းရောင် ဖြာထွက်နေသလို ခံစားရခြင်း၊ ဘုရားက ထူးထူးခြားခြား နှစ်လိုဖွယ် ကောင်းတယ်လို့ ခံစားရခြင်းကို ဆိုလိုတယ်။ သင်ဟာ အထူးသဖြင့် စိတ်ထဲမှာ နှိုးကြွခြင်းကို ခံစားရမယ်။ သင့်ရဲ့ စကားလုံးတွေကို ကြားပြီးနောက်မှာ သင့်ညီအစ်ကို မောင်နှမတွေဟာ အားရကျေနပ်မှုကို ခံစားရမယ်။ သင်ပြောတဲ့ စကားလုံးတွေက သူတို့ နှလုံးသားထဲမှာရှိတဲ့ စကားလုံး၊ သူတို့ပြောချင်နေတဲ့ စကားလုံးတွေ ဖြစ်နေတာကို ခံစားရပြီး သင်ပြောသမျှဟာ သူတို့ပြောချင်နေတဲ့ အရာကို ကိုယ်စား ပြုနေတယ်လို့ ခံစားရမယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဒါကို ဆိုလိုပါတယ်။ သင်ဟာ အမှန်တကယ် ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့နှလုံးသားမှာ ငြိမ်သက်ခြင်း၊ အားရကျေနပ်ခြင်းကို ခံစားရမယ်။ ဘုရားကို ချစ်နိုင်စွမ်း တိုးလာပြီး သင်ဟာ သင့်ဘဝတစ်ခုလုံးက ဘယ်အရာမှ ဘုရားကို ချစ်ခြင်းထက်ပိုပြီး ထိုက်တန်ခြင်း၊ အရေးပါခြင်း မရှိတာကို ခံစားရလိမ့်မယ်။ အဲဒီအရာတွေ အားလုံးက သင့်ရဲ့ဆုတောင်းခြင်း ထိရောက်တယ် ဆိုတာကို သက်သေပြလိမ့်မယ်။ သင်ဟာ အဲဒီလိုမျိုး ဆုတောင်း ဖူးသလား။
သင်ဆုတောင်းတဲ့အခါမှာရော ဘာတွေတောင်းလဲ။ သင် ဆုတောင်းတဲ့အခါမှာ သင့်ရဲ့ လက်ရှိ အခြေအနေမှန်အပေါ် မူတည်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ဆုတောင်းသင့်တယ်။ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပြီးမြောက်ရမယ့်အရာ ဖြစ်တယ်။ ပြီးတော့ သင်ဟာ ဘုရားရဲ့ အလိုအတိုင်း၊ လ နဲ့ ပတ်သက်တဲ့ဘုရားရဲ့ သတ်မှတ်ချက်များအတိုင်း ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောသင့်တယ်။ ဆုတောင်းတဲ့ အလေ့အကျင့်ကို သင်စတင်တဲ့အခါမှာ ပထမဆုံး သင့်ရဲ့ နှလုံးသားကို ဘုရားထံပေးပါ။ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကို နားလည်ဖို့ မကြိုးစားပါနဲ့။ သင့်နှလုံးသားထဲမှာရှိတဲ့ စကားတွေကိုသာ ဘုရားကို ပြောဖို့ကြိုးစားပါ။ သင်ဟာ ဘုရားရှေ့ကို လာတဲ့အခါမှာ ဒီလိုပြောဆိုပါ။ “အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံခဲ့ဘူးဆိုတာကို ဒီနေ့မှ ကျွန်ုပ် သိပါတယ်။ ကျွန်ုပ်ဟာ တကယ်ပဲ အကျင့်ပျက်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့သူ ဖြစ်ပါတယ်။ အရင်က ကျွန်ုပ်ဟာ အချိန်တွေဖြုန်းခဲ့တယ်။ ဒီနေ့ကနေစပြီး ကိုယ်တော်အတွက် အသက် ရှင်ပါ့မယ်။ ဘဝကို အဓိပ္ပါယ်ရှိရှိ အသက်ရှင်ပြီး၊ ကိုယ်တော့်ရဲ့ အလိုဆန္ဒ ပြည့်စုံအောင် လုပ်ပါ့မယ်။ ကိုယ်တော့်ရဲ့ ဝိညာဉ်တော်ကို ကျွန်ုပ်ရဲ့ အထဲမှာ အမြဲ အလုပ်လုပ်စေလိုပါတယ်၊ ဝိညာဉ်တော်က ဉာဏ်အလင်းပေးပြီး အလင်းပြစေလိုပါတယ်။ အဲဒါဆို ကျွန်ုပ်က ကိုယ်တော့်ရဲ့ ရှေ့မှာ ခိုင်မာပြီး ထူးကဲလှတဲ့ သက်သေခံချက်ကို ပေးနိုင်မှာဖြစ်တယ်။ ကျွန်ုပ်တို့ အတွင်းမှာ ရှိတဲ့ ကိုယ်တော့်အကြောင်း သက်သေခံချက်၊ ကိုယ်တော့်ရဲ့ ဘုန်းတော်နဲ့ အောင်မြင်မှုသက်သေကို စာတန်ကိုလည်း မြင်စေမှာ ဖြစ်တယ်။” သင် အဲဒီလိုဆုတောင်းရင် သင့်နှလုံးသားဟာ လွတ်မြောက်မှုကို ရရှိလိမ့်မယ်။ အဲဒီလို ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့ နှလုံးသားက ဘုရားနဲ့ ပိုမို နီးစပ်လာပါလိမ့်မယ်။ ဒီလိုနည်းနဲ့ မကြာခဏ ဆုတောင်းတဲ့အခါမှာ သန့်ရှင်းသော ဝိညာဉ်တော်ဟာ သင့်အတွင်းမှာ မလွဲမသွေ အလုပ်လုပ်လိမ့်မယ်။ သင်ဟာ ဘုရားကို ဒီနည်းလမ်းနဲ့ အမြဲတမ်းခေါ်ပြီး သင့်ရဲ့ ဆုံးဖြတ်ချက်ကို ဘုရားရှေ့မှာ ချထားရင် သင့်ရဲ့ ဆုံးဖြတ်ချက်ကို ဘုရား လက်ခံနိုင်တဲ့နေ့၊ သင့်ရဲ့ နှလုံးသားနဲ့ ခန္ဓာ၊ စိတ်၊ ဝိညာဥ်အားလုံးကို ဘုရား လက်ခံတဲ့နေ့ ရောက်လာလိမ့်မယ်။ အဆုံးမှာ သင့်ကို ဘုရားက အလုံးစုံ ပြည့်စုံစေလိမ့်မယ်။ ဆုတောင်းခြင်းက သင်တို့အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ သင်ဆုတောင်းတဲ့အခါ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်လုပ်တာကို သင်ရရှိလိမ့်မယ်၊ သင့်နှလုံးသားကို ဘုရား တို့ထိလိမ့်မယ်၊ သင့်အထဲမှာ ရှိတဲ့ ဘုရားကို ချစ်နိုင်စွမ်း ပေါ်ထွက်လာလိမ့်မယ်။ သင့်နှလုံးသားနဲ့ ဆုမတောင်းဘူးဆိုရင်၊ သင့်နှလုံးသားကို ဖွင့်ပြီး ဘုရားကို မဆက်သွယ်ဘူးဆိုရင် ဘုရားဟာ သင့်ထဲမှာ အလုပ်လုပ်မှာ မဟုတ်ဘူး။ သင်ဟာ သင့်နှလုံးသားထဲမှာရှိတဲ့ စကားလုံးအားလုံးကို ပြောပြီးတဲ့အချိန်မှာ ဘုရားရဲ့ ဝိညာဉ်တော်ဟာ အလုပ်မလုပ်သေးရင်၊ သင့်ကိုယ်တွင်းမှာ နှိုးဆော်မှုကို မခံစားရရင်၊ သင့်နှလုံးသားဟာ လေးနက်မှု မရှိသေးဘူး၊ သင့်စကားလုံးတွေဟာ မမှန်ကန်ဘူး၊ သင်က မသန့်ရှင်းသေးဘူး ဆိုတာကို ပြတာပဲ။ ဘုရားရှေ့မှောက်မှာ အစေခံတဲ့ သူတစ်ယောက်အနေနဲ့ ဆုတောင်းခြင်း မပြုလုပ်ဘဲနေလို့ မရပါဘူး။ သင်ဟာ ဘုရားနဲ့ မိဿဟာရဖွဲ့ခြင်းကို အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိတဲ့ အရာတစ်ခုအဖြစ် အမှန်တကယ်မြင်ရင် ဆုတောင်းခြင်းကို စွန့်လွှတ်နိုင်ပါ့မလား။ ဘုရားနဲ့ ဘယ်သူမှ ဆက်သွယ်မှု မပြုဘဲ နေလို့မရပါဘူး။ ဆုတောင်းခြင်း မရှိရင် သင်ဟာ ဇာတိနဲ့ အသက်ရှင်နေတာ ဖြစ်တယ်၊ စာတန်ရဲ့ ချည်နှောင်မှုကို ခံနေရပြီး အသက်ရှင်နေတာ ဖြစ်တယ်။ စစ်မှန်တဲ့ ဆုတောင်းခြင်း မရှိရင် သင်ဟာ မှောင်မိုက်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတယ်။ ညီအစ်ကို မောင်နှမတို့ဟာ နေ့စဉ်နေ့တိုင်း အမှန်တကယ် ဆုတောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါဟာ အယူဝါဒတွေ အပေါ်မှာ စွဲလန်းခြင်း မဟုတ်ဘူး၊ ကြိုးစားအားထုတ်ရမယ့် အရာတစ်ခု ဖြစ်တယ်။ အိပ်စက်ခြင်းနဲ့ ကျေနပ်နေတာတွေကို နည်းနည်းလျှော့ပြီး အရုဏ်ဦးအချိန်မှာ မနက်ပိုင်း ဆုတောင်းမှုပြုပြီး ဘုရားရဲ့ နှုတ်ထွက်စကားတွေကို မွေ့လျော်ဖို့ ဆန္ဒရှိသလား။ သင်ဟာ သန့်ရှင်းတဲ့ နှလုံးသားနဲ့ ဆုတောင်းပြီး ဘုရားရဲ့ နှုတ်ထွက်စကားတွေကို မှီဝဲသုံးဆောင်မယ်ဆိုရင် အဲဒီလို လုပ်ခြင်းအားဖြင့် သင်ဟာ ဘုရားရဲ့ လက်ခံခြင်းကို ပိုပြီးရရှိမှာပါ။ သင်ဟာ နေ့စဉ် သင့်နှလုံးသားကို ဘုရားထံ အပ်နှံခြင်းကို လက်တွေ့ကျင့်သုံးပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောရင် ဘုရားနဲ့ ပတ်သက်တဲ့ သင့်ရဲ့ အသိပညာဟာ သေချာပေါက် တိုးလာမှာဖြစ်ပြီး ဘုရားရဲ့ အလိုကို ပိုပြီးနားလည်နိုင်စွမ်း ရှိလာနိုင်မှာ ဖြစ်တယ်။ သင်က “အို ဘုရားသခင်၊ ကျွန်ုပ်တို့ရဲ့ အသက်တာမှာ ကိုယ်တော့်ရဲ့ ဘုန်းထင်ရှားနိုင်စေဖို့၊ ဒီလူစုဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ သက်သေခံချက်ကို ကိုယ်တော်နှစ်သက်နိုင်စေဖို့၊ ကျွန်ုပ်ရဲ့ အသက်တာ တစ်ခုလုံးကို ကိုယ်တော့်ထံ ဆပ်ကပ်နိုင်စေဖို့အတွက်၊ ကျွန်ုပ်ဟာ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်လိုတဲ့ ဆန္ဒရှိပါတယ်။ ကျွန်ုပ်ဟာ ကိုယ်တော်ကို အမှန်တကယ်ချစ်ပြီး ကိုယ်တော် စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်ဖို့၊ ကိုယ်တော့်ကို ကျွန်ုပ်အရောက်လှမ်းဖို့ ကြိုးစားတဲ့ ပန်းတိုင်ဖြစ်စေနိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ အထဲမှာ အလုပ်လုပ်ဖို့ ကိုယ်တော်ကို အသနားခံ တောင်းလျှောက်ပါတယ်” လို့ ပြောသင့်တယ်။ အဲဒီလို မဖြစ်မနေ ဆုတောင်းဖို့ လိုတယ်လို့ သင့်စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ခံစားရရင် ဘုရားဟာ သေချာပေါက် သင့်ကို ပြီးပြည့်စုံစေမှာ ဖြစ်တယ်။ သင်ဟာ သင့်အတွက်ပဲ ဆုမတောင်းသင့်ဘူး၊ ဘုရားရဲ့အလို ပြည့်စုံအောင် လုပ်ဆောင်နိုင်ဖို့၊ ဘုရားကို ချစ်ဖို့အတွက်လည်း ဆုတောင်းသင့်တယ်။ အဲဒီလို ဆုတောင်းခြင်းကသာ အစစ်မှန်ဆုံး ဆုတောင်းခြင်း ဖြစ်တယ်။ ဘုရားရဲ့အလို ပြည့်စုံအောင် လုပ်ဆောင်နိုင်ဖို့ သင်ဆုတောင်းပါသလား။
အရင်တုန်းက ဘယ်လို ဆုတောင်းရမယ်ဆိုတာကို သင်တို့မသိခဲ့ဘူး။ ဆုတောင်းခြင်းကို လျစ်လျူ ရှုခဲ့ကြတယ်။ ဒီနေ့မှာတော့ ဆုတောင်းတာကို လေ့ကျင့်ဖို့ သင်တို့ အကောင်းဆုံး လုပ်ဆောင်ရမယ်။ သင်က ဘုရားကို ကြိုးစားချစ်နိုင်စွမ်း မရှိဘူးဆိုရင် သင်ဘယ်လို ဆုတောင်းနိုင်ပါ့မလဲ။ သင်က “အို ဘုရား၊ ကျွန်ုပ်ရဲ့ နှလုံးသားဟာ ကိုယ်တော်ကို အမှန်တကယ်ချစ်ဖို့ မတတ်စွမ်းနိုင်ပါဘူး။ ကျွန်ုပ်ဟာ ကိုယ်တော်ကို ချစ်ချင်ပေမဲ့ အားနည်းနေပါတယ်။ ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ။ ကျွန်ုပ်ရဲ့ ဝိညာဉ်မျက်စိကို ဖွင့်ပေးပါ။ ကျွန်ုပ်ရဲ့ နှလုံးသားကို ကိုယ်တော်ရဲ့ ဝိညာဉ်တော်နဲ့ တို့ထိပါ။ ဒါမှသာ ကျွန်ုပ်ရဲ့ တက်ကြွမှုမရှိတဲ့ အခြေအနေတွေ ကိုယ်တော့်ရဲ့ရှေ့မှာ မရှိတော့မှာ ဖြစ်တယ်။ လူပုဂ္ဂိုလ်၊ ဝတ္ထုပစ္စည်း သို့မဟုတ် တစ်ခုခုရဲ့ ကန့်သတ်မှုကို မခံရမှာ ဖြစ်တယ်။ ကျွန်ုပ်ရဲ့ တစ်ဘဝလုံးကို ကိုယ်တော့်ထံ ဆက်ကပ်ထားသလိုဘဲ ကျွန်ုပ်ရဲ့ နှလုံးသားကိုလည်း ကိုယ်တော့်ရှေ့မှာ ဖွင့်ပြထားပါတယ်။ ကျွန်ုပ်ကို ကိုယ်တော်ဆန္ဒရှိသလို စမ်းသပ်နိုင်ပါတယ်။ အခု ကျွန်ုပ်ရဲ့ ရှေ့ရေးကိုလည်း မစဉ်းစားတော့ပါဘူး၊ သေခြင်းတရား ကလည်း ကျွန်ုပ်ကို မချည်နှောင်ထားပါဘူး။ ကိုယ်တော်ကို ချစ်တဲ့ ကျွန်ုပ်ရဲ့ နှလုံးသားကို အသုံးပြုပြီး အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါတယ်။ အရာအားလုံးနဲ့ ဖြစ်ပျက်သမျှဟာ ကိုယ်တော်ရဲ့ လက်ထဲမှာ ရှိပါတယ်။ ကျွန်ုပ်ရဲ့ ကံကြမ္မာဟာ ကိုယ်တော်ရဲ့ လက်ထဲမှာ ရှိပါတယ်။ ဒါ့အပြင် ကျွန်ုပ်ရဲ့ အသက်တာဟာလည်း ကိုယ်တော်ရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ယခု ကိုယ်တော်ရဲ့ အချစ်ကို ကျွန်ုပ်ရအောင် အားထုတ်ပါတယ်။ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က ဘယ်လိုပဲ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါတယ်” လို့ ဆုတောင်းသင့်တယ်။ အဲဒီလိုအရာတွေကို ကြုံရတဲ့အခါမှာ အဲဒီလို သင်အဲဒီလို ဆုတောင်းပါ။ သင် အဲဒီလိုနေ့စဉ်လုပ်ရင် ဘုရားကို ချစ်နိုင်စွမ်း တဖြည်းဖြည်း ကြီးလိမ့်မယ်။
စစ်မှန်တဲ့နည်းလမ်းနဲ့ ဘယ်လိုဆုတောင်းမလဲ။
ဆုတောင်းနေစဉ် ဘုရားရှေ့မှာ သင့်နှလုံးသားဟာ ငြိမ်းသက်ခြင်းရှိနေရမယ်၊ ရိုးသားရမယ်။ သင်ဟာ ဘုရားနဲ့ အမှန်တကယ် ရင်းရင်းနှီးနှီး စကားပြောပြီး ဆုတောင်းနေခြင်း ဖြစ်တယ်။ နားထောင်ကောင်းတဲ့ စကားလုံးတွေကို သုံးပြီး ဘုရားကို မလှည့်စားရဘူး။ ဘုရား ဒီနေ့ ဘာကို ပြီးမြောက်အောင် လုပ်ချင်လဲ ဆိုတဲ့ အချက်အပေါ်မှာ ဗဟိုပြုပြီး ဆုတောင်းရမယ်။ ပိုမိုကောင်းမွန်တဲ့ အသိအမြင်ကြွယ်ဝမှုနဲ့ ဖွင့်ပြခြင်းကို သင့်ထံပေးဖို့ ဘုရားကို တောင်းဆိုပါ။ သင့်ရဲ့အခြေအနေမှန်နဲ့ ပြဿနာတွေကို ဘုရားရဲ့ရှေ့ကို ယူလာပြီး ဆုတောင်းပါ။ ဘုရားရှေ့မှာ ဆက်ကပ်အပ်နှံပါ။ ဆုတောင်းခြင်းဟာ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ခြင်း မဟုတ်ဘဲ သင့်ရဲ့စစ်မှန်တဲ့ နှလုံးသားကို အသုံးပြုပြီး ဘုရားကို ရှာဖွေခြင်း ဖြစ်တယ်။ ဘုရားရှေ့မှာ ငြိမ်သက်ခြင်းရှိဖို့၊ သင့်ကိုယ်သင် သိဖို့၊ သင့်ကိုယ်သင် ရွံရှာဖို့၊ ဘုရား ပြင်ဆင်ပေးထားတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကို စွန့်လွှန်နိုင်ဖို့အတွက် သင့်နှလုံးသားကို ကာကွယ်ဖို့ ဘုရားကို တောင်းလျှောက်ပါ။ ဘုရားနဲ့ ပုံမှန်ဆက်ဆံရေး ရှိနိုင်ဖို့၊ ဘုရားကို အမှန်တကယ် ချစ်တဲ့သူတစ်ယောက် ဖြစ်နိုင်ဖို့ အတွက် ဖြစ်တယ်။
ဆုတောင်းခြင်းရဲ့ အရေးပါမှုက ဘာတွေလဲ။
ဆုတောင်းခြင်းဟာ လူကဘုရားနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ လူက ဘုရားကို ခေါ်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။ လူဟာ ဘုရားရဲ့ ဝိညာဉ်တော်အားဖြင့် ထိတွေ့ခြင်း ခံရတဲ့ ဖြစ်စဉ်လည်း ဖြစ်တယ်။ ဆုမတောင်းတဲ့သူတွေဟာ ဝိညာဉ်တော်မရှိတဲ့ လူသေတွေလို့ ပြောနိုင်တယ်။ သူတို့မှာ ဘုရားရဲ့ တို့ထိခြင်း ခံရဖို့ အစွမ်းအစနည်းကြောင်းကို ဖော်ပြတဲ့ သက်သေ ဖြစ်တယ်။ ဆုတောင်းခြင်း မရှိလျှင် လူတွေဟာပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို မရရှိနိုင်ဘူး။ သန်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနောက်သို့ လိုက်ဖို့ဆို ပိုပြီးတော့ မတတ်နိုင်ကြဘူး။ ဆုမတောင်းဘဲနေတာက သူတို့နဲ့ ဘုရားရဲ့ အကြားမှာရှိတဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တာပဲ၊ အဲဒီလိုလုပ်တဲ့ သူတွေဟာ ဘုရား မျက်နှာသာပေးခြင်းကို လက်ခံနိုင်စွမ်း မရှိတဲ့သူတွေ ဖြစ်တယ်။ ဘုရားကို ယုံကြည်သူ တစ်ယောက်အနေနဲ့ သင်ဟာ ပိုပြီး ဆုတောင်းလေလေ ဘုရားရဲ့ ထိတွေ့မှုကို ပိုရရှိလေလေ ဖြစ်တယ်။ အဲဒီလိုလူတွေရဲ့ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာပြီး ဘုရားဆီက ခေတ်အမှီဆုံး ဉာဏ်အလင်းကို ပိုပြီးလက်ခံနိုင်စွမ်းရှိတဲ့ သူတွေ ဖြစ်တယ်။ အကျိုးရလဒ်အနေနဲ့ အဲဒီလိုလူတွေကိုသာ သန့်ရှင်းသော ဝိညာဉ်တော်က အမြန်ဆုံး ပြီးပြည့်စုံအောင် လုပ်ပေးနိုင်တယ်။
ဆုတောင်းခြင်းအားဖြင့် ရရှိတဲ့ အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ။
လူတွေက ဆုတောင်းတဲ့ အလေ့အကျင့်ကို လုပ်ဆောင်နိုင်ကြပြီး ဆုတောင်းခြင်းရဲ့ အရေးပါမှုကို နားလည်နိုင်တယ်။ ဒါပေမဲ့ ဆုတောင်းခြင်းအားဖြင့် ရရှိအောင် ကြိုးစားရမယ့် အကျိုးသက်ရောက်မှုကတော့ ရိုးရှင်းတဲ့ ကိစ္စတစ်ခု မဟုတ်ဘူး။ ဆုတောင်းခြင်းဆိုတာ လုပ်ရိုးလုပ်စဉ်အတိုင်း (သို့) လုပ်ထုံးလုပ်နည်းတွေ အတိုင်း လုပ်ခြင်း (သို့) ဘုရားရဲ့ နှုတ်ထွက်စကားတွေကို အလွတ်ရွတ်ခြင်း မဟုတ်ဘူး။ ဆိုလိုတာကတော့ ဆုတောင်းခြင်းဟာ ကြက်တူရွေးလို အလွတ်မှတ်ထားတဲ့ စကားလုံးတွေကို ရွတ်တာ၊ သူများလုပ်တိုင်း လိုက်လုပ်တာ မဟုတ်ဘူး။ ဆုတောင်းတဲ့အခါမှာ ဘုရားတို့ထိတာကို ခံရဖို့အတွက် သင့်နှလုံးသားထဲက စကားလုံးတွေကို ဘုရားနဲ့ဝေမျှရင်း သင့်နှလုံးသားကို ဘုရားကို ပေးအပ်ရမယ်။ သင့်ရဲ့ ဆုတောင်းချက်တွေကို အကျိုးသက်ရောက်မှု ရှိစေချင်ရင် ဆုတောင်းချက်တွေဟာ ဘုရားရဲ့ နှုတ်ထွက်စကားတွေကို ဖတ်ရှုခြင်း အပေါ်မှာ အခြေခံတဲ့ ဆုတောင်းချက်တွေ ဖြစ်ရမယ်။ ဘုရားရဲ့ စကားတွေနဲ့ ဆုတောင်းမှသာ သင်ဟာ အသိအမြင်ကြွယ်ဝမှုနဲ့ ဖွင့်ပြခြင်းကို ပိုလက်ခံနိုင်မှာ ဖြစ်တယ်။ ဘုရားချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို တောင့်တပြီး အဲဒီပြဋ္ဌာန်းချက်တွေအတိုင်း ပြည့်မှီအောင် အသက်ရှင်လိုတဲ့ နှလုံးသားက စစ်မှန်တဲ့ ဆုတောင်းချက်ကို ဖော်ပြတယ်။ ဘုရားမုန်းတီးတဲ့ အရာတွေကို သင်မုန်းတီးလာနိုင်လိမ့်မယ်။ အဲဒီလို မုန်းတီးနိုင်စွမ်းအပေါ်မှာ အခြေခံပြီး သင်ဟာ အသိပညာကို ရရှိလိမ့်မယ်။ ဘုရား ရှင်းပြတဲ့ သမ္မာတရား အကြောင်းကို သိလာလိမ့်မယ်၊ ရှင်းရှင်းလင်းလင်း နားလည်လာလိမ့်မယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ယုံကြည်ခြင်း၊ အသိပညာနဲ့ ဆုတောင်းပြီးနောက်ပိုင်းမှာ လိုက်လျောက်ရမယ့် လမ်းရှိခြင်းတို့ကသာလျှင် စစ်မှန်စွာ ဆုတောင်းခြင်း ဖြစ်ပြီး ဒီလိုဆုတောင်းခြင်းကသာ ထိရောက်မှုရှိနိုင်တယ်။ ဒါပေမဲ့ သင့်ရဲ့ ဆုတောင်းခြင်းကို ဘုရားရဲ့ နှုတ်ထွက်စကားများ၌ မွေ့လျော်ခြင်း၊ ဘုရားရဲ့ စကားတွေအားဖြင့် ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောခြင်း၊ နှလုံးသားက ဘုရားကို ရှာဖွေနိုင်ခြင်းနဲ့ ဘုရားရဲ့ ရှေ့မှာ ငြိမ်သက်ခြင်း ရှိခြင်းစတဲ့ အခြေခံ အုတ်မြစ်တွေ အပေါ်မှာ တည်ဆောက်ရမယ်။ ဒီလိုဆုတောင်းခြင်းမျိုးဟာ ဘုရားနဲ့ အမှန်တကယ် ရင်းရင်းနှီးနှီး ပြောဆိုတဲ့ အဆင့်ကို ရောက်ရှိနှင့်ပြီး ဖြစ်ပါတယ်။
ဆုတောင်းခြင်းနဲ့ ပတ်သက်တဲ့ အခြေခံအချက်များ
၁။ စိတ်ထဲက ပေါ်လာတဲ့ အရာမှန်သမျှကို ဒီတိုင်းလျှောက် မပြောပါနဲ့။ သင့်နှလုံးသားမှာ ဝန်တာတစ်ခု ရှိရမယ်။ ဆိုလိုတာကတော့ သင်ဆုတောင်းတဲ့အခါမှာ ရည်ရွယ်ချက်တစ်ခုရှိရမယ်။
၂။ သင့်ရဲ့ ဆုတောင်းချက်မှာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေ ပါဝင်ရမယ်။ ဆုတောင်းချက်တွေဟာ ဘုရားရဲ့ နှုတ်ကပတ်တော်ကို အခြေခံရမယ်။
၃။ ဆုတောင်းတဲ့ အချိန်မှာ အတိတ်ကို ပြန်မသွားရဘူး။ ဟောင်းနေပြီဖြစ်တဲ့ အကြောင်းအရာတွေကို ပြန်သယ် မလာရဘူး။ သန့်ရှင်းသောဝိညာဉ်တော်က လက်ရှိအချိန်မှာ ပြောနေတဲ့စကားတွေကို ပြောဖို့ အထူး လေ့ကျင့်သင့်တယ်။ ဒါမှသာ သင်ဟာ ဘုရားနဲ့ဆက်သွယ်နိုင်မှာဖြစ်တယ်။
၄။ အုပ်စုလိုက် ဆုတောင်းတဲ့အခါမှာ အကြောင်းအရာတစ်ခုကို အဓိကထားပြီး ဆုတောင်းရမယ်။ အဲဒီအကြောင်းအရာဟာလည်း သန့်ရှင်းသော ဝိညာဉ်တော်က ယနေ့ လုပ်ဆောင်နေတဲ့ အရာဖြစ်ရမယ်။
၅။ တစ်ပါးသူတွေအတွက် ဘယ်လို ဆုတောင်းရမယ်ဆိုတာကို လူအားလုံး သင်ယူထားရမယ်။ ဘုရားရဲ့ နှုတ်ထွက်စကားတွေထဲက သူတို့ ဆုတောင်းပေးချင်တဲ့ အကြောင်းအရာကို ရှာရမယ်၊ အဲဒီ အကြောင်းအရာဟာလည်း သူတို့စိတ်ထဲမှာ ဝန်တာတစ်ခုလို ခံစားရတဲ့ အကြောင်းအရာဖြစ်ရမယ်၊ အဲဒီအတွက် သူတို့ မကြာခဏ ဆုတောင်းရမယ်။ အဲဒီလိုလုပ်တာဟာ ဘုရားရဲ့ အလိုကို ဂရုစိုက်တယ်ဆိုတာကို ပြတာပဲ။
တကိုယ်ရည် ဆုတောင်းခြင်း အသက်တာဆိုတာ ဆုတောင်းခြင်း အရေးပါတယ်ဆိုတာကို နားလည်ခြင်း၊ ဆုတောင်းခြင်းနဲ့ ပတ်သက်တဲ့ အထက်ဖော်ပြပါ အခြေခံအချက် ငါးချက်ကို နားလည်ခြင်းတို့ အပေါ်မှာ အခြေခံတယ်။ လူဟာ သူ့ရဲ့ နေ့စဉ်အသက်တာမှာရှိတဲ့ အားနည်းချက်တွေ အတွက် မကြာခဏ ဆုတောင်းရမယ်။ သူ့ရဲ့ စိတ်သဘောထားပြောင်းလဲလာအောင် ဘုရားရဲ့ နှုတ်ထွက်စကားတွေကို သိခြင်း အုတ်မြစ်အပေါ်မှာ အခြေခံပြီး ဆုတောင်းရမယ်။ လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် ဆုတောင်းခြင်း အသက်တာကို တည်ဆောက်သင့်တယ်။ ဘုရားရဲ့ နှုတ်ထွက်စကားတွေကို သိနားလည်နိုင်စွမ်းရှိအောင်၊ ဘုရားရဲ့ လုပ်ဆောင်မှုအကြောင်းတွေကို ရှာဖွေတွေ့ရှိဖို့ ဆုတောင်းသင့်တယ်။ ဘုရားရှေ့မှာ သင့်ရဲ့ အမှန်တကယ် အခြေအနေကို ချပြပါ။ လက်တွေ့ဆန်ပါ။ နည်းလမ်းတွေအပေါ်မှာ အာရုံ မထားပါနဲ့၊ အဓိက သော့ချက်က စစ်မှန်တဲ့ အသိပညာကို ရဖို့၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေကို အမှန်တကယ် ကြုံတွေ့ ခံစားရဖို့ ဖြစ်တယ်။ ဝိညာဉ်ရေးရာ အသက်တာကို ရှင်သန်ဖို့ ကြိုးစားသူ ဘယ်သူမဆို နည်းလမ်းမျိုးစုံနဲ့ ဆုတောင်းတတ်ရမယ်။ တိတ်တဆိတ် ဆုတောင်းခြင်း၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေကို စဉ်းစား ဆင်ခြင်ခြင်း၊ ဘုရားရဲ့အလုပ်ကို သိလာခြင်း စတာတွေဟာ ဘုရားနဲ့ ရင်းရင်းနှီးနှီး အပြန်အလှန်ဆက်သွယ်တာ ဖြစ်တယ်။ အဲဒီလို လုပ်ဆောင်တာဟာ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို စတင် ရှင်သန်တာဖြစ်ပြီး ဘုရားရဲ့ ရှေ့မှာ သင့်ရဲ့ အခြေအနေ ပိုပိုပြီး ကောင်းလာအောင် လုပ်တာ၊ သင့်ရဲ့အသက်တာ ပိုပိုပြီး တိုးတက်လာအောင် လုပ်ဆောင်တာလည်း ဖြစ်တယ်။ အတိုချုပ်အနေနဲ့ ပြောရရင် ဘုရားရဲ့ နှုတ်ထွက်စကားတွေကို မှီဝဲ သုံးဆောင်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် တိတ်ဆိတ်စွာ ဆုတောင်းတာ (သို့) ကျယ်လောင်စွာ ကြေညာတာပဲ ဖြစ်ဖြစ်၊ သင်လုပ်တဲ့ အရာအားလုံးဟာ ဘုရားရဲ့ စကားတွေ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့၊ သင့်ရဲ့ အသက်တာမှာ ဘုရားပြီးမြောက်အောင် ဆောင်ရွက်လိုတဲ့အရာကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ ဖြစ်ပါတယ်။ ပိုအရေးကြီးတာက အဲဒီလိုလုပ်တာဟာ ဘုရားလိုအပ်တဲ့ စံသတ်မှတ်ချက်တွေကို ရောက်ရှိ နိုင်ဖို့၊ သင့်ဘဝကို နောက်ထပ် အဆင့်တစ်ဆင့်ကို ရောက်အောင်လုပ်ဖို့ ဖြစ်တယ်။ လူတွေဆီကနေ ဘုရား လိုအပ်တဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်က သူတို့ရဲ့ နှလုံးသားကို သူ့ဆီကို ဖွင့်ပြနိုင်ဖို့ ဖြစ်တယ်။ လူက သူရဲ့ စစ်မှန်တဲ့ နှလုံးသားကို ဘုရားကို ပေးပြီး သူ့နှလုံးသားထဲမှာ ရှိတဲ့ အရာတွေကို ဘုရားကိုပြောရင် ဘုရားဟာ သူ့ရဲ့ အသက်တာမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိတယ်။ ဘုရားဟာ လူ့ရဲ့ လှည့်ဖြားတတ်တဲ့ နှလုံးသားကို အလိုမရှိဘဲ သန့်စင်ပြီး ရိုးသားဖြောင့်မတ်တဲ့ နှလုံးသားကိုသာ အလိုရှိတယ်။ လူဟာ သူ့နှလုံးသားနဲ့ ဘုရားကို စစ်မှန်စွာ စကားမပြောဘူးဆိုရင် ဘုရားဟာ လူ့နှလုံးသားကို မတို့ထိဘူး သို့မဟုတ် သူ့အတွင်းမှာ အလုပ်မလုပ်ဘူး။ ဒါကြောင့် ဆုတောင်းခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးဆုံးအချက်က သင့်ရဲ့ စစ်မှန်တဲ့ နှလုံးသားထဲက စကားလုံးတွေကို ဘုရားကို ပြောဖို့ ဖြစ်တယ်။ သင့်ရဲ့ အမှားတွေကို သို့မဟုတ် ပုန်ကန်တဲ့ စိတ်သဘောကို ဘုရားကိုပြောခြင်းနဲ့ ဘုရားကို လုံးဝဖွင့်ပြခြင်းတို့ ဖြစ်တယ်။ ဒီလိုမှသာ ဘုရားက သင့်ရဲ့ ဆုတောင်းချက်တွေကို စိတ်ဝင်စားမှာဖြစ်တယ်။ ဒီလိုမဟုတ်ရင် ဘုရားဟာ သူ့မျက်နှာကို သင့်ထံမှ ဖုံးကွယ်ထားမှာပါ။ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်က ဘုရားရဲ့ ရှေ့ရောက်တဲ့အခါမှာ သင့်နှလုံးသားထဲမှာ ငြိမ်သက်ခြင်းရှိအောင် ထားဖို့ဖြစ်တယ်။ အဲဒီငြိမ်သက်ခြင်းက ဘုရားဆီက မခွဲခွာ သွားရဘူး။ ဒီအတောအတွင်းမှာ အမြင်သစ် (သို့) ပိုပြီးအဆင့်မြင့်တဲ့ အမြင်ကို ရချင်မှ ရမယ်။ ဒါပေမဲ့ သင့်ရဲ့ အခြေအနေ ဆုတ်ယုတ် မသွားဖို့အတွက် ဆုတောင်းရမယ်။ အနည်းဆုံးတော့ အဲဒါကို သင်လုပ်ရမယ်။ အဲဒါကိုတောင်မှ သင် မလုပ်ဆောင်နိုင်ဘူးဆိုရင် သင့်ရဲ့ ဝိညာဉ်ရေးရာ အသက်တာဟာ လမ်းကြောင်းမှန်ကို မရောက်သေးဘူးဆိုတာကို ပြတာပဲ။ အကျိုးရလဒ်အနေနဲ့ သင်ဟာ သင့်ရဲ့ မူလရူပါရုံကို စွဲကိုင်နိုင်မှာ မဟုတ်ဘူး။ ဘုရားအပေါ် ယုံကြည်ခြင်း လျော့နည်းလာမယ်။ သင့်ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ပိုင်းမှာ ပျောက်ကွယ်သွားမယ်။ ဝိညာဉ်ရေးရာ အသက်တာကို သင်စတင် ရှင်သန်နိုင်သလား၊ မနိုင်ဘူးလားဆိုတာ သင့်ရဲ့ ဆုတောင်းခြင်းတွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိ၊ မရှိဆိုတဲ့ အချက် အပေါ်မှာ မူတည်ပါတယ်။ လူအားလုံးဟာ ဒီပကတိ အရှိတရားကို သိပြီး လက်ခံရမယ်။ ဆုတောင်းတာကို သူတို့ကိုယ်တိုင် ဂရုတစိုက် လေ့ကျင့်ရမယ်၊ ဘာမှ မလုပ်ဘဲ စောင့်နေတာမျိုး မလုပ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့ခြင်းကို ခံရဖို့အတွက် ဂရုတစိုက် ကြိုးစားရှာဖွေရမယ်။ အဲဒါမှ သူတို့ဟာ ဘုရားကို အမှန်တကယ်ရှာဖွေတဲ့သူတွေ ဖြစ်ကြလိမ့်မယ်။
သင်ဆုတောင်းဖို့ အစပြုတဲ့အခါမှာ လက်တွေ့ကျရမယ်။ မိမိနိုင်တာထက် ပိုမလုပ်ရဘူး။ သင့်ပါးစပ်ကို ဖွင့်လိုက်တာနဲ့ သန်ရှင်းသော ဝိညာဉ်တော်ရဲ့ တို့ထိခြင်းခံရမယ်၊ အသိအမြင်ကြွယ်ဝမှုကိုရမယ်၊ ဖွင့်ပြခြင်းကိုရမယ်၊ ကျေးဇူးတော်တွေအများကြီး ပေးသနားခြင်းခံရမယ်လို့ မျှော်လင့်ပြီး အလွန်အကျွံ တောင်းဆိုမှုတွေ ပြုလုပ်လို့ မရပါဘူး။ ဒါတွေက မဖြစ်နိုင်ပါဘူး။ ဘုရားက သဘာဝလွန်တွေကို မပြုလုပ်ပါဘူး။ ဘုရားဟာ သူ့ရဲ့ ကိုယ်ပိုင်အချိန်အတွင်းမှာ လူတွေရဲ့ ဆုတောင်းချက်တွေကို ပြည့်စုံ စေပါတယ်။ တစ်ခါတစ်လေ သူ့ရှေ့မှာ သင်က သစ္စာရှိ၊ မရှိ သိဖို့အတွက် သင့်ရဲ့ ယုံကြည်မှုကို သူ စမ်းသပ်ပါတယ်။ သင် ဆုတောင်းတဲ့အခါမှာ ယုံကြည်မှု၊ ဇွဲလုံ့လနဲ့ ဆက်ကပ်အပ်နှံမှုတို့ ရှိရပါမယ်။ လူတွေဟာ ဆုတောင်းဖို့ စပြီး လေ့ကျင့်တဲ့အခါမှာ အများစုက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့မှုကို မခံစားရတဲ့အတွက် စိတ်ဓါတ်ကျကြပါတယ်။ ဒီလိုဆိုရင်တော့ မရပါဘူး။ သင်ဇွဲရှိရမယ်။ သန်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့တာကို ခံစားနိုင်စွမ်းရှိဖို့ အာရုံစိုက်ရမယ်။ ရှာဖွေမှု လေ့လာမှုတို့အပေါ်မှာ အာရုံစိုက်ရမယ်။ တစ်ခါတစ်လေမှာ သင်ပြုမူလုပ်ဆောင်တဲ့ လမ်းကြောင်းဟာ မှားယွင်းနေတတ်တယ်။ တစ်ခါတစ်လေမှာ သင့်ရဲ့ လှုံ့ဆော်မှုတွေနဲ့ အယူအဆတွေဟာ ဘုရားရှေ့မှာ ခိုင်ခိုင်မာမာ တည်ရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဘုရားရဲ့ ဝိညာဉ်တော်ဟာ သင့်ကို မထိတွေ့ဘူး။ ဒါကြောင့် ဘုရားဟာ သင်သစ္စာရှိ၊ မရှိ ကြည့်တဲ့ အချိန်တွေလည်း ရှိတယ်။ အတိုချုပ် ပြောရရင်တော့ သင် လေ့ကျင့်ဖို့အတွက် သင့်ကိုယ်သင် ပိုပြီး စိတ်နှစ်ရပါမယ်။ သင်ပြုမူလုပ်ဆောင်တဲ့ အရာဟာ စံနဲ့သွေဖီနေတာကို သင်တွေ့ရှိသွားရင် သင်ဆုတောင်းတဲ့ ပုံစံကို ပြောင်းလဲနိုင်တယ်။ သင်က အမှန်တကယ် ရှာဖွေနေသရွေ့၊ လက်ခံရရှိဖို့ တောင့်တသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို သေချာပေါက်သိ စေမယ့် အမှန်တရားက- “တစ်ခါတစ်လေမှာ သင်က စစ်မှန်တဲ့ နှလုံးသားနဲ့ ဆုတောင်းပေမဲ့ ထိတွေ့ခြင်း ခံရတယ်လို့ သင်မခံစားရဘူး။ ဒီလိုအချိန်မျိုးမှာ သင့်ရဲ့ ယုံကြည်ခြင်းကို အားကိုးရမှာ ဖြစ်ပြီး ဘုရားက သင့်ရဲ့ ဆုတောင်းချက်တွေကို နားထောင်တယ်ဆိုတာကို ယုံကြည်ရမယ်။ ဆုတောင်းတဲ့ အခါမှာ ဇွဲရှိရမယ်” ဆိုတာ ဖြစ်တယ်။
သင်ဟာ ရိုးသားရမယ်။ သင့်နှလုံးသားထဲက လှည့်ဖြားတတ်မှုတွေကို ဖယ်ထုတ်ဖို့အတွက် ဆုတောင်းရမယ်။ လိုအပ်တဲ့ အချိန်တိုင်းမှာ သင့်ကိုယ်သင် စင်ကြယ် သန့်ရှင်းစေဖို့အတွက် ဆုတောင်းသလိုပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အထိအတွေ့ကို ခံရဖို့ ဆုတောင်းခြင်းကို အသုံးပြုရမယ်။ သင့်ရဲ့ စိတ်သဘောဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာလိမ့်မယ်။ စစ်မှန်တဲ့ ဝိညာဉ်ရေးရာ အသက်တာဟာ ဆုတောင်းခြင်း အသက်တာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ တို့ထိခြင်းခံရတဲ့ အသက်တာ ဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့ခြင်းခံရတဲ့ ဖြစ်စဉ်ဆိုတာက လူ့ရဲ့ ပင်ကိုယ်စိတ်သဘောကို ပြောင်းလဲတဲ့ ဖြစ်စဉ်ပဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့ခြင်း မခံရသေးတဲ့ အသက်တာဟာ ဝိညာဉ်အသက်တာ မဟုတ်ဘူး။ ဘာသာရေးဓလေ့အတိုင်း အသက်ရှင်တဲ့ အသက်တာတစ်ခု ဖြစ်နေဆဲပဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ တို့ထိခြင်းခံရပြီး အသိအမြင် ကြွယ်ဝမှုနဲ့ ဖွင့်ပြခြင်းကို ရတဲ့သူတွေသာ ဝိညာဉ်အသက်တာကို ရှင်သန်ကြတာ ဖြစ်တယ်။ ဆုတောင်းနေတဲ့အချိန်မှာ လူ့စိတ်သဘောဟာ အမြဲ ပြောင်းလဲနေလေ့ရှိတယ်။ သူဟာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပြုပြင်ခံရလေလေ၊ ပိုပြီးတက်ကြွပြီး နာခံလာလေလေ ဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့စိတ်သဘောက တဖြည်းဖြည်း ပြောင်းပြီးနောက်မှာ သူ့ရဲ့ နှလုံးသားဟာလည်း တဖြည်းဖြည်း သန့်စင်လာမှာပါ။ ဒါက စစ်မှန်တဲ့ ဆုတောင်းခြင်းရဲ့ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
၁၄။ လူတို့သည် ဆုတောင်းရန် ဒူးထောက်ကြသည့်အခါ ထိုသူတို့သည် လုပ်ဆုပ်လက်ကိုင်ပြ၍ မရသောလောကရှိ ဘုရားသခင်ကို စကားပြောနေကြခြင်းပင် ဖြစ်သော်လည်း၊ ထိုသူတို့၏ ဆုတောင်းချက်များမှာ ရေသွယ်ပြွန်တစ်ချောင်းသဖွယ်လည်း ဖြစ်ကာ ယင်းမှတစ်ဆင့် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ရရှိနိုင်ကြသည်ကို ရှင်းလင်းစွာ နားလည်သင့်ပေသည်။ လူတို့သည် မှန်ကန်သော အခြေအနေ၌ရှိပြီး ဆုတောင်းရှာဖွေကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း တစ်ပြိုင်နက်တည်း အလုပ်လုပ်လာလိမ့်မည်။ ဤသည်မှာ မတူညီသော ရှုထောင့်နှစ်ခုမှ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုအလား ဖြစ်သည်၊ တစ်နည်းအားဖြင့် ယင်းမှာ လူတို့ ပြဿနာအချို့ကို ကိုင်တွယ်ဖြေရှင်းရန် ဘုရားသခင်မစနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ လူသားတို့ ဘုရားသခင်ရှေ့မှောက် ရောက်လာသည့်အခါ သူတို့ဘက်မှ ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြစ်သည်၊ ယင်းသည် ဘုရားသခင် လူတို့ကို ကယ်တင်ပြီး သန့်စင်ပေးသည် နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။ ထို့ပြင် ယင်းသည် လူတို့၏ သင့်လျော်သော အသက်တာဝင်ရောက်ခြင်းအတွက် လမ်းကြောင်းပင်ဖြစ်ပြီး၊ ယင်းမှာ သဘင်အခမ်းအနားတစ်မျိုး မဟုတ်ပါပေ။ ဆုတောင်းခြင်းဟူသည် လူတို့၏ စိတ်အားထက်သန်မှုကို လှုံ့ဆော်ရန်မျှသာ မဟုတ်ပေ၊ ထိုအရာမျှသာ ဖြစ်ခဲ့ပါလျှင် ဟန်ဆောင်လုပ်ပြပြီး ဆောင်ပုဒ်တစ်ချို့ကို ကြွေးကြော်ရုံမျှနှင့် လုံလောက်မည်ဖြစ်ကာ၊ ဝတ်ပြုရန် သို့မဟုတ် ဘာသာရေးကိုင်းရှိုင်းရန်ဟူသည့် မည်သည့်အရာကိုမျှ တောင်းဆိုရန် လိုအပ်မည်မဟုတ်ပါပေ။ ဆုတောင်းခြင်း၏ အဓိပ္ပာယ်မှာ အလွန်အမင်းပင် လေးနက်သည်တကား။ သင် မကြာခဏ ဆုတောင်းပြီး မည်သို့ဆုတောင်းရမည်ကို သင်သိပါက၊ ကျိုးနွံနာခံစွာနှင့် ကျိုးကြောင်းဆီလျော်စွာ မကြာခဏ ဆုတောင်းပါက၊ သင်၏ အတွင်းစိတ်အခြေအနေမှာ အစဥ်အမြဲ သင့်လျော်နေလိမ့်မည်။ အကယ်၍ သင်သည် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိသည့်အပြင် ဆုတောင်းချက်ထဲ၌ သင်ပြောသည့် မည်သည့်အချက်က ကျိုးကြောင်းဆီလျော်ကြောင်း၊ သင်၏ မည်သည့်စကားလုံးများက ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းနှင့် မည်သို့သော စကားပြောနည်းက မှန်ကန်သော ဝတ်ပြုကိုးကွယ်မှု မဟုတ်ကြောင်းတို့ကို ဆင်ခြင်သုံးသပ်မှုမရှိဘဲ၊ ထို့ပြင် အကယ်၍ သင်သည် ဤအရေးကိစ္စများကို မည်သည့်အခါမျှ အလေးအနက်မရှိပါက သင်၏ ဆုတောင်းချက်များမှာ အောင်မြင်လိမ့်မည် မဟုတ်သည့်အပြင် သင်သည် ပုံမှန်မဟုတ်သော အတွင်းစိတ်ခံစားမှု အစဥ်အမြဲ ရှိလိမ့်မည်ဖြစ်သည်၊ သင်သည် ပုံမှန်ဖြစ်သော ကျိုးကြောင်းဆီလျော်မှုမှာ အဘယ်အရာဖြစ်ကြောင်း၊ စစ်မှန်သော ကျိုးနွံနာခံမှုမှာ အဘယ်အရာဖြစ်ကြောင်း၊ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းမှာ အဘယ်အရာဖြစ်ကြောင်းနှင့် ဆုတောင်းခြင်းတွင် မည်သည့်နေရာ၌ သင်ရပ်တည်သင့်ကြောင်း စသည့် သင်ခန်းစာများထဲသို့ မည်သည့်အခါမျှ အမှန်ပင် နက်နက်နဲနဲ ဝင်ရောက်လိမ့်မည်မဟုတ်ချေ။ ဤအရာများအားလုံးသည် သိမ်မွေ့နက်နဲသော ကိစ္စရပ်များဖြစ်လေသည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ ထူးခြားချက်နှင့် အလေ့အထ” မှ
၁၅။ ဘုရားသခင်ထံ သင်တို့၏ ဆုတောင်းချက်များသည် အလွန်မကြာခဏပင် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့လေ့ရှိသည်၊ အောက်ပါသဘောသွားအတိုင်း သင် အမြဲဆုတောင်းတတ်သည်- “အိုး ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ဤတာဝန်ကို လုပ်ဆောင်စေတဲ့အတွက် ကိုယ်တော့်အလုပ် နှောင့်ယှက်ခြင်း မခံရဘဲ ဘုရားသခင်ရဲ့ မိသားစုအကျိုး အဘယ်ဆုံးရှုံးနစ်နာမှုမှ မခံစားရဖို့အလို့ငှာ ကျွန်ုပ် ပြုလုပ်သမျှကို ကိုယ်တော် မှန်ကန်သင့်လျော်စေရပါမယ်။ ကိုယ်တော် ကျွန်ုပ်ကို စောင့်ရှောက်ကာကွယ်ရပါမယ်...” ထိုကဲ့သို့သော ဆုတောင်းချက်မျိုးမှာ အလွန်ပင် ကျိုးကြောင်းမဆီလျော်လှသည် မဟုတ်သလော။...သခင်ယေရှု၏ ဆုတောင်းချက်များကို ကြည့်လော့ (သူ၏နေရာ သို့မဟုတ် အနေအထားကို လူတို့ ယူဆောင်စေရန် ဤနေရာတွင် သူ၏ဆုတောင်းချက်များကို မဖော်ပြသော်လည်း)- ဂေသရှေမန်ဥယျာဉ် ထဲ၌ သူသည် “လွန်သွားနိုင်လျှင်...” ဟု ဆုတောင်းခဲ့သည်။ တစ်နည်းအားဖြင့် “ဤသို့လု်ပ်ဆောင်နိုင်လျှင်” ဟူ၍ ဖြစ်သည်။ ဤအရာကို ဆွေးနွေးသည့်အနေဖြင့် ပြောခဲ့ခြင်းဖြစ်သည်၊ သူက “ကိုယ့်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါသည်” ဟု မဆိုခဲ့ပါ။ ကျိုးနွံနာခံသော နှလုံးသားနှင့် ကျိုးနွံနာခံသော အခြေအနေ၌ သူသည် “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” (မဿဲ ၂၆းး၃၉) ဟု ဆုတောင်းခဲ့ပါသည်။ သူသည် ပထမနှစ်ကြိမ်တွင် ဤသို့ပင် ဆုတောင်းခဲ့ပြီး၊ တတိယကြိမ်တွင် “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု သူဆုတောင်းခဲ့သည်။ ခမည်းတော်ဘုရားသခင်၏ ကြံရွယ်ချက်များကို နားလည်သဘောပေါက်ထားသဖြင့် သူက “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု ဆုတောင်းခြင်းဖြစ်သည်။ သူသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုမျှမပြုဘဲ အပြည့်အဝ ကျိုးနွံနာခံနိုင်ခဲ့သည်။ သူက “ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော” ဟု ဆိုခဲ့သည်။ ယင်းက ဘာကိုဆိုလိုသနည်း။ သူ ထိုသို့ ဆုတောင်းခဲ့သည်မှာ အဘယ့်ကြောင့်ဆိုသော် မိမိ၏ နောက်ဆုံးထွက်သက်အထိတိုင် ကားတိုင်ပေါ်တွင် အသွေးသွန်းခြင်းဟူသည့် ကြီးစွာသောဝေဒနာ ခံစားရခြင်းကို တွေးမိခဲ့သောကြောင့်ဖြစ်သည်၊ ဤအရာက သေခြင်းနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး၊ သူသည် ခမည်းတော်ဘုရားသခင်၏ ကြံရွယ်ချက်များကို အပြည့်အဝ နားမလည်ခဲ့သေးသောကြောင့် ဖြစ်သည်။ ယင်းကို ထောက်ရှုလျှင် သူသည် ကားစင်တင်သတ်ခြင်း၏ ဝေဒနာကို တွေးမိလင့်ကစား၊ ထိုကဲ့သို့ ဆုတောင်းနိုင်စွမ်း ရှိခဲ့သည်၊ သူသည် အမှန်တကယ် အလွန်ပင် ကျိုးနွံနာခံခဲ့လေသည်။ သူ၏ ဆုတောင်းခြင်းပုံစံမှာ ပုံမှန်ဖြစ်ခဲ့သည်၊ သူသည် သူ၏ ဆုတောင်းချက်ထဲ၌ မည်သည့်သတ်မှတ်ချက်ကိုမျှ အဆိုမပြုခဲ့သည့်အပြင် ခွက်ကို ဖယ်ရှားရန်လည်း မဆိုခဲ့ပါချေ။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သူနားမလည်သည့် အနေအထားတစ်ခု၌ ဘုရားသခင်၏ ကြံရွယ်ချက်များကို ရှာဖွေရန်ပင် ဖြစ်ခဲ့သည်။ ပထမကြိမ် သူဆုတောင်းခဲ့ရာ၌ ခမည်းတော်ဘုရား၏ ကြံရွယ်ချက်များကို အပြည့်အဝ သူနားမလည်ခဲ့သောကြောင့် “လွန်သွားနိုင်လျှင်...သို့သော်လည်း ကိုယ်တော်အလိုရှိသည်အတိုင်း” ဟု ဆိုခဲ့သည်။ သူသည် ကျိုးနွံနာခံခြင်း အခြေအနေတစ်ခု၌ ဘုရားသခင်ကို ရှာဖွေပြီး ဆုတောင်းခဲ့ပြီဖြစ်သည်။ ဒုတိယကြိမ်တွင် ထိုနည်းအတိုင်းပင် သူဆုတောင်းခဲ့သည်။ အားလုံးပေါင်း သုံးကြိမ် သူဆုတောင်းခဲ့သည် (ဤသို့ သုံးကြိမ်ဆုတောင်းချက်များမှာ သုံးရက်အတွင်းမျှ၌သာ ဖြစ်ပျက်ခဲ့သည်တော့ မဟုတ်ပေ)၊ ထို့နောက် သူ၏ နောက်ဆုံးဆုတောင်းချက်တွင် ဘုရားသခင်၏ ကြံရွယ်ချက်များကို သူ အပြည့်အဝ နားလည်လာခဲ့ပြီး၊ ယင်းနောက်တွင် ယေရှုသည် မည်သည့်အရာကိုမျှ နောက်ထပ် မပန်ကြားခဲ့တော့ပေ။ သူ၏ ပထမဆုတောင်းချက်နှစ်ခုတွင် ကျိုးနွံနာခံခြင်း အခြေအနေ၌ သူရှာဖွေခဲ့သည်။ သို့သော်ငြားလည်း လူတို့မှာမူ ထိုကဲ့သို့ လုံး၀ ဆုမတောင်းကြပေ။ လူတို့သည် သူတို့၏ ဆုတောင်းချက်များတွင် “ဘုရားသခင်၊ ဤသို့ထိုသို့ ပြုပါရန် ကိုယ်တော့်ကို ကျွန်ုပ်တောင်းဆိုပါ၏၊ ကျွန်ုပ်ကို ဤအရာ၌ ထိုအရာ၌ လမ်းပြပေးပါရန် ကိုယ်တော့်ကို တောင်းဆိုပါ၏၊ ထို့ပြင် ကျွန်ုပ်အတွက် အခြေအနေများအဆင်သင့် ပြုလုပ်ပေးရန် ကိုယ်တော့်ကို တောင်းဆိုပါ၏...” ဟု ပြောတတ်ကြသည်။ သူသည် သင့်အတွက် သင့်လျော်သော အခြေအနေများကို ပြင်ဆင်မပေးဘဲ အခက်အခဲများကို ခံစားကောင်း ခံစားစေလိမ့်မည်။ လူတို့က “ဘုရားသခင်၊ ကျွန်ုပ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးဖို့နဲ့ ကျွန်ုပ်ကို ခွန်အားပေးဖို့ တောင်းဆိုပါတယ်” ဟု အမြဲဆုတောင်းခဲ့မည်ဆိုလျှင်မူ ထိုသို့ ဆုတောင်းခြင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပေသည်။ သင်ဆုတောင်းသည့်အခါ ကျိုးကြောင်းဆီလျော်မှု ရှိရမည်၊ ထို့ပြင် သင်သည် ကျိုးနွံနာခံနေသည်ဟူသည့် အကြောင်းရင်းအောက်တွင် သင်ထိုသို့ပြုလုပ်ရမည်။ သင့်ဆုတောင်းချက်များကို ဘောင်မခတ်လေနှင့်။ သင်စတင်ဆုမတောင်းမီကပင်လျှင် သင်သည် ဤသို့ ဘောင်ခတ်နေပေပြီ- ငါသည် ဘုရားသခင်ကို ပန်ကြားပြီး သူ့ကို ဤသို့ထိုသို့ ပြုစေရမည်။ ဤနည်းအတိုင်း ဆုတောင်းခြင်းသည် အလွန်ပင် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပေသည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ ထူးခြားချက်နှင့် အလေ့အထ” မှ
၁၆။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သင်ပျော်မွေ့နေသည့်အခါ သင်၏ဝိညာဉ်သည် တို့ထိခြင်းခံရကာ ဘုရားသခင်အား သင်မချစ်ဘဲမနေနိုင်ကြောင်း၊ သင့်အထဲ၌ ကြီးမားသော ခွန်အားရှိကြောင်းနှင့် သင်ဘေးချိတ်မထားနိုင်သည့်အရာ တစ်စုံတစ်ခုမျှမရှိကြောင်း သင်ခံစားရမည်။ အကယ်၍ သင်ဤကဲ့သို့ခံစားရပါက သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီး သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျားလှည့်၍ သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အို ဘုရားသခင်။ ကျွန်ုပ်တို့သည် ရှေးမဆွမီကတည်းက ကိုယ်တော်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကို အမှန်တကယ် ခံရသောသူများ ဖြစ်ပါသည်။ ကိုယ်တော်၏ ဘုန်းတော်သည် ကျွန်ုပ်၏ ဂုဏ်ယူဖွယ်ာ ဖြစ်ပြီး၊ ကျွန်ုပ်သည် ကိုယ်တော်၏ လူများထဲမှ တစ်ဦးဖြစ်ရသည်မှာ အလွန်ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါ၏။ ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ရန် မည်သည့်အရာအတွက်မဆိုသုံး၍ မည်သည့်အရာကိုမဆို ပေးပါမည်၊ ကျွန်ုပ်၏ နှစ်ကာလအလုံးစုံနှင့် တစ်ဘဝလုံး အားထုတ်ကြိုးပမ်းမှုတို့ကို ကိုယ်တော့်ထံ ဆက်ကပ်ပါမည်” ဟု သင်ဆိုလိမ့်မည်။ သင်ဤကဲ့သို့ ဆုတောင်းပါက သင်၏စိတ်နှလုံးထဲတွင် အဆုံးမရှိသော ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် မှန်သောနာခံမှု ရှိလာမည်။ ဤကဲ့သို့သော ဖြစ်ရပ်တစ်ခုကို သင်ကြုံဖူးသလော။ အကယ်၍ လူအများသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိမှုကို မကြာခဏ ခံရပါက ၎င်းတို့သည် ၎င်းတို့၏ ဆုတောင်းချက်များထဲ၌ “အို ဘုရားသခင်။ ကိုယ်တော် ဘုန်းထင်ရှားသော နေ့ရက်ကို ကျွန်ုပ်မျှော်လင့်ပါ၏၊ ကိုယ်တော့်အတွက် ကျွန်ုပ်အသက်ရှင်လိုပါ၏၊ ကိုယ်တော့်အတွက် အသက်ရှင်ခြင်းထက် ပို၍ထိုက်တန်သော သို့မဟုတ် အဓိပ္ပာယ်ရှိသောအရာ မရှိပါ၊ ထို့အပြင် ကျွန်ုပ်သည် စာတန်နှင့် ဇာတိပကတိအတွက် အသက်ရှင်လိုစိတ် အနည်းငယ်မျှ မရှိပါ။ ကိုယ်တော့်အတွက် ယနေ့ အသက်ရှင်နိုင်ရန် အကျွန်ုပ်အား တတ်နိုင်စေခြင်းဖြင့် ကိုယ်တော်သည် ကျွန်ုပ်အား ချီးမြှောက်တော်မူသည်” ဟူ၍ ထည့်သွင်းဆုတောင်းကာ မိမိတို့ကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အထူးသဖြင့် ဆန္ဒရှိကြမည် ဖြစ်သည်။ သင်ဤသို့ဆုတောင်းသည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင်အား မပေးဘဲ မနေနိုင်ကြောင်း၊ ဘုရားသခင်ကို မရဘဲ မနေနိုင်ကြောင်း သာမက သင်အသက်ရှိစဉ် ဘုရားသခင်ကို မရဘဲ သင်သေဆုံးသွားမည်ကို မုန်းတီးသကဲ့သို့ သင်ခံစားရလိမ့်မည်။ ထိုကဲ့သို့ဆုတောင်းချက်ကို နှုတ်ဖြင့်မြွက်ဆိုပြီးပါက သင့်အထဲ၌ မကုန်ခန်းနိုင်သောခွန်အား ရှိလာမည်ဖြစ်ပြီး ထိုခွန်အားသည် မည်သည့်နေရာမှ ရောက်လာကြောင်း သင်သိမည်မဟုတ်ပါ၊ သင့်စိတ်နှလုံးထဲ၌ အကန့်အသတ်မရှိသော တန်ခိုးရှိလာပြီး ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် အင်မတန်မှပင် ချစ်မြတ်နိုးရန် ထိုက်တန်ကြောင်းသိသည့် အသိစိတ် သင့်အထဲ၌ ရှိလာလိမ့်မည်။ ထိုအချိန်သည် ဘုရားသခင်၏ တို့ထိခြင်းကို သင်ခံရပြီးဖြစ်သည့် အချိန်ပင်ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ရပ်ကို ကြုံဖူးသောသူအားလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးသူများဖြစ်ကြသည်။ ဘုရားသခင်၏ တို့ထိခြင်းကို မကြာခဏ ခံရသောသူများသည် ၎င်းတို့၏ အသက်တာများထဲ၌ အပြောင်းအလဲများ ဖြစ်လာသည်၊ ၎င်းတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပြီး ဘုရားသခင်ကို အပြည့်အဝရရန် အလိုရှိကြသည်၊ ၎င်းတို့စိတ်နှလုံးအထဲ၌ရှိသော ဘုရားသခင်အား ချစ်မြတ်နိုးသည့် စိတ်သည် ပို၍ပြင်းပြလာသည်၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားကြသည်။ ၎င်းတို့သည် မိသားစု၊ လောကကြီး၊ အရှုပ်အယှက်များ သို့မဟုတ် ၎င်းတို့၏ အနာဂတ်အပေါ် အလေးမထားကြ၊ ထို့အပြင် ၎င်းတို့သည် တစ်ဘဝလုံး အားထုတ်ကြိုးပမ်းမှုတို့ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အလိုရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရသောသူအားလုံးသည် သမ္မာတရားနောက်သို့ အမီလိုက်သူများဖြစ်ကြပြီး စုံလင်ခြင်းသို့ ရောက်ရန်အတွက် ဘုရားသခင်ပြုမည်ကို တောင့်တသောသူများဖြစ်ကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ
၁၇။ ပေတရုဟူသော ဤလူသားသည် ပြောင်မြောက်သော အရည်အချင်းရှိသူ ဖြစ်သည်၊ သို့သော်လည်း သူ၏အခြေအနေများသည် ပေါလု၏အခြေအနေများနှင့် ကွဲပြားခြားနားသည်။ ပေတရု၏ မိဘများသည် ငါ့ကိုညှဉ်းဆဲခဲ့ကြသည်၊ ထိုမိဘများသည် စာတန်၏ ပိုင်ဆိုင်ခြင်းခံထားရသော မာရ်နတ်များနှင့် သက်ဆိုင်ခဲ့ကြသည်၊ ဤအကြောင်းကြောင့် ထိုသူတို့သည် ပေတရုထံသို့ လမ်းခရီးကို လွှဲပြောင်းပေးခဲ့သည်ဟု ပြော၍မရနိုင်။ ပေတရုသည် သွက်လက်ချက်ချာသော ဉာဏ်ရှိသူဖြစ်ပြီး ပင်ကိုဉာဏ်ပညာနှင့် ပြည့်စုံခဲ့ကာ ငယ်စဉ်ဘဝကတည်းက သူ့မိဘများ၏ တုန်နေအောင်ချစ်ခြင်းကို ခံခဲ့ရသူဖြစ်သည်၊ သို့သော်လည်း အရွယ်ရောက်လာပြီးနောက်ပိုင်းတွင်မူ သူသည် သူ့မိဘများ၏ ရန်သူဖြစ်လာခဲ့သည်၊ အကြောင်းမှာ သူသည် ငါ့အား သိကျွမ်းခြင်းအလို့ငှာ အမြဲပင် ကြိုးပမ်းခဲ့ပြီး၊ ထိုအရာက သူ့မိဘများကို ကျောခိုင်းဖို့ရန် ဦးတည်သွားစေခဲ့သောကြောင့် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ပထမဆုံး ပေတရုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့မှာ အနန္တတန်ခိုးရှင်၏ လက်တော်ထဲ၌ရှိပြီး အပြုသဘောဆောင်သော အရာခပ်သိမ်းမှာ ဘုရားသခင်ထံမှ အရင်းပြု၍ စာတန်၏ မည်သည့်ခြယ်လှယ်ခံရခြင်းကိုမျှ ဖြတ်သန်းသွားခြင်း မရှိဘဲနှင့် ဘုရားသခင်ထံမှပင် တိုက်ရိုက်လာသည်ဟု ယုံကြည်ခဲ့သောကြောင့်ဖြစ်သည်။ အဖြည့်ခံအနေနှင့် အစေခံသည့် သူ့မိဘများ၏ ဆန့်ကျင်ဘက် သာဓကသည် ပေတရုအနေဖြင့် ငါ၏ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းကို သာ၍ပင် လိုလိုလားလား အသိအမှတ်ပြုရန် ထောက်ကူပေးခဲ့ပြီး ထိုသို့ဖြင့် ငါ့အား ရှာဖွေခြင်းငှာ သာ၍ကြီးသော စိတ်ထက်သန်ပြင်းပြမှုကို သူ၏အထဲ၌ လှုံ့ဆော်ပေးခဲ့သည်။ သူသည် ငါ၏နှုတ်ကပတ်တော်များအား စားသောက်ခြင်းကို အလေးအနက် အာရုံထားခဲ့သည်သာမကဘဲ ငါ၏ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ခြင်းအား သာ၍ပင် အလေးအနက် အာရုံထားခဲ့ပြီး အစဉ်တစိုက်ပင် သူ၏အတွေးများ၌ နှိုင်းချင့်မျှော်ခေါ်ကာ သတိရှိခဲ့သည်၊ ထို့ကြောင့် သူသည် အမြဲပင် သူ၏ဝိညာဉ်ရေး၌ အထူးတလည် ပါးနပ်ချက်ချာခဲ့သည်၊ ထို့ကြောင့် သူလုပ်လေရာရာ၌ ငါ့အား ကျေနပ်စေနိုင်ခဲ့သည်။ သာမန်အသက်တာထဲတွင် သူသည် ကျရှုံးမှု၏ ကွန်များအတွင်းသို့ သက်ဆင်းသွားမည်ကို အလွန်အမင်း ကြောက်ရွံ့သဖြင့် သာ၍ကြီးစွာ ကြိုးပမ်းအားထုတ်ခြင်းငှာ မိမိကိုယ်မိမိ စေ့ဆော်ရန်အတွက် အတိတ်တွင် ကျရှုံးခဲ့သူများ၏ သင်ခန်းစာများအား ပေါင်းစည်းခြင်းကို အလေးအနက် အာရုံထားခဲ့သည်။ ခေတ်ကာလများတစ်လျှောက်တွင် ဘုရားသခင်ကို ချစ်ခဲ့ကြသော လူများအားလုံး၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းကို လက်သင့်ခံခြင်းအား သူအလေးအနက် အာရုံထားခဲ့သည်။ ဤနည်းဖြင့် ပေတရုသည် ငါ၏မျက်မှောက်တော်ထဲတွင် ငါ့ကို အသိကျွမ်းဆုံးသော လူသတ္တဝါဖြစ်လာသည်အထိ သူ၏ကြီးထွားခြင်းတိုးတက်မှုကို အနုတ်သဘောဆောင်သော ကဏ္ဍများထဲသာမက သာ၍အရေးကြီးသည်မှာ အပြုသဘောဆောင်သော ကဏ္ဍများထဲတွင်ပါ အရှိန်မြှင့်ခဲ့သည်။ ဤအကြောင်းကြောင့် ပေတရုသည် သူ့တွင်ရှိသမျှသော အရာအားလုံးကို ငါ၏လက်ထဲသို့ မည်သို့တင်ထားနိုင်သည်ကို စိတ်ကူးကြည့်ရန် မခဲယဉ်းတော့ချေ၊ သူသည် စားခြင်း၊ ဝတ်ဆင်ခြင်း၊ အိပ်စက်ခြင်း၊ သို့မဟုတ် အဘယ်အရပ်တွင် နေထိုင်သည်တို့ကိုပင် မိမိစိတ်ကြိုက် မဆုံးဖြတ်တော့ဘဲ ငါ၏ကြွယ်ဝခြင်းကို ခံစားသည့် အခြေခံအုတ်မြစ်အပေါ်တွင် အရာခပ်သိမ်းကို ငါစိတ်ကျေနပ်အားရရန် လုပ်ဆောင်ခဲ့သည်။ ကြိမ်ဖန်များစွာပင် ငါသည် သူ့ကို စမ်းသပ်မှုအောက်၌ ထားရှိခဲ့ပြီး ထိုအရာမှာ သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင်ပင်လျှင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့၊ သို့မဟုတ် ငါ့အား စိတ်ပျက်လာခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့် အချိန်တွင်ပင်လျှင် သူသည် အားနည်းစိတ်ပျက်သော စိတ်နှလုံး ဖြစ်ထွန်းခြင်း မရှိခဲ့၊ သို့မဟုတ် မျှော်လင့်ချက် ပျက်သုဉ်းသွားခြင်း မရှိခဲ့ဘဲ ငါ့ကို လက်တွေ့ကျသောနည်းလမ်းဖြင့် ချစ်ရန်အလို့ငှာ ယခင်ကအတိုင်းပင် သူ၏အခြေခံသဘောတရားများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ငါသည် သူ့အား ထိုအရာကို ပြောခဲ့စဉ်က သူသည် ငါ့ကို ချစ်ခဲ့သော်ငြားလည်း ငါသည် သူ့ကို မချီးကျူးခဲ့ဘဲ အဆုံးတွင် စာတန်၏လက်ထဲသို့ သူ့ကို ချပစ်ခဲ့လိမ့်မည်ဖြစ်သည်။ သူ၏ဇာတိခန္ဓာထိတိုင် ထွင်းဖောက်ခဲ့ခြင်း မဟုတ်ဘဲ နှုတ်ကပတ်တော်များအားဖြင့် စမ်းသပ်မှုသာဖြစ်သည့် ထိုစမ်းသပ်မှုများအလယ်တွင် သူသည် ငါ့ထံ ဆုတောင်းခဲ့သည်မှာ “အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အင်္သချေသော အရာများအကြားတွင် အနန္တတန်ခိုးရှင် ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသား၊ ဖန်ဆင်းခံသတ္တဝါ၊ သို့မဟုတ် အမှုအရာတို့ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနားကြင်နာမှုကို ပြသရန် အလိုရှိသောအခါ အကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်၏ သနားကြင်နာမှုကြောင့် ကြီးစွာရွှင်လန်းဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်ချက် ချမှတ်လိုသောအခါ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောကြောင့် ကိုယ်တော့်ဆောင်ရွက်ချက်များ၏ သိမ်မွေ့နက်နဲသော ဆန်းကြယ်မှုကို သာ၍ပင် ခံစားရပါ၏။ အကျွန်ုပ်၏ဇာတိခန္ဓာသည် ဝေဒနာခံစားရသော်ငြားလည်း အကျွန်ုပ်၏ဝိညာဉ်ထဲ၌ သက်သာရာရပါ၏။ ကိုယ်တော်၏ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် ထောမနာမပြုဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင် အကျွန်ုပ်သည် အစဉ်အမြဲပင် အဆင်သင့်ဖြစ်လျက်၊ လိုလားလျက်ပင် ရှိနေပါလိမ့်မည်။ အိုး အနန္တတန်ခိုးရှင်ဘုရား၊ အကျွန်ုပ်အား ကိုယ်တော်ကို တွေ့မြင်ခွင့်ပေးရန် ဧကန်အမှန် အလိုတော်မရှိခြင်း မဟုတ်သည်မှာ သေချာပါသည် မဟုတ်လော။ ကိုယ်တော်၏ တရားစီရင်မှုကို လက်ခံရရှိခြင်းငှာ အကျွန်ုပ်သည် ဧကန်အမှန် မထိုက်တန်ခြင်းမျိုး မဟုတ်သည်မှာ သေချာပါသည် မဟုတ်လော။ အကျွန်ုပ်၏အထဲတွင် ကိုယ်တော်မမြင်တွေ့လိုသော အရာတစ်စုံတစ်ခု ရှိနေခြင်း ဖြစ်နိုင်သလော” ဟူ၍ ဖြစ်သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများအလယ်တွင် ပေတရုသည် ငါ၏ရည်ရွယ်ချက်များကို တိကျမှန်ကန်စွာ နားလည်သဘောပေါက်ခြင်းငှာ မတတ်စွမ်းနိုင်ခဲ့သော်ငြားလည်း ထိုအရာကို သူသည် ငါ၏အသုံးပြုခြင်း ခံရရန်အတွက် (လူသားမျိုးနွယ်သည် ငါ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို မြင်တွေ့စေရန်အလို့ငှာ ငါ၏တရားစီရင်မှုကို ခံယူခြင်းတစ်ခုတည်းပင် ဖြစ်သည်ဖြစ်စေ) သိက္ခာ၊ ပုဂ္ဂိုလ်ရေး ဂုဏ်ရှိန်နှင့်စပ်ဆိုင်သော အရာများအဖြစ် မှတ်ယူခဲ့သည်မှာ ထင်ရှားပြီး၊ ၎င်းမှာ စမ်းသပ်မှုအောက်တွင် ချထားခံရခြင်းကြောင့် စိတ်မချမ်းမြေ့ခြင်းသာဖြစ်သည်။ ငါ၏မျက်မှောက်၌ သူ၏သစ္စာစောင့်သိမှုကြောင့်နှင့် သူ့အပေါ် ငါချပေးသော ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသားမျိုးနွယ်အတွက် နှစ်ထောင်ပေါင်းများစွာတိုင် စံနမူနာတစ်ဦး ဖြစ်လာခဲ့သည်။ ဤသည်မှာ သင်တို့လိုက်လျှောက်သင့်သော ပုံဥပမာပင် အတိအကျဖြစ်သည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
၁၈။ ပေတရုအား ဘုရားသခင် ဆုံးမချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင်ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင် ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်တော်မူသည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုတရားစီရင်သည့်အခါ ကျွန်ုပ်အားရကျေနပ်မိပါသည်။ ဤသို့အားဖြင့် အခြားသူများသည် ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ ဖြောင့်မတ်တော်မူသည့် စိတ်သဘောထားကို ရှုမြင်နိုင်မည်ဖြစ်ပါသည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သတ္တဝါအားလုံးမှ မြင်တွေ့နိုင်ရန်အလို့ငှာ၊ ထို့ပြင် ကိုယ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ်တော့်ကို ပိုမိုဖြူစင်စွာ ကျွန်ုပ်ချစ်နိုင်ရန်နှင့် ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ကျွန်ုပ်ရနိုင်ရန်အလို့ငှာ ကိုယ်တော်၏စိတ်သဘောထားသည် ထင်ရှားပြသရန်သာ ကျွန်ုပ်ဆန္ဒပြုပါ၏။ ကိုယ်တော်၏ ဤတရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ရှေ့တော်မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ ရန်လိုသော ပတ်ဝန်းကျင်အားဖြင့် ဖြစ်စေ၊ အတိဒုက္ခကြီးစွာ ခံစားရသည်ဖြစ်စေ၊ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန်လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စောဒကစိုးစဉ်းမျှပင် မတက်ဘဲ ကိုယ်တော်၏ သနားခြင်းကရုဏာတော်ကို ခံယူရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင်ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ