ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍
သင်တို့၏ နေ့စဉ်အသက်တာတွင် ဆုတောင်းခြင်းကို သင်တို့ အရေးမထားပေ။ လူသားသည် ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှု၏။ ဆုတောင်းချက်များသည် ဘုရားသခင်၏ရှေ့တွင် လူသားက ဟန်ဆောင်လုပ်ပြခြင်း သက်သက်ဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်လေ့ရှိခဲ့သည်၊ မည်သည့်လူသားကမျှ မိမိ၏ နှလုံးသားကို ဘုရားသခင်၏ ရှေ့မှောက်တွင် အပြည့်အဝ မဆက်ကပ်ခဲ့ဖူးသကဲ့သို့၊ စစ်မှန်သည့် ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် မထိတွေ့ခဲ့ဖူးကြပေ။ လူသားသည် ဒုက္ခဖြစ်သည့်အခါမှသာ ဘုရားသခင်ကို ဆုတောင်းကြသည်။ ဤအချိန်တစ်လျှောက်လုံးတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ဆုတောင်းဖူးသလော။ ဘုရားသခင်၏ရှေ့တွင် နာကျင်မှု မျက်ရည်များကို သင်ငိုကြွေးဖူးသလော။ ဘုရားသခင်၏ရှေ့တွင် မိမိကိုယ်ကိုယ် သိမြင်လာခဲ့သည့်အချိန် ရှိဖူးသလော။ ဘုရားနှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆုတောင်းချက်တစ်ခု သင်ရှိဖူးပါသလော။ ဆုတောင်းခြင်းသည် လက်တွေ့လုပ်ဆောင်မှုမှတဆင့် လာ၏။ သင်သည် သာမန်အားဖြင့် အိမ်တွင် ဆုတောင်းလေ့မရှိပါက၊ ဘုရားကျောင်းတွင်လည်း ဆုတောင်းလိမ့်မည် မဟုတ်သကဲ့သို့၊ လူအနည်းငယ်စုရုံးသည့် အခါများတွင် ပုံမှန် ဆုတောင်းလေ့ မရှိပါက၊ လူများစွာ ဆုတောင်းသည့် အခါများတွင် သင်ဆုတောင်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ ပုံမှန်ချဉ်းကပ်လေ့ မရှိသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စားမြုံ့ပြန်လေ့မရှိပါက၊ ဆုတောင်းသည့် အချိန်ရောက်သည့်အခါ သင့်အနေဖြင့် ပြောစရာဘာမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဆုတောင်းလျှင်ပင် ပါးစပ်ပြောမျှသာ ဖြစ်လိမ့်မည်။ စစ်မှန်သော ဆုတောင်းခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။
စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သူ၏ အလိုတော်ကို သင် သဘောပေါက်သည့်အတိုင်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို ဆက်သွယ်ခြင်း၊ ဘုရားသခင်နှင့် အထူးသဖြင့် ရင်းနှီးသည်ဟု ခံစားခြင်း၊ သူသည် သင်၏ ရှေ့တွင် ရှိနေသည်ဟု ခံစားရခြင်းနှင့် သူ့ကို ပြောစရာတစ်ခုခု ရှိသည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် အလင်းဖြင့် ပြည့်သည်ဟု ခံစားရကာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို သင် ခံစားရသည်။ သင်သည် အထူးသဖြင့် လှုံ့ဆော်မှုကို ခံစားရပြီး သင်ပြောသည့်အရာကို နားထောင်ခြင်းက သင်၏ညီအစ်ကို မောင်နှမများကို အားရကျေနပ်မှု ပေးသည်။ သင်၏ စကားများသည် ၎င်းတို့ ကိုယ်တိုင်၏စကားများ ကိုယ်စားပြောသည့်အလား၊ သင်ပြောသည့် စကားများက ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ရှိသည့် စကားများ၊ ၎င်းတို့ပြောချင်သည့် စကားများ ဖြစ်သည်ဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဤသည်မှာ စစ်မှန်သည့် ဆုတောင်းခြင်း ဖြစ်သည်။ စစ်မှန်သော ဆုတောင်းခြင်းကို သင် လုပ်ဆောင်ပြီးနောက်တွင်၊ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်းလိမ့်မည်ဖြစ်ပြီး အားရကျေနပ်ခြင်းကို သိလိမ့်မည်။ ဘုရားကို ချစ်ဖို့စွမ်းအား မြင့်မားလာနိုင်ပြီး ဘဝတွင် ဘုရားသခင်ကို ချစ်ခြင်းထက် သာ၍ တန်ဖိုးရှိသည့်အရာ သို့မဟုတ် အရေးပါသည့်အရာ မရှိဟု သင် ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်၏ဆုတောင်းခြင်းများ ထိရောက်သည်ကို သက်သေပြပေသည်။ သင်သည် ထိုသို့သော နည်းလမ်းဖြင့် ဆုတောင်းဖူးပါသလော။
ပြီးလျှင် မည်သည့် အကြောင်းအရာကို သင် ဆုတောင်းသနည်း။ သင်၏ ဆုတောင်းခြင်းသည် သင့်စိတ်နှလုံး၏ စစ်မှန်သော အခြေအနေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ နှင့်အညီ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်သင့်သည်။ သင်သည် ဘုရားသခင်၏ အလိုတော်၊ လူသားကို သူ တောင်းဆိုသည့် အရာနှင့်အညီ ဘုရားသခင်ကို မိတ်သဟာယပြုရန် လာသည်။ ဆုတောင်းခြင်းကို သင်စတင်၍ လက်တွေ့လုပ်ဆောင်သည့် အခါတွင်၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလော့။ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ဖို့ မကြိုးပမ်းနှင့်- သင်၏နှလုံးသားထဲတွင်ရှိသည့် စကားများကိုသာ ဘုရားသခင်ကို ပြောဖို့ကြိုးစားလော့။ ဘုရားသခင်ရှေ့သို့ သင် လာသည့်အခါတွင်၊ ဤကဲ့သို့ ပြောလော့- “အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံလေ့မရှိခဲ့သည်ကို ယနေ့မှ ကျွန်ုပ် သိပါ၏။ ကျွန်ုပ်သည် ဧကန်အမှန် ဖောက်ပြန်ပျက်စီးပြီး စက်ဆုပ်ဖွယ်ဖြစ်ပါ၏။ ကျွန်ုပ်၏ဘဝကို ကျွန်ုပ် ဖြုန်းတီး၍သာ နေမိပါပြီ။ ယနေ့မှစ၍ ကိုယ်တော်အတွက်အသက်ရှင်ပါမည်။ အဓိပ္ပါယ်ရှိသည့် ဘဝကို အသက်ရှင်ပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းပါမည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်ကို စဉ်ဆက်မပြတ် အလင်းပြကာ ဉာဏ်အလင်းပေးလျက် ကျွန်ုပ်၏အထဲတွင် လုပ်ဆောင်စေတော်မူပါ။ ကျွန်ုပ်အား ကိုယ်တော်၏ ရှေ့တွင် ခိုင်မာပြီး ထူးကဲလှသည့် သက်သေခံခွင့်ပေးတော်မူပါ။ ကိုယ်တော်၏ဘုန်းတော်၊ ကိုယ်တော်၏ သက်သေခံချက်ကို စာတန်အား မြင်စေတော်မူပါ။ ကိုယ်တော်၏ အောင်မြင်မှု သက်သေကို ကျွန်ုပ်တို့၏အတွင်း၌ ထင်ရှားစေတော်မူပါ။” ဤသို့ သင် ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးသည် လုံးဝ လွတ်မြောက်လိမ့်မည်။ ဤသို့ ဆုတောင်းပြီးသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ ရင်းနှီးလာလိမ့်မည် ဖြစ်ပြီး၊ ဤနည်းဖြင့် မကြာခဏ သင်ဆုတောင်းနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်သည် ဘုရားကို ဤနည်းလမ်းဖြင့် အမြဲခေါ်ပြီး သူ့ရှေ့မှောက်တွင် သင်၏ ဆုံးဖြတ်ချက်ကို ချပါက၊ သင်၏ ဆုံးဖြတ်ချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်သည့် နေ့တစ်နေ့၊ သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင် ရယူကာ နောက်ဆုံးတွင် သင့်ကို သူ စုံလင်စေသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ သင်တို့အတွက် ဆုတောင်းခြင်းသည် အရေးကြီးဆုံး ဖြစ်၏။ သင်ဆုတောင်းပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိသည့်အခါတွင်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန်ခွန်အား ပေါ်ထွက်လာလိမ့်မည်။ သင်၏စိတ်နှလုံးဖြင့် ဆုမတောင်းပါက၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် သင် ရင်မဖွင့်ပါက၊ ဘုရားသခင်သည် သင့်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ ဆုတောင်းပြီး သင့်စိတ်နှလုံးထဲက စကားများကို ပြောဆိုပြီးနောက်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် စတင် အလုပ်မလုပ်ရသေးသကဲ့သို့ မည်သည့် နှိုးဆော်မှုကိုမျှ သင်မရရှိပါက၊ သင်၏စိတ်နှလုံးသည် ရိုးသားမှု ကင်းမဲ့သည်၊ သင်၏စကားများ မမှန်ကန်သကဲ့သို့ မဖြူစင်သေးသည်ကို ဤအရာက ပြသပေသည်။ ဆုတောင်းပြီးသည့်နောက်၊ အားရကျေနပ်မှု ခံစားချက်တစ်ခု သင် ရှိပါက၊ သင်၏ ဆုတောင်းချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်ပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်နေပေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အစေခံသည့် သူတစ်ဦးအနေနှင့်၊ သင်သည် ဆုတောင်းခြင်းမရှိဘဲ မနေနိုင်ပေ။ သင်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိသည့် အရာတစ်ခုအဖြစ် အမှန်တကယ် မြင်ပါက၊ ဆုတောင်းခြင်းကို သင်စွန့်လွှတ်နိုင်သလော။ မည်သူမျှ ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့ဘဲ မနေနိုင်ချေ။ ဆုတောင်းခြင်း မရှိပါက၊ သင်သည် ဇာတိပကတိ၌၊ စာတန်၏ ကျေးကျွန်ဘဝတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ စစ်မှန်သည့် ဆုတောင်းခြင်း မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပေသည်။ အသင် ညီအစ်ကို မောင်နှမတို့သည် နေ့စဉ်နေ့တိုင်း စစ်မှန်သော ဆုတောင်းခြင်းကို ပြုနိုင်လိမ့်မည်ဟု ငါမျှော်လင့်၏။ ဤသည်မှာ စည်းကမ်းများကို လိုက်နာခြင်းအကြောင်းမဟုတ်ဘဲ၊ ရလဒ်တစ်ခုခုကို ရရှိခြင်းအကြောင်း ဖြစ်သည်။ သင်သည် နံနက် ဆုတောင်းခြင်းများအတွက် စောစောထဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ဖို့ အိပ်စက်ခြင်းနှင့် ပျော်မွေ့မှုများကို အနည်းငယ်လျှော့ရန် လိုလားသလော။ သင်သည် ဖြူစင်သည့် စိတ်နှလုံးဖြင့် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤသို့ စားသောက်ပါက၊ သင်သည် သူ့အဖို့ သာ၍ လက်ခံနိုင်ဖွယ် ဖြစ်လိမ့်မည်။ ဤအရာကို နံနက်တိုင်း သင် လုပ်ဆောင်ပါက၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်း၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းနှင့် သူနှင့် ဆက်ဆံခြင်းတို့အား နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ အသိပညာသည် ဧကန်မုချ တိုးပွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သင်သည် သာ၍ ကောင်းစွာ သဘောပေါက်နိုင်လိမ့်မည်။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် လိုလားပါ၏။ ကျွန်ုပ်တို့၌ ကိုယ်တော် ဘုန်းထင်ရှားဖို့အလို့ငှာ၊ ဤလူစုဖြစ်သည့် ကျွန်ုပ်တို့၏ သက်သေခံချက်ကို ကိုယ်တော် နှစ်သက်နိုင်စေဖို့၊ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံးကို ကိုယ်တော်ကိုသာ ကျွန်ုပ် ဆက်ကပ်ပါ၏။ ကိုယ်တော်ကို ကျွန်ုပ် မှန်တကယ်ချစ်နိုင်ဖို့နှင့် ကိုယ်တော့်ကို စိတ်ကျေနပ်စေကာ ကျွန်ုပ်၏ ရည်မှန်းချက် ပန်းတိုင်အဖြစ် ကိုယ်တော့်ကို လိုက်စားနိုင်ဖို့ ကျွန်ုပ်တို့၏ အထဲတွင် လုပ်ဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏” ဟု ပြောသည်။ ဤဝန်တာကို သင် တာဝန်ယူသည်နှင့်အညီ၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေလိမ့်မည်။ သင်ကိုယ်တိုင်၏ အကျိုးအတွက်သာ သင် ဆုမတောင်းသင့်ဘဲ၊ ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့နှင့် သူ့ကို ချစ်ဖို့အလို့ငှာလည်း သင် ဆုတောင်းသင့်၏။ ဤသည်မှာ အမှန်ကန်ဆုံးသော ဆုတောင်းချက်မျိုး ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့အတွက် ဆုတောင်းသောသူတစ်ဦးလော။
ယခင်က မည်သို့ ဆုတောင်းရမည်ကို သင်တို့မသိခဲ့သကဲသို့၊ ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှုခဲ့ကြသည်။ ယခုတွင်၊ ဆုတောင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်ဖို့ သင် အကောင်းဆုံး လုပ်ဆောင်ရမည်။ သင်သည် ဘုရားသခင်ကို ချစ်ဖို့ သင့်အတွင်းတွင် ရှိသည့် ခွန်အားကို မစေ့ဆော်နိုင်ပါက၊ သင်မည်သို့ ဆုတောင်းသနည်း။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်ကို အမှန်တကယ် ချစ်နိုင်စွမ်းမရှိပါ။ ကျွန်ုပ် ကိုယ်တော်ကို ချစ်ချင်သော်လည်း ခွန်အား ကင်းမဲ့ပါ၏။ အဘယ်အရာကို ကျွန်ုပ် လုပ်သင့်ပါသနည်း။ ကျွန်ုပ်၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးပြီး ကျွန်ုပ်၏ စိတ်နှလုံးသားကို ကိုယ်တော်၏ ဝိညာဉ်တော်အား တို့ထိစေတော်မူပါ။ ကိုယ်တော်၏ ရှေ့မှောက် ကျွန်ုပ် လာသည်နှင့်အမျှ၊ အပျက်သဘောဆောင်သမျှကို ကျွန်ုပ် စွန့်ပစ်စေတော်မူပါ၊ မည်သည့် လူပုဂ္ဂိုလ်၊ ကိစ္စရပ်၊ သို့မဟုတ် အမှုအရာမဆို၏ ထိန်းချုပ်ခြင်းကို ကျွန်ုပ် မခံသကဲ့သို့၊ ကိုယ်တော်၏ ရှေ့မှောက်တွင် ကျွန်ုပ် စိတ်နှလုံးကို လုံးဝ ဖွင့်ချ၏၊ ထိုသို့ဖြင့် ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးကို ကိုယ်တော့်အား ကျွန်ုပ် ဆက်ကပ်စေတော်မူပါ။ သို့သော်၊ ကျွန်ုပ်ကို ကိုယ်တော် စစ်ဆေးနိုင်ပါ၏၊ ကျွန်ုပ် အဆင်သင့် ရှိပါသည်။ ယခု၊ ကျွန်ုပ်၏ အနာဂတ် ရှေ့ရေးကို ကျွန်ုပ် ထည့်မတွက်သကဲ့သို့၊ သေခြင်းတရား၏ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင်လည်း ကျွန်ုပ်မရှိပါ။ ကိုယ်တော်ကို ချစ်သည့် စိတ်နှလုံးတစ်ခုဖြင့်၊ အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါ၏။ ကိစ္စရပ်တိုင်း၊ အရာရာတိုင်း- အားလုံး ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပါ၏။ ကျွန်ုပ်၏ ကံကြမ္မာသည် ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပြီး ကျွန်ုပ်၏ တကယ့် အသက်တာကို ကိုယ်တော့်လက်ထဲတွင် ကိုယ်တော် ထိန်းချုပ်ထားပါ၏။ ယခုတွင်၊ ကိုယ်တော်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားပြီး၊ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က မည်သို့ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပါ၏” ဟု ဆိုသည်။ ဤပြဿနာကို သင်ကြုံရသည့်အခါ၊ ဤသို့ ဆုတောင်းလော့။ သင်သည် ဤသို့ နေ့တိုင်း ဆုတောင်းပါက၊ ဘုရားကို ချစ်ရန် ခွန်အားသည် တဖြည်းဖြည်း မြင့်မားလိမ့်မည်။
လူတစ်ဦးသည် စစ်မှန်သည့် ဆုတောင်းခြင်းထဲသို့ မည်သို့ဝင်ရောက်သနည်း။
ဆုတောင်းသည့်အခါ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်သည့် နှလုံးသားတစ်ခုနှင့် ရိုးသားသည့် နှလုံးသားတစ်ခု ရှိရမည်။ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယပြုနေပြီး ဆုတောင်းနေခြင်း ဖြစ်သည်- ကြားကောင်းသည့် စကားလုံးများကို သုံးပြီး ဘုရားသခင်ကို နားပူနားဆာလုပ်ရန် သင် မကြိုးစားရပေ။ ဆုတောင်းခြင်းသည် ဘုရားသခင်က ယခုပင် ပြီးမြောက်ရန် ဆန္ဒရှိသည့်အရာအပေါ် ဗဟိုပြုသင့်၏။ သင်ဆုတောင်းသည့်အခါ ပိုမိုကြီးမားသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သင့်အားပေးဖို့၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် ပြုသည့် သန္နိဋ္ဌာန်အပါအဝင်၊ သင်၏အခြေအနေမှန်နှင့် ဒုက္ခများကို သူ၏မျက်မှောက်သို့ ယူဆောင်ခဲ့လော့။ ဆုတောင်းခြင်းသည် လုပ်ထုံးလုပ်နည်းများကို လိုက်လျှောက်ခြင်း မဟုတ်။ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားတစ်ခုဖြင့် ရှာဖွေခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်ဖို့အလို့ငှာ၊ သင့်ကို သူထားသည့် ပတ်ဝန်းကျင်တွင် သင့်ကိုယ်သင် သိဖို့၊ သင့်ကိုယ်သင် စက်ဆုပ်ရွံရှာဖို့နှင့် သင့်ကိုယ်သင် စွန့်လွှတ်ဖို့၊ ထိုသို့ဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု သင့်ကို ရှိခွင့်ပေးပြီး ဘုရားသခင်ကို ချစ်သည့်သူတစ်ဦး အမှန်တကယ်ဖြစ်လာဖို့ အလို့ငှာ သင်၏ စိတ်နှလုံးကို ကွယ်ကာပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်လော့။
ဆုတောင်းခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။
ဆုတောင်းခြင်းသည် လူသားက ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် လူသားက ဘုရားသခင်ကို ခေါ်သည့် နည်းလမ်းတစ်ခု ဖြစ်ပြီး လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိခြင်းခံရသည့် ဖြစ်စဉ်ဖြစ်သည်။ ဆုတောင်းခြင်း မရှိသူများသည် ဝိညာဉ်မရှိသည့် လူသေများဖြစ်သည်ဟု ဆိုနိုင်သည်၊ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့ အစွမ်းအစ ကင်းမဲ့သည်ကို သက်သေပြပေသည်။ ဆုတောင်းခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အမီလိုက်ဖို့ မဆိုထားနှင့်၊ ပုံမှန် ဝိညာဉ်ရေးရာ အသက်တာကို နေထိုင်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဆုမတောင်းဘဲနေခြင်းသည် မိမိ၏ ဘုရားသခင်နှင့် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိဖို့ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့်၊ သာ၍ ဆုတောင်းလေလေ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တို့ထိမှုကို သာ၍ ခံရလေလေ၊ သန္နိဋ္ဌာန်ဖြင့် သာ၍ ပြည့်လေလေဖြစ်ပြီး ဘုရားသခင်ထံမှ အသစ်သော ဉာဏ်အလင်းပေးခြင်းကို ရရှိဖို့ သာ၍ ကောင်းမွန်စွာ လုပ်နိုင်လေလေ ဖြစ်လိမ့်မည်။ အကျိုးဆက်အနေဖြင့်၊ ဤသို့သော လူအမျိုးအစားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကို အလွန် လျင်မြန်စွာ ခံရနိုင်ပေသည်။
ဆုတောင်းခြင်းသည် မည်သည့် အကျိုးသက်ရောက်မှုကို ရရှိဖို့ ရည်ရွယ်ပါသနည်း။
လူတို့သည် ဆုတောင်းသည့် အလေ့အကျင့်ကို လုပ်ဆောင် နိုင်ကောင်း လုပ်ဆောင်နိုင်ပြီး ဆုတောင်းခြင်း၏ အရေးပါမှုကို နားလည်နိုင်ကောင်း နားလည်နိုင်သည်၊ သို့သော် ဆုတောင်းခြင်း ထိရောက်ဖို့မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်း၊ လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာဂုံဆောင်ခြင်း ကိစ္စရပ်သာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဆုတောင်းခြင်းသည် အချို့သော စကားများကို သံယောင်လိုက်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို တုပခြင်း မဟုတ်ပေ။ ဆုတောင်းရာတွင် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့အလို့ငှာ မိမိ၏ နှလုံးသားကို ဖွင့်ထားလျက် ဘုရားသခင်ထံ မိမိ၏ နှလုံးသားကို ပေးနိုင်သည့် အခြေအနေကို ရောက်ရမည် ဖြစ်သည်။ ဆုတောင်းခြင်း ထိရောက်ဖို့ဆိုပါက၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ်တွင် အခြေခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ဆုတောင်းခြင်းဖြင့်သာ၊ သာ၍ ကြီးမားသည့် ဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပေသည်။ စစ်မှန်သည့် ဆုတောင်းချက်တစ်ခု၏ သရုပ်သကန်များမှာ- ဘုရားသခင် တောင်းဆိုသည့် အရာအားလုံးကို တမ်းတသည့်အပြင်၊ သူ တောင်းဆိုသည့်အရာကို ပြီးမြောက်ဖို့ ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိခြင်း၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာကို စက်ဆုပ်ရွံရှာခြင်း၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ရင်း ယင်းအပေါ် သိနားလည်မှုတစ်ခုကို ရရှိခြင်းနှင့် ဘုရားသခင် အသေးစိတ်ရှင်းပြသည့် သမ္မာတရားများနှင့် စပ်လျဉ်း၍ သိနားလည်မှုနှင့် ရှင်းလင်းမှုတစ်ခု ရှိခြင်းတို့ဖြစ်သည်။ သန္နိဋ္ဌာန်၊ ယုံကြည်ခြင်း၊ အသိပညာနှင့် ဆုတောင်းပြီးနောက် ရရှိသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည့်အခါမှသာ စစ်မှန်သော ဆုတောင်းခြင်းဟု ခေါ်ဆိုနိုင်ပြီး၊ ဤဆုတောင်းခြင်းမျိုးသာ ထိရောက်နိုင်ပေသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအပေါ် တည်ဆောက်ထားရမည်၊ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ၌ မိတ်သဟာယဖွဲ့ခြင်း အခြေခံ အုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး၊ ဘုရားသခင်ကို ရှာဖွေနိုင်၍ သူ၏ရှေ့မှောက်တွင် ငြိမ်သက်လာနိုင်သည့် စိတ်နှလုံးပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်သည်။ ဤဆုတောင်းခြင်းမျိုးသည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် အဆင့်ကို ၀င်ရောက်နှင့်ပြီး ဖြစ်သည်။
ဆုတောင်းခြင်းနှင့် ပတ်သက်၍ အခြေခံအကျဆုံး အသိပညာ-
၁။ စိတ်ထဲက ပေါ်လာသည့် အရာမှန်သမျှကို ကျိုးကြောင်းမမြင်ဘဲ မပြောနှင့်။ သင်၏စိတ်နှလုံးတွင် ဝန်တာတစ်ခုရှိရမည်၊ ယင်းမှာ သင်ဆုတောင်းသည့်အခါ ရည်မှန်းချက်တစ်ခု ရှိရမည်ဖြစ်သည်။
၂။ ဆုတောင်းခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်ဖြစ်သည်။
၃။ ဆုတောင်းသည့်အခါ၊ ခေတ်မမီတော့သည့် ကိစ္စရပ်များကို ပြန်မတင်ပြရပေ။ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို သင်အာရုံစိုက်သင့်ပြီး၊ ဆုတောင်းသည့်အခါ သင်၏ အတွင်းကျဆုံး အတွေးများကို ဘုရားသခင်အား ပြောပြလော့။
၄။ အုပ်စုလိုက် ဆုတောင်းခြင်းသည် အဓိကအချက်တစ်ခုကို ဗဟိုပြုရမည်ဖြစ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ် သေချာပေါက် ဖြစ်သည်။
၅။ ကြားဝင်ဖြန်ဖြေ ဆုတောင်းခြင်းကို လူအားလုံး သင်ယူရမည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို အရေးထားမှု ပြသခြင်းနည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။
လူတစ်ဦး၏ ဆုတောင်းခြင်း အသက်တာသည် ဆုတောင်းခြင်း၏ အရေးပါမှုနှင့် ဆုတောင်းခြင်း၏ အခြေခံအသိပညာကို သိနားလည်ခြင်းတစ်ခုအပေါ် အခြေခံလေသည်။ နေ့စဉ် အသက်တာတွင် သင်ကိုယ်တိုင်၏ အားနည်းချက်များအတွက် မကြာခဏ ဆုတောင်းလော့၊ အသက်တာတွင် သင်၏ စိတ်သဘောထား၌ ထိရောက်သည့် ပြောင်းလဲမှုရှိဖို့ရန် ဆုတောင်းလော့၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် သင်၏ အခြေခံအသိပညာနှင့်ပတ်သက်၍ ဆုတောင်းလော့။ လူအသီးသီးသည် မိမိတို့ကိုယ်တိုင်၏ ဆုတောင်းခြင်း အသက်တာကို တည်ဆောက်သင့်၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိခြင်းအတွက် ဆုတောင်းသင့်ပြီး၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို ရှာဖွေဖို့ ဆုတောင်းသင့်သည်။ သင်၏ ပုဂ္ဂိုလ်ရေး အခြေအနေများကို ဘုရားသခင်၏ရှေ့မှောက်တွင် ချပြပြီး၊ သင်ဆုတောင်းသည့် နည်းလမ်းကို ရေးကြီးခွင်ကျယ် မလုပ်ဘဲ လက်တွေ့ဆန်လော့၊ ပြီးလျှင် အဓိကအချက်မှာ စစ်မှန်သော သိနားလည်မှုကို ရရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံကို ရယူဖို့ ဖြစ်သည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို လိုက်စားသည့် လူတစ်ဦးအနေဖြင့် ကွဲပြားသော နည်းလမ်းများစွာဖြင့် ဆုတောင်းနိုင်ရမည်။ တိတ်တဆိတ် ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်ဆင်ခြင်ခြင်း၊ ဘုရားသခင်၏အမှုကို သိရှိလာခြင်း- ဤအရာအားလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် တစ်ဦးတစ်ယောက်၏ အခြေအနေကို တိုးတက်စေပြီး အသက်တာတွင် ယခင်ထက်သာ၍ တိုးတက်မှုဆီသို့ တွန်းပို့သည့် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့အတွက် ဝိညာဉ်ရေးရာ မိတ်သဟာယနှင့်ဆိုင်သည့် စိတ်ပိုင်းဖြတ်ချက်ခိုင်မာသော အလုပ်၏ ဥပမာများ ဖြစ်သည်။ အတိုချုပ်အနေဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည် ဖြစ်စေ၊ တိတ်ဆိတ်စွာ ဆုတောင်းခြင်းဖြစ်စေ၊ ကျယ်လောင်စွာ ကြွေးကြော်ခြင်းဖြစ်စေ၊ သင်လုပ်သည့် အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်နှင့် သင့်အထဲတွင် သူ ရရှိရန် ဆန္ဒရှိသည့်အရာကို သင့်အား ရှင်းရှင်းလင်းလင်း သိစေဖို့အလို့ငှာ ဖြစ်ပေသည်။ သာ၍အရေးကြီးသည်မှာ သင် လုပ်သမျှအားလုံးသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကို ရရှိဖို့နှင့် သင်၏ အသက်တာကို အသစ်သော တိုးတက်မှုများဆီသို့ မြှင့်တင်ဖို့အလို့ငှာ ဖြစ်သည်။ လူကို ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံးစံနှုန်းမှာ လူသားသည် မိမိ၏ စိတ်နှလုံးကို သူ့အား ဖွင့်ပြနိုင်ဖို့ ဖြစ်သည်။ လူသားသည် သူ၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူ့နှလုံးသားထဲတွင် ဧကန်အမှန် ရှိသည့် အရာကို ဘုရားသခင်အား ပြောပါက၊ ဘုရားသခင်သည် သူ့အထဲတွင် လုပ်ဆောင်ရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာမှာ လူသား၏ ဖောက်ပြန်သော နှလုံးသား မဟုတ်ဘဲ၊ ဖြူစင်ပြီး ရိုးသားသည့် နှလုံးသားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မိမိ၏စိတ်နှလုံးမှ စကားမပြောပါက၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို တို့ထိလိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့အထဲတွင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းခြင်း၏ အခရာမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ အားနည်းချက်များ သို့မဟုတ် ပုန်ကန်တတ်သည့် စိတ်သဘောထားကို သူ့အားပြောပြခြင်း၊ သူ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် လုံးဝ ဖွင့်ပြခြင်းတို့ ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို စိတ်ဝင်စားမည်ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏မျက်နှာကို သင့်ထံမှ ဖုံးကွယ်လိမ့်မည်ဖြစ်သည်။ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်မှာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စွာ ထားနိုင်ရမည်ဖြစ်ပြီး၊ ထိုငြိမ်သက်ခြင်းက ဘုရားထံမှ ခွဲခွာမသွားရပေ။ ဤအဆင့်အတွင်းတွင် သင်သည် သာ၍ သစ်လွင် သို့မဟုတ် သာ၍ မြင့်မားသည့် ထိုးထွင်းသိမြင်မှုကို မရရှိဘဲ ဖြစ်နိုင်သည်၊ သို့သော် ထိုအခါ သင်သည် သင်၏ ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းဖို့ ဆုတောင်းရမည်- သင် မဆုတ်ယုတ်ရပေ။ ဤသည်မှာ သင် အနည်းဆုံး ရရှိရမည့် အရာဖြစ်သည်။ ဤအရာကိုပင် သင် အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် လမ်းကြောင်းမှန်ပေါ် မရောက်သေးသည်ကို သက်သေပြပေသည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ပထမဦးစွာ ရှိခဲ့သည့် ရူပါရုံကို ထိန်းသိမ်းနိုင်မည်မဟုတ်၊ ဘုရားသခင်၌ ယုံကြည်ခြင်းကို သင် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး သင်၏ သန္နိဋ္ဌာန်သည် နောက်ပိုင်းတွင် ပျောက်ကွယ် သွားလိမ့်မည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ၊ မရှိဆိုသည့် လက္ခဏာရပ်တစ်ခုမှာ သင်၏ ဆုတောင်းခြင်းများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိ၊ မရှိဆိုသည်ကို ကြည့်ဖို့ဖြစ်သည်။ လူအားလုံးသည် ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်။ ၎င်းတို့အားလုံးသည် မလှုပ်မယှက် စောင့်ဆိုင်းခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သတိရှိရှိ ရှာဖွေရင်း၊ ဆုတောင်းခြင်းတွင် မိမိတို့ကိုယ်ကိုယ် သတိရှိရှိ လေ့ကျင့်ခြင်း အလုပ်ကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည့် လူများ ဖြစ်ပေလိမ့်မည်။
သင်စတင်ဆုတောင်းသည့်အခါ၊ မိမိနိုင်သည်ထက် ပိုမလုပ်ရ သကဲ့သို့၊ တစ်ကျိုက်တည်းနှင့် အရာရာကို ရရှိဖို့ မမျှော်လင့်နှင့်။ သင့်အနေဖြင့်၊ ပါးစပ်ဖွင့်လိုက်သည်နှင့် သန်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရမည်၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်း ရရှိမည်၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်က ကျေးဇူးတော် သွန်းလောင်းလိမ့်မည်ဟု မျှော်လင့်လျက် အလွန်အကျွံ တောင်းဆိုမှုများ ပြုလုပ်၍ မရပေ။ ယင်းသည် ဖြစ်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သည် သဘာဝလွန် အမှုအရာများ မဆောင်ရွက်ပေ။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အချိန်ကာလတွင် လူတို့၏ ဆုတောင်းချက်များကို ခွင့်ပြုပေးခဲ့ပြီး တစ်ခါတစ်ရံ သူ၏ရှေ့မှောက်တွင် သင် သစ္စာရှိ၊ မရှိဆိုသည်ကို သိဖို့အတွက် သင်၏ ယုံကြည်မှုကို သူ စမ်းသပ်ပေသည်။ သင် ဆုတောင်းသည့်အခါ၊ ယုံကြည်မှု၊ ဇွဲလုံ့လနှင့် သန္နိဋ္ဌာန်တို့ ရှိရမည်။ လူအများစုသည် ခုလေးတင် စတင်လေ့ကျင့်သည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုကို မခံစားရသောကြောင့် စိတ်ဓာတ်ကျကြသည်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်ဇွဲရှိရမည်။ သန်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းကို ခံစားခြင်းနှင့် ရှာဖွေခြင်းနှင့် လေ့လာမှုတို့အပေါ်တွင် သင်အာရုံစိုက်ရမည်။ တစ်ခါတစ်ရံတွင်၊ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် မမှန်ကန်သကဲ့သို့၊ တစ်ခါတစ်ရံတွင် သင်၏ပုဂ္ဂိုလ်ရေးကြံရွယ်ချက်များနှင့် အယူအဆများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် မခိုင်မြဲနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို မတို့ထိနိုင်ပေ။ အခြားအချိန်များတွင်၊ ဘုရားသခင်သည် သင်သစ္စာရှိ၊ မရှိဆိုသည်ကို ကြည့်၏။ အတိုချုပ်အနေဖြင့်၊ လေ့ကျင့်ရာတွင်၊ သာ၍ မြင့်မားသည့် အဖိုးအခကို သင် ပေးသင့်သည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေါ်တွင် သွေဖည်နေသည်ကို တွေ့ရှိပါက၊ သင်ဆုတောင်းသည့် နည်းလမ်းကို ပြောင်းလဲနိုင်သည်။ ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြင့် သင် ရှာဖွေပြီး ရရှိဖို့ တောင့်တသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ဤလက်တွေ့အရှိတရားထဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည်။ တစ်ခါတရံတွင် သင်သည် ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုဖြင့် ဆုတောင်းသော်လည်း အထူး တို့ထိခံရသည်ဟု သင်မခံစားရ။ ဤသို့သောအချိန်များတွင် ဘုရားသခင်သည် သင်၏ ဆုတောင်းချက်များကို စောင့်ကြည့်ကြောင်း ယုံကြည်လျက် ယုံကြည်ခြင်းအပေါ် သင်မှီခိုရမည်ဖြစ်သည်။ သင်၏ဆုတောင်းချက်များတွင် သင် ဇွဲလုံ့လရှိရမည်ဖြစ်သည်။
ရိုးသားသော လူတစ်ဦး ဖြစ်လော့။ သင်၏စိတ်နှလုံးထဲရှိ လှည့်ဖြားမှုများကို ဖယ်ထုတ်ဖို့အတွက် ဘုရားသခင်ထံ ဆုတောင်းလော့။ တစ်ချိန်လုံး ဆုတောင်းခြင်းမှတဆင့် မိမိကိုယ်ကိုယ် စင်ကြယ်စေလော့၊ ဆုတောင်းခြင်းမှတဆင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံလော့၊ ပြီးလျှင် သင်၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲ လာလိမ့်မည်။ စစ်မှန်သည့် ဝိညာဉ်ရေးရာ အသက်တာသည် ဆုတောင်းခြင်း အသက်တာဖြစ်၏- ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသည့် အသက်တာတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းခံရသည့် ဖြစ်စဉ်မှာ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်း မခံရသည့် အသက်တာသည် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မဟုတ်ဘဲ၊ ဘာသာရေးဓလေ့နှင့်ဆိုင်သော အသက်တာတစ်ခုသာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း မကြာခဏ ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရပြီး အလင်းပြခံရသူများသာ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ကြပြီး ဖြစ်သည်။ လူသား၏ စိတ်သဘောထားသည် သူဆုတောင်းသည့်အတိုင်း စဉ်ဆက်မပြတ် ပြောင်းလဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သူ ခံရလေလေ၊ သူသည် တက်ကြွလေလေဖြစ်ပြီး နာခံလာလေလေ ဖြစ်သည်။ ထို့ကြောင့် သူ့၏စိတ်နှလုံးသည်လည်း တဖြည်းဖြည်း သန့်စင်ခံရပြီး သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်။ ယင်းမှာ စစ်မှန်သည့် ဆုတောင်းခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။