လူတို့သည် အသင်းတော် အသက်တာ အတွင်းတွင်သာ ၎င်းတို့ ပြောင်းလဲနိုင်သည်ဟု ခံစားကြရသည်၊ လက်တွေ့ဘဝတွင် ပြောင်းလဲမှု မရရှိနိုင်သည့်အလား၊ ၎င်းတို့သည် အသင်းတော် အသက်တာအတွင်းတွင် မရှိပါက၊ ၎င်းတို့ မပြောင်းလဲနိုင်ဟု ခံစားကြလေသည်။ သင်တို့သည် ဤခံစားမှု၌ ရှိသည့်ပြဿနာကို တွေ့နိုင်သလော။ ငါသည် ဘုရားသခင်ကို တကယ့်အသက်တာ အတွင်းသို့ ခေါ်ဆောင်လာခြင်းအကြောင်း ယခင်က ပြောခဲ့ပြီး ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်သူတို့ အတွက် ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက် လမ်းကြောင်းဖြစ်သည်။ အမှန်တကယ်အားဖြင့်၊ အသင်းတော်အသက်တာသည် လူသားများကို စုံလင်စေဖို့ အကန့်အသတ်ရှိသော လမ်းကြောင်း တစ်ခုသာ ဖြစ်သည်။ လူသားများကို ပြီးပြည့်စုံစေသော အဓိက ပတ်ဝန်းကျင်မှာ တကယ့်အသက်တာပင် ဖြစ်နေဆဲဖြစ်သည်။ ယင်းသည် ငါပြောဆိုခဲ့သော အမှန်တကယ် လက်တွေ့လုပ်ဆောင်မှုနှင့် အမှန်တကယ် သင်ကြားမှု ဖြစ်ပြီး၊ လူသားများကို ပုံမှန်လူသားသဘာဝနှင့် နေ့စဉ်ဘဝတွင် စစ်မှန်သော လူပုဂ္ဂိုလ်နှင့် တူညီစွာ အသက်ရှင်မှုကို ရရှိရန် အခွင့်ပေးသည်။ တစ်ဘက်တွင် လူတစ်ဦးသည် သူကိုယ်တိုင်၏ ပညာရေး အဆင့်ကို မြှင့်တင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ရန်နှင့် လက်ခံနိုင်စွမ်း ရရှိရန်အတွက် ပညာသင်ကြားရန် လိုအပ်သည်။ အခြား တစ်ဘက်တွင်မူ လူတစ်ဦးသည် ထိုးထွင်းအမြင်ရရှိစေရန်နှင့် ပုံမှန်လူသဘာဝ၏ အသိစိတ်ကို ရရှိစေရန် လူသားအဖြစ် အသက်ရှင်ရန် လိုအပ်သော အခြေခံအသိပညာ ရှိထားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ဤကိစ္စရပ်များတွင် လုံးဝနီးပါး အားနည်းသောကြောင့် ဖြစ်သည်။ ထို့အပြင် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသင်းတော်အသက်တာမှ တစ်ဆင့် ခံစားတတ်ရန်လည်း လိုအပ်ပြီး ဖြည်းဖြည်းချင်း သမ္မာတရားကို ရှင်းလင်းစွာ နားလည်လာနိုင်သည်။
ဘုရားသခင်ကို ယုံကြည်ရာတွင် လူတစ်ဦးသည် ဘုရားသခင်ကို တကယ့်အသက်တာအတွင်းသို့ ယူဆောင်ရန် လိုအပ်သည်ဟု အဘယ်ကြောင့် ပြောသနည်း။ အသင်းတော် အသက်တာသည်သာလျှင် လူသားကို ပြောင်းလဲသည်မဟုတ်ဘဲ၊ ပို၍ အရေးကြီးသည်မှာ၊ လူတို့သည် တကယ့်အသက်တာ၌ စစ်မှန်မှုထဲသို့ ဝင်ရောက်သင့်ပေသည်။ သင်တို့သည် တကယ့် အသက်တာတွင် အရာများစွာကို လက်တွေ့ကျင့်သုံးရန်သာမက ထိုအရာများအတွင်းသို့ ဝင်ရောက်ရန်တို့ကို လျစ်လျူရှုထားလျက် သင်တို့၏ ဝိညာဉ်ရေးရာ အခြေအနေ၊ ဝိညာဉ်ရေးရာဆိုင်ရာ ကိစ္စများကို အစဉ်အမြဲ ပြောဆိုခဲ့လေ့ရှိသည်။ သင်တို့သည် နေ့စဉ် ရေးသား၊ ဖတ်ရှု၊ နားထောင်ခဲ့ကြ၏။ ချက်ပြုတ်ရင်းပင် “အို ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်၏ ဘဝအတွင်းတွင် ကျွန်ုပ်၏အသက် ဖြစ်တော်မူပါ။ ဤနေ့ရက်သည် မည်သို့ပင်ဖြစ်စေ၊ ကိုယ်တော် ကျွန်ုပ်ကို ကောင်းချီးပေးပြီး ဉာဏ်အလင်း ပေးတော်မူပါ။ ယနေ့တွင် ကိုယ်တော်သည် အကျွန်ုပ်အား မည်သည့်အရာ ဉာဏ်အလင်းပေးသည်ဖြစ်စေ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်၏အသက်အဖြစ် ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ယခုမျက်မှောက်တွင် ကျွန်ုပ်နားလည်စေရန် ခွင့်ပြုတော်မူပါ၊” ဟု သင်တို့ ဆုတောင်းခဲ့ကြသည်။ သင်တို့သည် ညစာစားသော အခါတွင်လည်း ဆုတောင်းခဲ့ကြသည်။ “အို အဖ ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား အစားအစာများကို ချပေး သနားတော်မူသည်။ အကျွန်ုပ်တို့အား ကောင်းချီးပေးတော်မူပါ။ အာမင်။ အကျွန်ုပ်တို့၏ အသက်တာများကို ကိုယ်တော့် အပေါ်တွင် မှီခိုခွင့်ပြုပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ရှိပါစေ။ အာမင်။” သင်တို့သည် ညစာစားပြီး၍ ပန်းကန်များ ဆေးကြောနေစဉ်တွင်၊ သင်သည် “အို ဘုရားသခင် ကျွန်ုပ်သည် ဤပန်းကန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စာတန်၏ ဖျက်စီးခြင်းကိုခံခဲ့ရပြီး၊ အသုံးပြုပြီးသော ပန်းကန်များကဲ့သို့ ဖြစ်ကြကာ ရေဖြင့် သန့်ရှင်းစေရပါမည်၊ ကိုယ်တော်သည် ရေဖြစ်ပြီး၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အကျွန်ုပ်၏ အသက်ကို ထောက်ပံ့ပေးသော အသက်ရှင်သော ရေ ဖြစ်ကြပါ၏။” ဟု တောင်စဉ်ရေမရ စပြောပါသည်။ သင်မသိလိုက်ခင် အိပ်ယာဝင်ချိန်ရောက်လာပြီး၊ သင်တို့သည် “အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုတစ်နေ့တာလုံး ကောင်းချီးပေးတော်မူပြီး လမ်းပြတော်မူခဲ့သည်။ ကိုယ်တော့်ကို အကျွန်ုပ်အမှန်တကယ် ကျေးဇူးတင်ပါသည်။...” ဟု နောက်တစ်ကြိမ် တောင်စဉ်ရေမရ ပြောပြန်သည်။ ယင်းမှာ တစ်နေ့တာကို သင်တို့ ဖြတ်သန်းပြီး အိပ်စက်အနားယူခြင်းသို့ ဝင်ရောက်သည့် ပုံစံဖြစ်သည်။ လူအများစုတို့သည် နေ့စဉ် ဤကဲ့သို့ အသက်ရှင်ကြပြီး၊ ယခုအချိန်၌ပင် သူတို့၏ ဆုတောင်းချက်များကို စိတ်ထဲကမပါဘဲ ပြောကြလျက်၊ သူတို့သည် အမှန်တကယ် ဝင်ရောက်မှုကို လျစ်လျူရှုကြသည်။ ဤကား ထိုသူတို့၏ ယခင်ဘဝဖြစ်သည်- ဤအရာသည် သူတို့၏ ဘဝဟောင်း ဖြစ်သည်။ ထို့အပြင် လူအများစုမှာ ထိုကဲ့သို့သာ ဖြစ်ကြသည်၊ ထိုသူတို့သည် အမှန်တကယ် လေ့ကျင့်မှု မရှိကြဘဲ၊ သူတို့တွင် စစ်မှန်သည့် ပြောင်းလဲမှု အလွန်နည်းပါးကြသည်။ သူတို့သည် စိတ်မပါဘဲ ဆုတောင်းကြပြီး၊ သူတို့၏ စကားလုံးများတည်း မှတစ်ဆင့်သာ ဘုရားသခင်ကို ချဉ်းကပ်ကြသော်လည်း သူတို့ နားလည်မှုတွင် လေးနက်မှုမရှိကြပေ။ အရိုးရှင်းဆုံး နမူနာ တစ်ရပ်ဖြစ်သည့် သင်တို့၏ အိမ်ရှင်းခြင်းကို ကြည့်ကြပါစို့။ သင်တို့၏ အိမ်သည် ရှုပ်ပွနေသည်ကို သင်တို့ မြင်ကြသည်။ ထိုကြောင့် သင်တို့ ထိုင်၍ ဆုတောင်းသည်။ “အို ဘုရားသခင် ကျွန်တော့်အပေါ် စာတန် ယူဆောင်လာသော ပျက်ဆီးခြင်းကို ကြည့်တော်မူပါ။ အကျွန်ုပ်သည် ဤအိမ်ကဲ့သို့ပင် ညစ်ညမ်း ပါသည်။ အို ဘုရားသခင် ကိုယ်တော့်ကို အကျွန်ုပ် အမှန်ပင် ချီးမွမ်း၍ ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ ကယ်တင်ခြင်းနှင့် ဉာဏ်အလင်းပေးခြင်း မရှိပါက ဤအချက်ကို အကျွန်ုပ် သိနားလည်မည် မဟုတ်ပါ။” သင်တို့သည် ထိုနေရာတွင် ထိုင်၍သာ အချိန်ကြာမြင့်စွာ ဆုတောင်းလျက် တောင်စဉ်ရေမရ ပြောဆိုသည်၊ ထို့နောက် တောင်စဉ်ရေမရ ပြောဆိုသော အမယ်အိုကဲ့သို့ ဘာမှ မဖြစ်သကဲ့သို့ ပြုမူသည်။ သင်တို့သည် အပေါ်ယံ အမူအကျင့် အများအပြားဖြင့် တကယ့် စစ်မှန်ခြင်းသို့ အမှန်တကယ် ဝင်ရောက်ခြင်း အလျှင်းမရှိပဲ သင်တို့၏ ဝိညာဉ်အသက်တာကို ဤနည်းလမ်းဖြင့် သင်တို့ဖြတ်ကျော် ကြသည်။ တကယ့်လေ့ကျင့်ခြင်းထဲသို့ ဝင်ရောက်ခြင်းတွင် လူများ၏ လက်တွေ့ဘဝများနှင့် သူတို့၏ လက်တွေ့ အခက်အခဲများ ပါဝင်သည်- ဤသည်မှာ သူတို့ပြောင်းလဲသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ တကယ် လက်တွေ့အသက်တာ မပါဘဲ လူသားများ မပြောင်းလဲပေ။ သူတို့၏ စိတ်မပါဘဲ ဆုတောင်းခြင်းသည် အဘယ်အကျိုးရှိ မည်နည်း။ လူသားများ၏ သဘာဝကို နားလည်မှု မရှိပါက အရာရာသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ပြီး၊ ထို့အပြင် လက်တွေ့ကျင့်သုံးသည့် လမ်းကြောင်း မရှိပါက အရာရာသည် အချည်းနှီးသော အားထုတ်မှုသာ ဖြစ်သည်။ ပုံမှန် ဆုတောင်းချက်သည် လူများအတွင်းတွင် ပုံမှန်အခြေအနေကို ထိန်းသိမ်းရာတွင် ကူညီပေးနိုင်သော်လည်း၊ ယင်းသည် သူတို့ကို လုံးလုံးလျားလျား ပြောင်းလဲနိုင်ခြင်းမရှိပေ။ လူသားတို့၏ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်ခြင်း၊ စိတ်ကြီးဝင်မှု၊ ဘဝင်မြင့်မှု၊ မောက်မာမှုနှင့် ဖောက်ပြန်ပျက်စီးသည့် သဘောထားများကို သိရှိခြင်း- ယင်းအရာများကို သိရှိခြင်းမှာ ဆုတောင်းခြင်းများမှ တစ်ဆင့်လာခြင်းမဟုတ်ပေ။ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခံစားခြင်းမှသာ ရှာဖွေ တွေ့ရှိပြီး၊ စစ်မှန်သည့်အသက်တာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှတဆင့် သိရှိခြင်း ဖြစ်သည်။ မျက်မှောက်ခေတ်လူတို့သည် အတော်အတန် ကောင်းမွန်စွာ ပြောဆို တတ်ကြပြီး၊ ခေတ်အဆက်ဆက်ကထက် ပို မြင့်မြတ်သော အမြင့်မြတ်ဆုံး သြဝါဒများကို နားထောင်ခဲ့ကြ သော်လည်း၊ သူတို့၏ လက်တွေ့ဘဝတွင် အမှန်တကယ် အကောင်အထည်ဖော်မှုမှာ အလွန်နည်းပါးသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ စစ်မှန်သည့်အသက်တာတွင် ဘုရားသခင် မရှိပေ၊ ၎င်းတို့သည် ပြောင်းလဲမှုနောက် လူသစ်၏အသက်တာ မပိုင်ဆိုင်ပေ။ လက်တွေ့အသက်တာတွင် သမ္မာတရားအတိုင်း နေထိုင်ခြင်းမရှိသကဲ့သို့၊ လက်တွေ့အသက်တာအတွင်းသို့ ဘုရားသခင်ကို ခေါ်ဆောင်လာခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် ငရဲ၏သားသမီးများသဖွယ် နေထိုင်နေကြသည်။ ဤအရာမှာ ထင်ရှားသော လွဲမှားမှု မဟုတ်လော။
ပုံမှန်လူတစ်ဦးနှင့် တူအောင် ထိန်းသိမ်းရန်အတွက်၊ ဆိုလိုသည်မှာ ပုံမှန်လူသားသဘာဝကို ရရှိစေရန်၊ လူတို့သည် သူတို့ စကားလုံးများဖြင့် ဘုရားသခင်ကို နှစ်သိမ့်ရုံဖြင့် မရနိုင်ပေ။ ယင်းသို့လုပ်ခြင်းဖြင့် သူတို့သည် သူတို့ကိုသူတို့သာ ထိခိုက်နာကျင်စေကြပြီး၊ ယင်းသည် သူတို့၏အသက်တာ ဝင်ရောက်မှုနှင့် ပြောင်းလဲမှုတို့အတွက် အကျိုးမပြုပေ။ ထို့ကြောင့် ပြောင်းလဲမှု ရရှိရန်အတွက် လူတို့သည် နည်းနည်းချင်းစီ လေ့ကျင့်ရမည်။ ဖြည်းညင်းစွာ ဝင်ရောက်ရမည်၊ နည်းနည်းချင်းစီ ရှာဖွေ စူးစမ်းရမည်၊ အပြုသဘောမှ ဝင်ရောက်ပြီး သန့်ရှင်းသူတို့၏ အသက်တာဖြစ်သော သမ္မာတရား၏ လက်တွေ့ ဘဝတွင် နေထိုင်ကြရမည်။ ၎င်းနောက်မှ စ၍ စစ်မှန်သော အရာများ၊ စစ်မှန်သည့် အဖြစ်အပျက်များနှင့် တကယ့် ပတ်ဝန်းကျင်များက လူများကို လက်တွေ့လေ့ကျင့်မှုများ ရှိစေမည်။ လူတို့သည် စိတ်မပါဘဲ ပြောရန် မလိုအပ်ပါ။ ယင်းအစား တကယ့် ပတ်ဝန်းကျင်များတွင် လေ့ကျင့်ရန် လိုအပ်သည်။ လူတို့သည် သူတို့တွင် အရည်အသွေး ညံ့ဖျင်းကြောင်း သိရှိလာကြပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်သုံးဆောင်ကြကာ၊ ဝင်ရောက်ကြပြီး ပုံမှန်လက်တွေ့လုပ်ဆောင်ကြသည်။ ဤနည်းအားဖြင့်သာ သူတို့သည် စစ်မှန်မှုကို ရရှိကြပြီး ဝင်ရောက်မှု ပိုမိုလျင်မြန်စွာပင် ဖြစ်ပေါ်နိုင်သည်။ လူတို့အား ပြောင်းလဲရန် လက်တွေ့ကျမှု အချို့ရှိရမည်၊ သူတို့သည် စစ်မှန်သည့်အရာများ၊ စစ်မှန်သည့် အဖြစ်အပျက်များ၊ စစ်မှန်သည့် ပတ်ဝန်းကျင်များနှင့်အတူ လက်တွေ့လုပ်ဆောင်ကြရမည်။ အသင်းတော်၏ အသက်တာကို မှီခိုရုံဖြင့်သာ စစ်မှန်သော လေ့ကျင့်မှုရရှိနိုင်သလော။ လူတို့သည် ဤနည်းဖြင့် စစ်မှန်မှုသို့ ဝင်ရောက်နိုင်မည်လော။ မဝင်ရောက် နိုင်ပေ။ လူတို့သည် စစ်မှန်သော အသက်တာအတွင်းသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် သူတို့၏ ဘဝနေထိုင်မှု အဟောင်းများနှင့် လုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ယင်းမှာ လူတို့၏ ပျင်းရိခြင်း သက်သက်ကြောင့်နှင့် ကြီးမားသော မှီခိုမှုကြောင့် မဟုတ်ဘဲ ယင်းသည် လူတို့တွင် အသက်ရှင်နေထိုင်မှုအတွက် စွမ်းရည် မရှိခြင်းကြောင့်သာမက ဘုရားသခင်၏ အလိုတော်နှင့် အညီ ပုံမှန် လူသားတယောက်နှင့် တူသည့် စံချိန်စံညွှန်းများကို နားလည်မှု မရှိသောကြောင့် ဖြစ်သည်။ ယခင်က လူတို့သည် အစဉ်အမြဲ ဆွေးနွေးနေ ခဲ့ကြသည်၊ ပြောဆိုနေခဲ့ကြသည်၊ ဆက်သွယ်နေကြသည်၊ ထို့အပြင် ၎င်းတို့သည် “ဟောပြောသူများ” ပင် ဖြစ်သွားကြသည်၊ သို့သော်လည်း အသက်တာ စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မည်သူကမျှ မရှာဖွေခဲ့ကြပေ။ ယင်းအစား ထိုသူတို့သည် လေးနက်သော သဘောတရားများကိုသာ မမြင်မကန်း ရှာဖွေခဲ့ကြသည်။ သို့ဖြစ်ရာ ယနေ့လူတို့သည် ၎င်းတို့ဘဝများ၌ ဘုရားသခင်ရှိသည်ဟူသည့် ဤဘာသာရေး ယုံကြည်မှုပုံစံကို ပြောင်းလဲပစ်ရမည်။ ထိုသူတို့သည် အဖြစ်အပျက်တစ်ခု၊ အရာတစ်ခု၊ လူတစ်ယောက်ကို အလေးထားခြင်းဖြင့် လက်တွေ့လုပ်ဆောင်မှုအတွင်း ဝင်ရောက်ကြရမည်။ ထိုသူတို့သည် ယင်းကို အာရုံစူးစိုက်မှုဖြင့် လုပ်ဆောင်ရမည်။ သို့မှသာ ထိုသူတို့သည် ရလဒ်များ ရရှိနိုင်ကြမည်။ လူတို့၏ ပြောင်းလဲခြင်းသည် သူတို့၏ အနှစ်သာရ ပြောင်းလဲခြင်းဖြင့် စတင်သည်။ ထိုအလုပ်သည် လူတို့၏ အနှစ်သာရများ၊ သူတို့၏ ဘဝ၊ ပျင်းရိခြင်း၊ မှီခိုခြင်းနှင့် လူတို့၏ စုံမှိတ်ပြီး နောက်လိုက်ခြင်းတို့ကို ပစ်မှတ်ထားရမည်။ ဤနည်းလမ်းဖြင့်သာ သူတို့ကို ပြောင်းလဲနိုင်မည်။
အချို့သော နေရာများတွင် အသင်းတော်အသက်တာက ရလဒ်များ ထွက်ပေါ်စေနိုင်သော်လည်း၊ လက်တွေ့အသက်တာက လူတို့ကို ပြောင်းလဲစေနိုင်သည်မှာ အဓိကကျသောအချက် ဖြစ်နေဆဲဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇဟောင်းသည် လက်တွေ့အသက်တာမရှိဘဲ မပြောင်းလဲနိုင်ပေ။ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏ လုပ်ဆောင်မှုကို နမူနာအဖြစ် ကြည့်ကြစို့။ ယေရှုသည် ယခင် ပညတ်တရားများကို ဖျက်သိမ်းပြီး ခေတ်သစ်၏ ပညတ်ချက်များကို ချမှတ်စဉ်က၊ ကိုယ်တော်သည် လက်တွေ့အသက်တာမှ တကယ့်ဥပမာများ အသုံးပြု၍ မြွက်ကြားခဲ့သည်။ သခင်ယေရှုက သူ၏ တပည့်တော်များကို ဥပုသ်နေ့၌ ဂျုံခင်းကို ဖြတ်လျက် ဦးဆောင်လာစဉ်၊ တပည့်တော်များက ဆာလောင်လာပြီး ဂျုံစေ့များကို ခူးယူစားသောက်ကြသည်။ ယင်းကို ဖာရိရှဲများက တွေ့မြင်ပြီး၊ ထိုသူတို့သည် ဥပုသ်နေ့ကို လိုက်နာနေခြင်း မရှိဟု ဆိုကြသည်။ ဥပုသ်နေ့တွင် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရဟု ဆိုကြလျက်၊ ဥပုသ်နေ့တွင် ကျင်းထဲကျနေသော နွားသားပေါက်များကိုပင် လူတို့ကယ်တင်ခွင့်မရှိဟုလည်း သူတို့က ဆိုကြသည်။ ယေရှုက ဤအဖြစ်အပျက်များကို ဓမ္မသစ်ခေတ်၏ ပညတ်ချက်များကို ဖြည်းဖြည်းချင်း ကြေညာဖို့ ကိုးကားခဲ့သည်။ ထိုအချိန်က ကိုယ်တော်သည် လူအများ နားလည်ပြီး ပြောင်းလဲစေရန် လက်တွေ့ ကိစ္စရပ် အများအပြားကို အသုံးပြုခဲ့သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ အလုပ်များကို လုပ်ဆောင်သည့် အခြေခံ စည်းမျဉ်းဖြစ်ပြီး၊ ယင်းသည် လူများကို ပြောင်းလဲစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လက်တွေ့ကိစ္စရပ်များ မရှိဘဲ၊ လူများသည် သဘောတရားအရ၊ အသိဉာဏ်အရသာ နားလည်မှုကို ရနိုင်ကြပြီး၊ ယင်းသည် ပြောင်းလဲရန် ထိရောက်သည့် နည်းလမ်းမဟုတ်ပေ။ ထို့ကြောင့် ဉာဏ်ပညာနှင့် ထိုးထွင်းအမြင်ကို လေ့ကျင့်ခြင်းမှ မည်သို့ ရရှိသနည်း။ လူသားသည် ဉာဏ်ပညာနှင့် ထိုးထွင်းအမြင်တို့ကို နားထောင်ရုံ၊ ဖတ်ရှုရုံနှင့် အသိပညာ တိုးပွားရုံဖြင့် ရနိုင်သလော။ အဘယ်သို့ ဤသို့ ဖြစ်နိုင်သနည်း။ လူတို့သည် လက်တွေ့အသက်တာတွင် နားလည်ပြီး တွေ့ကြုံခံစားရမည်။ သို့ဖြစ်ရာ လူတစ်ဦးသည် လေ့ကျင့်ရမည် ဖြစ်ပြီး လက်တွေ့အသက်တာနှင့် မကင်းကွာရပေ။ လူတို့သည် မတူညီသော ရှုထောင့်များကို အာရုံစူးစိုက်ရမည် ဖြစ်ပြီး ရှုထောင့်အမျိုးမျိုးကို ဝင်ရောက်ရမည်။ ပညာရေး အဆင့်အတန်း၊ ဖော်ထုတ်ပြသနိုင်မှု၊ အမှုအရာတို့ကို မြင်နိုင်စွမ်း၊ အမြော်အမြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း၊ လူသားတို့၏ အခြေခံအသိဉာဏ်နှင့် စည်းကမ်းများနှင့် လူတို့တွင် ရှိသင့်သော အခြားသော လူသားသဘာဝဆိုင်ရာ အရည်အသွေးတို့ ဖြစ်သည်။ နားလည်မှုကို ရရှိပြီးသောအခါ လူတို့သည် ဝင်ရောက်မှုကို အလေးထားရမည်၊ သို့မှသာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။ တစ်စုံတစ်ယောက်သည် နားလည်မှုကို ရရှိသော်လည်း လက်တွေ့လုပ်ဆောင်မှုကို လျစ်လျူရှုထားပါက ပြောင်းလဲခြင်း မည်သို့ ဖြစ်နိုင်မည်နည်း။ ယခုအခါ လူတို့သည် များစွာ နားလည်သော်လည်း လက်တွေ့အသက်တာတွင် နေထိုင်ခြင်းမရှိ၊ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ်မျှသာ ထိရောက်စွာ နားလည်မှု ရှိသည်။ သင်သည် ဉာဏ်အလင်းပေးမှုကို အနည်းငယ်မျှသာ ရရှိသေးသည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးခြင်းကို အနည်းငယ်မျှသာ ရရှိသည်၊ သို့သော်လည်း သင်သည် လက်တွေ့အသက်တာတွင် ဝင်ရောက်မှု မရှိ၊ သို့မဟုတ် သင်သည် ဝင်ရောက်မှုအတွက် ဂရုစိုက်ခြင်းပင်မရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ သင်၏ ပြောင်းလဲခြင်းသည် လျော့နည်းသွားသည်။ ဤမျှကာလကြာရှည်ပြီးနောက်၊ လူတို့သည် အမှုအရာများစွာ နားလည်လာ၏။ သူတို့သည် သူတို့၏ အသိပညာနှင့် သက်ဆိုင်သည့် အယူအဆများကို အများအပြား ပြောဆိုနိုင်ကြသည်၊ သို့သော်လည်း သူတို့၏ အပြင်ပိုင်း စိတ်သဘောထားမှာ ယခင်အတိုင်း ရှိနေပြီး၊ သူတို့၏ မူလ စွမ်းရည်သည် ယခင်ကကဲ့သို့ ရှိနေကာ၊ အနည်းငယ်ပင် တိုးတက်ခြင်း မရှိပေ။ ယင်းသို့ဖြစ်နေပါက သင်သည် မည်သည့် အချိန်တွင်မှ နောက်ဆုံးတွင် ဝင်ရောက်မည်နည်း။
အသင်းတော်အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရသာခံရန် လူတို့စုဝေးကြသည့် အသက်တာမျိုးသာ ဖြစ်ပြီး၊ ယင်းသည် လူတစ်ဦး၏ အသက်တာ၏ အစငယ်လေး တစ်စသာ ဖြစ်သည်။ အကယ်၍ လူတို့၏ လက်တွေ့အသက်တာသည် ပုံမှန်ဝိညာဉ်အသက်တာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပုံမှန်ခံစားခြင်း၊ ဆုတောင်းခြင်းနှင့် ဘုရားသခင်နှင့် ပုံမှန်နီးကပ်စွာရှိနေခြင်း၊ ဘုရားသခင်၏ အလိုတော်နှင့် အညီ အရာရာကို လုပ်ကိုင်ဆောင်ရွက်သော လက်တွေ့အသက်တာတွင် နေထိုင်ခြင်း၊ သမ္မာတရားနှင့်အညီ အရာရာကို လုပ်ကိုင် ဆောင်ရွက်သော လက်တွေ့အသက်တာတွင် နေထိုင်ခြင်း၊ ဆုတောင်းမေတ္တာများ ရွတ်ဆိုပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စွာရှိသည့် လက်တွေ့ဘဝတွင် နေထိုင်ခြင်းနှင့် ဓမ္မတေးများ သီဆိုပြီး ကခုန်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်း အပါဝင် အသင်းတော်၏ အသက်တာနှင့်လည်း တူနိုင်လျှင် ထိုကဲ့သို့သော အသက်တာမျိုးသည်သာ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်းသို့ ဆောင်ယူပေးမည် ဖြစ်သည်။ လူအများစုမှာ နာရီ အနည်းငယ်သာ ဖြစ်သည့် အသင်းတော်အသက်တာကို အလေးထားပြီး ကျန်နာရီများရှိ သူတို့၏အသက်တာသည် သူတို့နှင့် မဆိုင်သည့်အလား သူတို့၏ အသက်တာများကို “ပြုစုစောင့်ရှောက်ခြင်း” မရှိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဓမ္မတေးများ သီဆိုခြင်း သို့မဟုတ် ဆုတောင်းခြင်း တို့ကို ပြုလုပ်သည့်အခါမှသာ သန့်ရှင်းသူတို့၏ အသက်တာများကို ဝင်ရောက်သော လူများလည်း အများအပြားရှိသည်။ ထို့နောက်တွင်မူ ယင်းအချိန်များပြင်ပတွင် သူတို့၏ အသက်တာဟောင်းသို့သာ ပြန်ပြောင်းသွားကြသည်။ ယင်းသို့သော နေထိုင်ခြင်းသည် လူတို့ကို မပြောင်းလဲနိုင်ဘဲ ဘုရားသခင်ကို သိစေရန် သာ၍ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ အကယ်၍လူတို့သည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲစေလိုလျှင် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် လက်တွေ့အသက်တာမှ ခွဲခွာခြင်း မပြုရပေ။ လက်တွေ့အသက်တာတွင် သင်သည် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် စွန့်လွှတ်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး ရမည်သာမက တဖြည်းဖြည်း ပြောင်းလဲခြင်းကို ရရှိနိုင်ခြင်း မရှိသေးမီတွင် အခြေခံသဘောတရားများ၊ အခြေခံအသိဉာဏ်နှင့် ခပ်သိမ်းသောအမှုအရာတို့၌ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူ နေထိုင်ခြင်း စည်းမျဉ်းစည်းကမ်းများကို လေ့လာရမည်။ သင်သည် စစ်မှန်မှုအတွင်း နက်နက်ရှိုင်းရှိုင်း မသွားဘဲ၊ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ၊ သဘောတရားဆိုင်ရာ အသိပညာကိုသာ စူးစိုက်ပြီး ဘာသာရေး ပွဲလမ်းသဘင်များ ကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင်သည် စစ်မှန်မှုအတွင်း မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။ ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း အမှုသည် တိုတောင်းသော အချိန်ကာလပြီးနောက် ၎င်းတို့ကို ပုံမှန် လူသားဘဝများအား အသက်ရှင်ခွင့်ပေးဖို့ မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အယူဝါဒများကို ပြောင်းလဲဖို့လည်း မဟုတ်ပေ။ ယင်းထက်၊ သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲရန်၊ ၎င်းတို့၏ ဘဝနေထိုင်မှု နည်းလမ်းဟောင်း တစ်ခုလုံးကို ပြောင်းလဲရန်နှင့် ၎င်းတို့၏ခေတ်နောက်ကျသော တွေးတောပုံများကို ပြောင်းလဲရန်နှင့် သူ၏စိတ်အမြင်ကို ပြောင်းလဲရန် ဖြစ်သည်။ အသင်းတော်အသက်တာကိုသာ အာရုံစိုက်ခြင်းသည် လူတို့၏ အသက်တာ၏ အကျင့်ဟောင်းများ သို့မဟုတ် ကာလကြာရှည်စွာ သူတို့နေထိုင်ခဲ့ပုံ အဟောင်းများကို ပြောင်းလဲမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ လူတို့သည် လက်တွေ့ဘဝမှ မကင်းကွာရပေ။ ဘုရားသခင်က လူတို့ကို အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် ပုံမှန်လူ့သဘာဝဖြင့် နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် သူတို့၏တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးသည် အရာရာကို လက်တွေ့ အသက်တာသို့ ဦးတည်ရမည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် လက်တွေ့ဘဝထဲ ဝင်ရောက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် သိနားလည်ခြင်း ရှိမလာနိုင်ပါက၊ ထို့ပြင် လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို အသက်မရှင်နိုင်ပါက၊ ထိုသူတို့သည် မဖြစ်ထွန်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်အား မနာခံသော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားအကြောင်း ပြောဆိုသော်လည်း ယင်းအစား အယူဝါဒများကိုသာ အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ရွံရှာမုန်းတီးမှုနှင့် ငြင်းပယ်မှုတို့ကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်ခြင်းကို လေ့ကျင့်ရမည်၊ သင်ကိုယ်တိုင်၏ အားနည်းချက်များ၊ မနာခံမှုများနှင့် မသိနားမလည်မှုများကို သိရမည့်အပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာသည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။
ယခုတွင် လူတို့အပေါ် စုံလင်စေခြင်းသည် တရားဝင် စတင်ပြီဖြစ်ရာ၊ သင်သည် လက်တွေ့အသက်တာအတွင်း ဝင်ရောက်ရမည်။ သို့ဖြစ်ရာ ပြောင်းလဲခြင်းကို ရရှိရန် သင်သည် လက်တွေ့အသက်တာထဲသို့ ဝင်ရောက်ခြင်းမှ စတင်ရမည်ဖြစ်ပြီး နည်းနည်းချင်းစီ ပြောင်းလဲရမည်။ သင်သည် လူသား၏ ပုံမှန်အသက်တာကို ငြင်းပယ်ပြီး ဝိညာဉ်ရေးရာ ကိစ္စများကိုသာ ပြောပါက၊ အမှုအရာများသည် ငြီးငွေ့ဖွယ် ကောင်းသွားသည်။ လက်တွေ့မကျသော အရာများ ဖြစ်သွားသည်၊ သို့ဖြစ်လျှင် လူတို့သည် မည်သို့ ပြောင်းလဲမည်နည်း။ ယခုတွင် စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်ဖို့ အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ရေးအတွက် လေ့ကျင့်ရန် လက်တွေ့ အသက်တာသို့ သင့်ကို ဝင်ရောက်ခိုင်းသည်။ ယင်းသည် လူတို့ လုပ်ရမည့် အလုပ်များထဲမှ ရှုထောင့်တစ်ခု ဖြစ်သည်။ ကျန်သောအရာများသည် လူတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုအပေါ် မူတည်နေချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် အဓိကအားဖြင့် လမ်းညွှန်ရန်သာ ဖြစ်သည်။ လူအယောက်စီတိုင်းသည် ဘုရားသခင်ကို လက်တွေ့ အသက်တာအတွင်းသို့ ရောက်လာစေနိုင်ပြီး၊ စစ်မှန်သော ပုံမှန်လူ့သဘာဝကို လက်တွေ့ အသက်ရှင်နေထိုင်နိုင်စေမည့် လမ်းကြောင်း အမျိုးမျိုးမှ တစ်ဆင့် လက်တွေ့အသက်တာသို့ ဝင်ရောက်နိုင်သည်၊ ယင်းသည်သာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြစ်သည်။