က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ
ယောဘ ၂:၃ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူနှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။
ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။
ခ။ စာတန် ပြောသော စကားများ
ယောဘ ၂:၄-၅ စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။
ဂ။ စမ်းသပ်မှုကို ယောဘ ကိုင်တွယ်ဖြေရှင်းပုံ
ယောဘ ၂:၉-၁၀ ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
ယောဘ ၃:၃ ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။
ဘုရားသခင်၏ လမ်းခရီးအပေါ် ယောဘ၏ ချစ်ခြင်းက အခြားအရာခပ်သိမ်းထက် သာလွန်ခြင်း
သမ္မာကျမ်းသည် ဘုရားသခင်နှင့် စာတန်အကြား ပြောသောစကားများကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်- “ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူနှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။” (ယောဘ၂:၃) ဤအပြန်အလှန်ပြောဆိုခြင်းတွင်၊ ဘုရားသခင်သည် စာတန်အား တူညီသောမေးခွန်းကို ထပ်၍ မေးလေ၏။ ယင်းမှာ ပထမအကြိမ် စမ်းသပ်မှုအတောအတွင်း ယောဘ လက်တွေ့ပြခဲ့ပြီး အသက်ရှင်နေထိုင်ခဲ့သော အရာနှင့် သက်ဆိုင်သည့် ယေဟောဝါဘုရားသခင်၏ ထောက်ခံကြောင်းပြသည့် အကဲဖြတ်ချက်ကို ငါတို့အား ပြသသော မေးခွန်းတစ်ခုဖြစ်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို မကြုံရမီ ယောဘနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ အကဲဖြတ်ချက်နှင့် မကွဲပြားသော အရာတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း မရောက်လာမီ၊ ဘုရားသခင်၏ အမြင်တွင် သူသည် စုံလင်၏၊ ထို့ကြောင့် ဘုရားသခင်သည် သူနှင့် သူ၏မိသားစုကို ကွယ်ကာခဲ့ကာ သူ့ကို ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် ကောင်းချီးပေးခြင်းကို ခံထိုက်သောသူ ဖြစ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်းပြီးနောက်တွင်၊ ယောဘသည် သူ၏ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရခြင်းကြောင့် သူ၏နှုတ်ခမ်းများဖြင့် မပြစ်မှားခဲ့ဘဲ ယေဟောဝါ၏နာမကို ဆက်၍ ချီးမွမ်းခဲ့သည်။ သူ၏ တကယ့် အပြုအမူသည် ဘုရားသခင်က သူ့ကို ချီးကျူးဖို့ ဖြစ်စေခဲ့ပြီး၊ ယင်းကြောင့် ဘုရားသခင်က သူ့ကို အမှတ်ပြည့်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောဘ၏ အမြင်တွင်၊ သူ၏သားသမီး သို့မဟုတ် သူ၏ ပိုင်ဆိုင်မှုများသည် ဘုရားသခင်အား သူ စွန့်ပစ်ရလောက်အောင် မဖြစ်ခဲ့ပေ။ တစ်နည်းအားဖြင့်၊ သူ၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ နေရာကို သူ၏သားသမီးများ သို့မဟုတ် ဥစ္စာပစ္စည်း တစ်ခုတစ်လေက အစားမထိုးနိုင်ခဲ့ပေ။ ယောဘ၏ ပထမဦးဆုံး စုံစမ်းနှောင့်ယှက်ခြင်း အတောအတွင်းတွင်၊ ဘုရားသခင်အတွက် သူ၏ချစ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို သူ၏နှစ်သက်ခြင်းသည် အခြား အရာအားလုံးထက် သာလွန်သည်ကို ဘုရားသခင်အား သူပြခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘအား ယေဟောဝါဘုရားသခင်ထံမှ ဆုလာဘ်တစ်ခုကို လက်ခံရရှိပြီး သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဘုရားသခင် ရုပ်သိမ်းသည့် အတွေ့အကြုံကို ပေးခဲ့ရုံမျှသာ ဖြစ်သည်။
ယောဘအတွက်မူ၊ ဤသည်မှာ သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ဆေးကြောပေးခဲ့သည့် စစ်မှန်သော အတွေ့အကြုံတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ သူ၏ ဖြစ်တည်ခြင်းကို ပြည့်စုံစေသည့် အသက်နှင့်ဆိုင်သော ဗတ္တိဇံတစ်ခု ဖြစ်သည့်အပြင်၊ ဘုရားသခင်ကို သူ၏ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို စစ်ဆေးခဲ့သည့် ခမ်းနားသော ဧည့်ခံပွဲ တစ်ခုဖြစ်ခဲ့သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် သူဌေးသူကြွယ်တစ်ဦးမှသည် ဘာမျှမရှိသောသူ တစ်စုံတစ်ဦးအဖြစ်သို့ ယောဘ၏ အဆင့်အတန်းကို ပြောင်းလဲခဲ့ပြီး ယင်းသည် လူသားမျိုးနွယ်အပေါ် စာတန်၏ စော်ကားမှုကိုလည်း သူ့အား ကြုံတွေ့ခံစားခွင့်ပေးခဲ့သည်။ သူ၏ခိုကိုးရာမဲ့ဘဝက သူ့အား စာတန်ကို ရွံရှာဖို့ဖြစ်စေခဲ့သည် မဟုတ်။ ယင်းထက်၊ သူသည် စာတန်၏ ဆိုးညစ်သော လုပ်ရပ်များထဲက စာတန်၏ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းအပြင် ဘုရားသခင်အပေါ် စာတန်၏ ရန်လိုမှုနှင့် ပုန်ကန်မှုတို့ကို တွေ့မြင်ခဲ့ပြီး၊ ဤအရာက ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို ခိုင်မြဲစွာ အစဉ် ထိန်းသိမ်းရန် သူ့အား သာ၍ တိုက်တွန်းအားပေးခဲ့သည်။ သူသည် ဥစ္စာပစ္စည်း၊ သားသမီးများ သို့မဟုတ် ဆွေမျိုးရင်းချာများ ကဲ့သို့သော ပြင်ပ အကြောင်းရင်းများကြောင့် မည်သည့်အခါမျှ ဘုရားသခင်ကို စွန့်ပယ်ပြီး ဘုရားသခင်၏ လမ်းခရီးကို ကျောခိုင်းမည် မဟုတ်သကဲ့သို့ စာတန်၊ ပစ္စည်းဥစ္စာ၊ သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ ကျွန်တစ်ဦးဖြစ်မည် မဟုတ်ဟု သူ သစ္စာဆိုခဲ့သည်။ ယေဟောဝါဘုရားသခင်မှအပ၊ မည်သူမျှ သူ၏အရှင်သခင် သို့မဟုတ် သူ၏ဘုရားသခင် ဖြစ်နိုင်မည် မဟုတ်ပေ။ ယင်းမှာ ယောဘ၏ ပြင်းပြသောဆန္ဒများ ဖြစ်ခဲ့သည်။ အခြားတစ်ဖက်တွင်၊ ယောဘသည် ဤစုံစမ်းနှောင့်ယှက်ခြင်းမှ တစ်စုံတစ်ခုကိုလည်း ရရှိခဲ့သည်- သူ့အပေါ် ဘုရားသခင်ပေးခဲ့သော စမ်းသပ်မှုများအလယ်တွင် ကြီးစွာသော ချမ်းသာကြွယ်ဝမှုများကို သူရရှိခဲ့သည်။
ယခင်ဆယ်စုနှစ်အချို့တစ်လျှောက် ယောဘ၏ အသက်တာကာလအတွင်းတွင်၊ ယောဘသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ရှုမြင်ခဲ့ပြီးဖြစ်ကာ သူ့အတွက် ယေဟောဝါဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရခဲ့ပြီး ဖြစ်သည်။ သူသည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း၊ ထိုသို့သော ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ပေးအပ်ခြင်းကို ခံခဲ့ရပြီး မြောက်မြားစွာသော ကျေးဇူးတော်ကို မွေ့လျော်ခံစားခဲ့ရပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည့်အတွက်၊ ယင်းတို့မှာ သူ့အား အလွန့်အလွန် နေမထိထိုင်မသာ ဖြစ်စေပြီး အကြွေးတင်ရှိကြောင်း ခံစားစေခဲ့သော ကောင်းချီးမင်္ဂလာများ ဖြစ်ခဲ့သည်။ ဤအကြောင်းကြောင့်၊ သူသည် ဘုရားသခင်အား ပြန်ပေးဆပ်နိုင်မည်ဟု မျှော်လင့်ရင်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ကြီးမြတ်ခြင်းတို့ကို သက်သေခံဖို့ အခွင့်အရေးရမည်ဟု မျှော်လင့်ရင်း၊ ပြီးလျှင် သူ၏နာခံခြင်းနှင့် ယုံကြည်ခြင်းသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိသည်အထိ ဘုရားသခင်သည် သူ၏နာခံမှုကို အစစ်ဆေးခံစေမည်ဖြစ်သည့်အပြင် သူ၏ ယုံကြည်ခြင်းသည် သန့်စင်ခံရနိုင်မည်ဟု မျှော်လင့်ရင်း၊ သူ၏စိတ်နှလုံးထဲတွင် မကြာခဏ သူ ဆုတောင်းခဲ့သည်။ ထိုသို့ဖြင့်၊ ယောဘအပေါ် စမ်းသပ်မှု ရောက်လာသောအခါ၊ ဘုရားသခင်သည် သူ၏ ဆုတောင်းချက်များကို နားညောင်းခဲ့ပြီဟု သူယုံကြည်ခဲ့သည်။ သူ၏ အကြီးမားဆုံးသော ရာသက်ပန်ဆန္ဒ တကယ်ဖြစ်ပေါ် လာနိုင်မည်ဖြစ်သည့်အတွက်၊ ယောဘသည် ဤအခွင့်အရေးကို အခြားမည်သည့်အရာမဆိုထက် ပို၍ မြတ်နိုးခဲ့သောကြောင့် သူသည် ယင်းကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့ပေ။ ဤအခွင့်အရေး ရောက်ရှိလာခြင်းမှာ ဘုရားသခင်အပေါ် သူ၏နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို စမ်းသပ်၍ရနိုင်ပြီး သန့်စင်၍ရနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ ထို့အပြင်၊ ယင်းမှာ ယောဘသည် ဘုရားသခင်၏ ထောက်ခံမှုကိုရပြီး၊ ထိုသို့ဖြင့် သူ့ကို ဘုရားသခင်ထံ သာ၍ နီးကပ်စေမည့် အခွင့်အရေးတစ်ခု ရှိခဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ စမ်းသပ်မှု အတောအတွင်းတွင်၊ ထိုသို့သော ယုံကြည်ခြင်းနှင့် လိုက်စားခြင်းသည် သူ့အား သာ၍ စုံလင်လာစေခဲ့ပြီး ဘုရားသခင်၏ အလိုနှင့်သက်ဆိုင်သည့် သာ၍ ကြီးမားသော သိနားလည်မှုတစ်ခုကို ရရှိစေခဲ့သည်။ ယောဘသည်လည်း ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များအတွက် သာ၍ ကျေးဇူးတင်ရှိခဲ့သည်၊ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် သာ၍ကြီးစွာသော ချီးမွမ်းခြင်းကို သွန်းလောင်းခဲ့ပြီး သူသည် ဘုရားသခင်အား သာ၍ ကြောက်ရွံ့ကာ ကြည်ညိုခဲ့ပြီး၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းခြင်း၊ ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို သာ၍ တောင့်တခဲ့သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော သူတစ်ဦး ဖြစ်နေဆဲဖြစ်သော်လည်း၊ သူ၏ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ယောဘ၏ ယုံကြည်ခြင်းနှင့် အသိပညာသည် ရုတ်ခြည်းဆိုသလို တိုးတက်သွားခဲ့ပြီးဖြစ်သည်- သူ၏ ယုံကြည်ခြင်း တိုးပွားခဲ့ပြီး ဖြစ်သည်၊ သူ၏ နာခံခြင်းသည် ခြေကုပ်တစ်ခု ရခဲ့ပြီးဖြစ်ကာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သာ၍ နက်နဲ လာခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘ၏ စိတ်ဝိညာဉ်နှင့် အသကကို အသွင်ပြောင်းလဲစေခဲ့သော်လည်း၊ ထိုသို့သော အသွင်ပြောင်းလဲမှုတစ်ခုသည် ယောဘကို မကျေနပ်စေခဲ့သကဲ့သို့၊ သူ၏ ရှေ့ဆက် တိုးတက်မှုကို နှောင့်နှေးစေခဲ့ခြင်းလည်း မရှိပေ။ ဤစမ်းသပ်မှုမှ သူ ရရှိခဲ့ပြီးသည့်အရာကို တွက်ချက်နေပြီး သူ၏ ကိုယ်ပိုင် မပြည့်စုံမှုများကို ဆင်ခြင်သုံးသပ်နေသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုအတောအတွင်းတွင် မြှင်တင်ခံရဖို့အတွက် သူ တမ်းတခဲ့သောကြောင့်၊ မိမိအပေါ် ရောက်လာမည့် နောက်ထပ် စမ်းသပ်မှုကို စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ သူ ဆုတောင်းခဲ့လေသည်။
ဘုရားသခင်သည် လူသား၏ သိုဝှက်ထားသော အတွေးများနှင့် လူသား ပြောသမျှနှင့် ပြုသမျှတို့ကို လေ့လာစောင့်ကြည့်၏။ ယောဘ၏ အတွေးများသည် ယေဟောဝါဘုရားသခင်၏ နားသို့ရောက်ရှိပြီး၊ သူ၏ ဆုတောင်းသံများကို ဘုရားသခင် နားထောင်ခဲ့သည်၊ ဤနည်းဖြင့် ယောဘအတွက် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုသည် မျှော်လင့်ထားခဲ့သည့်အတိုင်း ရောက်ရှိခဲ့သည်။
ပြင်းထန်လွန်းသော ဒုက္ခဆင်းရဲကြားတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စောင့်ရှောက်မှုကို ယောဘ စစ်မှန်စွာ သဘောပေါက်မိသည်
စာတန်ထံ ယေဟောဝါဘုရားသခင်၏ မေးခွန်းများနောက်တွင်၊ စာတန်သည် တိတ်တဆိတ် ပျော်ရွှင်ခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စာတန်သည် ဘုရားသခင်၏ အမြင်တွင် စုံလင်သော လူသားတစ်ဦးကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်ရရှိမည်ကို သိခဲ့သောကြောင့် ဖြစ်သည်- စာတန်အတွက် ဤသည်မှာ ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ စာတန်သည် ယောဘ၏ ခံယူချက်ကို လုံးဝ လျော့ပါးစေရန်၊ ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းအား ဆုံးရှုံးစေပြီး၊ ထိုသို့ဖြင့် ဘုရားသခင်အား မကြောက်ရွံ့တော့စေရန် သို့မဟုတ် ယေဟောဝါ၏ နာမကို ကောင်းချီးပေးခြင်း မရှိတော့စေရန် ဤအခွင့်အရေးကို အသုံးပြုလိုခဲ့သည်။ ဤအရာသည် စာတန်အား အခွင့်အရေးတစ်ခုကို ပေးလိမ့်မည် ဖြစ်သည်- မည်သည့်နေရာ သို့မဟုတ် မည်သည့် အချိန်တွင်မဆို၊ ၎င်းသည် ယောဘအား ၎င်း၏ အမိန့်ပေးခြင်းကို မဖြစ်မနေလုပ်ရသည့် ကစားစရာတစ်ခု ဖြစ်စေနိုင်မည် ဖြစ်သည်။ စာတန်သည် ၎င်း၏ ဆိုးယုတ်သော ရည်ရွယ်ချက်များကို သဲလွန်စ မကျန်စေဘဲ ဝှက်ခဲ့သော်လည်း၊ ၎င်းသည် ၎င်း၏ ဆိုးယုတ်သော သဘာဝကိုမူ ထိန်းမထားနိုင်ခဲ့ပေ။ ဤအမှန်တရားသည် သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ခဲ့သည့်အတိုင်း၊ ယေဟောဝါ ဘုရားသခင်၏ စကားများကို ပြန်ဖြေသော ၎င်း၏ အဖြေထဲတွင် အရိပ်အမြွက်ပြထားသည်- “စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။” (ယောဘ၂:၄-၅) ဘုရားသခင်နှင့် စာတန်အကြား ဤအပြန်အလှန် ပြောဆိုခြင်းမှ စာတန်၏ မလိုမုန်းထားမှုနှင့်သက်ဆိုင်သည့် အခြေအမြစ်ရှိသော အသိပညာနှင့် အသိစိတ်တစ်ခုကိုရရန် ဖြစ်နိုင်ခြေရှိသည်။ စာတန်၏ ဤအတွေးမှားများကို ကြားရခြင်းဖြင့်၊ သမ္မာတရားကို ချစ်မြတ်နိုးပြီး မကောင်းမှုကို ရွံမုန်းသောသူအားလုံးသည် စာတန်၏ ယုတ်ညံ့ခြင်းနှင့် အရှက်ကင်းမဲ့ခြင်းကို သာ၍ ကြီးမားသည့် မုန်းတီးမှု ဧကန် ရှိကြပေလိမ့်မည်၊ စာတန်၏ အတွေးမှားများအားဖြင့် စိတ်ပျက်ပြီး စက်ဆုပ်ရွံရှာကြလိမ့်မည်ဖြစ်ပြီး၊ တစ်ချိန်တည်းတွင် ဖြောင့်မတ်သော ဤလူသားသည် စုံလင်ခြင်းကို ရရှိနိုင်ဖို့ ဆုတောင်းရင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော ဤလူသားသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို အစဉ် အောင်မြင်ပြီး အလင်းထဲတွင်၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ရမည့်အကြောင်း ဆန္ဒပြုရင်း၊ ယောဘအတွက် နက်ရှိုင်းသော ဆုတောင်းချက်များနှင့် လေးနက်သော တောင်းဆုများကို ပေးကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော လူများသည်လည်း ယောဘ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လေ့လာလိုက်စားသော သူအပေါင်းကို အစဉ် လှုံ့ဆော်ပေးပြီး တိုက်တွန်းအားပေးနိုင်ဖို့လည်း ဆန္ဒပြုကြပေလိမ့်မည်။ ဤထုတ်ဖော်ပြောဆိုချက်ထဲတွင် စာတန်၏ မလိုမုန်းထားသော အကြံကို မြင်၍ရနိုင်သော်လည်း၊ ဘုရားသခင်သည် စာတန်၏ “တောင်းဆိုချက်” ကို အပူအပင်ကင်းစွာ ခွင့်ပြုခဲ့သည်- သို့သော် သူသည် သတ်မှတ်ချက်တစ်ခုလည်း ပြုလုပ်ခဲ့သည်- “သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့။” (ယောဘ ၂:၆) ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအကြိမ်တွင် စာတန်သည် သူ၏လက်ကို ဆန့်တန်းကာ ယောဘ၏ ခန္ဓာကိုယ်နှင့် အရိုးများကို ထိခိုက်ရန် တောင်းဆိုခဲ့သောကြောင့်၊ ဘုရားသခင်က “သူ၏ အသက်ကို ချန်ထားလော့။” ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ သူသည် ယောဘ၏ ခန္ဓာကိုယ်ကို စာတန်အား ပေးခဲ့သော်လည်း၊ ယောဘ၏ အသက်မှာ ဘုရားသခင်၏ ထိန်းသိမ်းဖို့ ဖြစ်သည်ဟု ဆိုလိုပေသည်။ စာတန်သည် ယောဘ၏ အသက်ကို မနုတ်ယူနိုင်ခဲ့သော်လည်း၊ ဤအရာမှလွဲ၍ စာတန်သည် ယောဘကို ဆန့်ကျင်၍ မည်သည့် နည်းလမ်း သို့မဟုတ် နည်းစနစ်ကိုမဆို အသုံးပြုနိုင်ခဲ့သည်။
ဘုရားသခင်၏ ခွင့်ပြုချက်ကို ရပြီးနောက်၊ စာတန်သည် ယောဘထံ အလျင်အမြန် သွားပြီး၊ ၎င်း၏ လက်ကို ဆန့်ကာ သူ၏တစ်ကိုယ်လုံး၌ နာကျင်သောအနာစိမ်းများ ပေါက်စေလျက် သူ၏အရေပြားကို နှိပ်စက်လေသည်၊ ယောဘသည် သူ၏ အရေပြားပေါ်တွင် နာကျင်မှုကို ခံစားခဲ့ရ၏။ ယောဘသည် ယေဟောဝါဘုရားသခင်၏ အံ့သြဖွယ်ဖြစ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ချီးမွမ်းခဲ့သည်၊ ယင်းက စာတန်အား ၎င်း၏ ရဲတင်းမှုဖြင့် ပို၍ပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူသားအား နာကျင်စေခြင်း၏ အရသာကို ခံစားခဲ့ရပြီး ဖြစ်သောကြောင့်၊ စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘ၏ နာကျင်အနာစိမ်းများကို ပြည်တည်စေရင်း သူ၏ ခန္ဓာကိုယ်ကို မွှေနှောက်ခဲ့လေသည်။ ယောဘသည် နှိုင်းယှဉ်စရာ မရှိအောင်ပင် သူ၏ ခန္ဓာကိုယ်ပေါ်၌ နာကျင်မှုနှင့် ညှဉ်းဆဲမှုကို ချက်ချင်း ခံစားရခဲ့ပြီး၊ သူသည် ဤခန္ဓာကိုယ် နာကျင်မှုမှတစ်ဆင့် သူ၏ ဝိညာဉ်အား ထိုးနှက်မှုကို သက်သာရာရစေမည့်အလား ဦးခေါင်းမှ ခြေထောက်တိုင်အောင် သူ၏ လက်ဖြင့် မနှိပ်နယ်ဘဲ မနေနိုင်ခဲ့ပေ။ ဘုရားသခင်သည် သူ့အား စောင့်ကြည့်ရင်း သူ၏နံဘေး၌ ရှိသည်ကို သူသဘောပေါက်ခဲ့ပြီး သူ့ကိုယ်သူ စိတ်တင်းထားရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည် မြေပေါ် နောက်ထပ်တစ်ကြိမ် ဒူးထောက်ပြီး၊ “ကိုယ်တော်သည် လူသား၏ စိတ်နှလုံးအတွင်းကို ကြည့်တော်မူ၏၊ ကိုယ်တော်သည် သူ၏ နာကျင်မှုဝေဒနာကို သတိပြုမိပါ၏။ သူ၏ အားနည်းခြင်းသည် ကိုယ်တော်နှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ယေဟောဝါ ဘုရားသခင်၏ နာမသည် ချီးမွမ်းခြင်းခံထိုက်ပေ၏။” ဟု ဆိုခဲ့သည်။ စာတန်သည် ယောဘ၏ သည်းမခံနိုင်လောက်သော နာကျင်မှုကို မြင်ခဲ့သော်လည်း၊ ယေဟောဝါဘုရားသခင်၏ နာမကို ယောဘ စွန့်ပစ်သည်ကို မမြင်ခဲ့ပေ။ ထို့ကြောင့် ၎င်းသည် ၎င်း၏ လက်ကို အလျင်အမြန် ဆန့်ကာ ယောဘ၏ အရိုးများကို ဖိစီးနှိပ်စက်ပြီး ခြေလက်အင်္ဂါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် အသည်းအသန် ဖြစ်လေ၏။ ချက်ချင်း၊ ယောဘသည် မကြုံစဖူးသော ညှဉ်းဆဲခြင်းကို ခံစားခဲ့ရသည်။ ယင်းမှာ သူ၏ ခန္ဓာသည် အရိုးများမှ ဆုတ်ဖြဲထွက်သည့်အလား၊ သူ၏ အရိုးများသည် အပိုင်းပိုင်း ရိုက်ချိုးခြင်းကို ခံရသည့်အလား ဖြစ်ခဲ့သည်။ မချိမဆန့်ခံစားရသော ဤညှဉ်းဆဲမှုသည် သူ့အား သေဆုံးရန်မှာ သာ၍ ကောင်းမည်ဟု တွေးစေခဲ့သည်...ဤနာကျင်မှုကို သူ၏ သည်းခံနိုင်စွမ်းသည် အဆုံးစွန်ရောက်ခဲ့ပြီး ဖြစ်သည်...သူ အော်ဟစ်လိုခဲ့သည်၊ နာကျင်မှု သက်သာစေရန် ကြိုးပမ်းရာတွင် သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို ဆုတ်ခွာလိုခဲ့သည်- သို့သော် သူ၏အားနည်းချက်ကို စာတန်အား မမြင်စေလိုသည့်အတွက်၊ သူ၏ အော်သံများကို သူချုပ်တည်းခဲ့ပြီး သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို မဆုတ်ခွာခဲ့ပေ။ ထို့ကြောင့် ယောဘသည် နောက်ထပ်တစ်ကြိမ် ဒူးထောက်ခဲ့သော်လည်း၊ ဤအကြိမ်တွင် သူသည် ယေဟောဝါ ဘုရားသခင်၏ မျက်မှောက်ကို မခံစားခဲ့ရပေ။ သူသည် မကြာခဏ သူ၏ အရှေ့၊ သူ၏ အနောက်နှင့် နံဘေးတစ်ဖက်ဖက်တွင် ရှိသည်ကို သူသိခဲ့သည်။ သို့သော်လည်း သူ၏ နာကျင်မှုကာလအတွင်းတွင် ဘုရားသခင်သည် မည်သည့်အခါမျှ စောင့်ကြည့်ခဲ့ခြင်း မရှိပေ။ လူသားကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်မှာ လူသားအပေါ် ဒုက္ခဆင်းရဲကို ယူဆောင်လာရန် မဟုတ်သည့်အတွက်၊ သူသည် သူ၏မျက်နှာကို ကာပြီး ပုန်းကွယ်ခဲ့သည်။ ဤအကြိမ်တွင် ယောဘသည် ငိုကြွေးလျက်နေခဲ့ပြီး ဤရုပ်ပိုင်းဆိုင်ရာ မချိမဆံ့ ဝေဒနာကို တောင့်ခံရန် သူအကောင်းဆုံး ကြိုးပမ်းနေခဲ့သော်လည်း၊ ဘုရားသခင်အား ကျေးဇူးတင်ရှိခြင်းကို မထိန်းထားနိုင်တော့ပေ- “လူသည် ပထမ ထိုးနှက်ချက်တွင် ကျဆုံးသည်၊ သူသည် အားနည်း၍ တန်ခိုး မရှိပေ၊ သူသည် ငယ်ရွယ်ပြီး မသိနားမလည်ပေ။ ကိုယ်တော်သည် အဘယ်ကြောင့် သူ့အပေါ် အလွန်ဂရုစိုက်၍ ကြင်နာရန် ဆန္ဒရှိသနည်း။ ကိုယ်တော်သည် ကျွန်ုပ်ကို ရိုက်နှက်သော်လည်း၊ ထိုသို့ရိုက်နှက်ခြင်းသည် ကိုယ်တော့်အား နာကျင်စေ၏။ လူသားသည် ကိုယ်တော်၏ ဂရုစိုက်ခြင်းနှင့် စိုးရိမ်ခြင်းကို အဘယ်သို့ ခံထိုက်သနည်း။” ယောဘ၏ ဆုတောင်းသံများသည် ဘုရားသခင်၏ နားသို့ ရောက်ရှိခဲ့ပြီး၊ ဘုရားသခင်သည် မည်သည့်အသံမျှ မပြုဘဲ စောင့်ကြည့်ရုံ စောင့်ကြည့်ရင်း နှုတ်ဆိတ်နေခဲ့သည်...။ စာတန်သည် တတ်နိုင်သမျှနည်းလမ်းတိုင်းကို အချည်းနှီး ကြိုးစားခဲ့ပြီးနောက်၊ တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်၊ သို့သော် ဤအရာသည် ယောဘ နှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စမ်းသပ်မှု အဆုံးသတ်သို့ မရောက်စေခဲ့ပေ။ ယောဘ၌ ထုတ်ဖော်ခဲ့သော ဘုရားသခင်၏ တန်ခိုးသည် လူသိရှင်ကြား မဖြစ်စေခဲ့သေးသောကြောင့်၊ ယောဘ၏ အဖြစ်အပျက်သည် စာတန်၏ နောက်ဆုတ်ခြင်းဖြင့် အဆုံးမသတ် သွားခဲ့ပေ။ အခြားဇာတ်ကောင်များ ဝင်ရောက် လာခဲ့သည်နှင့်အမျှ၊ သာ၍ ခမ်းနားကြီးကျယ်သော အဖြစ်အပျက်များ ရောက်လာဖို့ ရှိသေးသည်။
ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း၏ အခြားသော သရုပ်သကန်မှာ အရာခပ်သိမ်း၌ ဘုရားသခင်၏နာမကို ထောမနာပြုခြင်း ဖြစ်သည်
ယောဘသည် စာတန်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ရသော်လည်း၊ သူသည် ယေဟောဝါဘုရားသခင်၏ နာမကို မစွန့်ပစ်ခဲ့သေးပေ။ လူ၏ မျက်စိတွင် မြင်နိုင်သည့် ပုံစံဖြင့် စာတန်၏ အခန်းကဏ္ဍကို လုပ်ဆောင်ရင်း၊ ပထမဦးစွာ ထွက်လာပြီး တိုက်ခိုက်ခဲ့သူမှာ သူ၏ ဇနီး ဖြစ်ခဲ့သည်။ မူရင်းစာသားက ဤသို့ ဖော်ပြထားသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။” (ယောဘ ၂:၉) ဤအရာများသည် စာတန်သည် လူသားယောင်ဆောင်၍ ပြောခဲ့သော စကားများ ဖြစ်သည်။ ၎င်းတို့မှာ တိုက်ခိုက်မှု၊ စွပ်စွဲမှုအပြင် သိမ်းသွင်းမှု၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့် အသရေဖျက်မှုတို့ ဖြစ်သည်။ ယောဘ၏ ခန္ဓာကိုယ်အား တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက်၊ စာတန်သည် ယောဘအား သူ၏ တည်ကြည်မှုကို လက်လွှတ်စေရန်၊ ဘုရားသခင်ကို စွန့်လွှတ်စေရန်နှင့် ဆက်လက် အသက်ရှင်မသွားတော့စေရန် ဤအရာကို အသုံးပြုဖို့ ဆန္ဒရှိလျက်၊ ယောဘ၏ တည်ကြည်မှုကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ ထိုနည်းတူ စာတန်သည် ယောဘကို စုံစမ်းနှောင့်ယှက်ဖို့ ထိုသို့သော စကားများကို အသုံးပြုရန်လည်း ဆန္ဒရှိခဲ့သည်- အကယ်၍ ယောဘသည် ယေဟောဝါ၏ နာမကို စွန့်ပစ်ခဲ့ပါက၊ သူသည် ထိုသို့သော ညှဉ်းဆဲမှုကို တောင့်ခံရန် မလိုအပ်ပေ။ သူသည် ခန္ဓာကိုယ် ညှဉ်းဆဲမှုမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေနိုင်ခဲ့မည် ဖြစ်သည်။ သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ခဲ့ရလျက်၊ ယောဘက၊ “မိန်းမမိုက် ပြောတတ်သကဲ့သို့ သင်သည် ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည် ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ၂:၁၀) ဟုဆိုရင်း သူမအား အပြစ်ဖော်ပြ ဆုံးမခဲ့သည်။ ယောဘသည် ဤနှုတ်ကပတ်တော်များကို အချိန်ကြာမြင့်စွာကတည်းက သိခဲ့ပြီး ဖြစ်သော်လည်း၊ ဤအချိန်တွင် ထိုနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် ယောဘ၏ စစ်မှန်သော အသိသည် အတည်ပြုခြင်း ခံခဲ့ရလေသည်။
ဘုရားသခင်အား ကျိန်ဆဲပြီး သေရန် သူ၏ဇနီးက သူ့အား အကြံပေးခဲ့ချိန်တွင်၊ သူမ ဆိုလိုသည့် အဓိပ္ပာယ်မှာ- “သင်၏ ဘုရားသခင်သည် သင့်အား ထိုသို့ ဆက်ဆံသည်၊ ထို့ကြောင့် သူ့အား အဘယ်ကြောင့် မကျိန်ဆဲသနည်း။ သင် ဘာအတွက်ကြောင့် ဆက်၍ အသက်ရှင်နေသနည်း။ သင်၏ ဘုရားသခင်သည် သင့်အဖို့ မတရားလွန်းသော်လည်း၊ ‘ယေဟောဝါ၏နာမ မင်္ဂလာ ရှိစေသတည်း။’ ဟု သင် ဆိုသေးသည်။ သူ၏နာမကို သင်ကောင်းချီးပေးချိန်တွင် သူသည် သင့်အပေါ် ဘေးဒုက္ခကို အဘယ်ကြောင့် ဆောင်လာခဲ့ နိုင်သနည်း။ မြန်မြန်လုပ်ပြီး ဘုရားသခင်၏နာမကို စွန့်ပစ်ကာ သူ့နောက် ထပ်မလိုက်နှင့်။ သို့ဆိုလျှင် သင်၏ ဒုက္ခပြဿနာများ ပြီးဆုံးသွားလိမ့်မည်။” ဤအခိုက်အတန့်တွင် ယောဘ၌ ဘုရားသခင် မြင်လိုသော သက်သေခံချက် ထွက်ပေါ်ခဲ့သည်။ မည်သည့်သာမန်လူမျှ ထိုသို့သော သက်သေခံချက်ကို သက်သေခံနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ယင်းနှင့်သက်ဆိုင်၍ သမ္မာကျမ်းစာ၏ မည်သည့်အဖြစ်အပျက်တွင်မျှ ငါတို့ မဖတ်ရှုရပေ- သို့သော် ဤစကားများကို ယောဘ မပြောဆိုမီ အချိန်ကြာမြင့်စွာကတည်းက ယင်းကို ဘုရားသခင် မြင်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင် မှန်ကန်ခဲ့သည်ကို အားလုံးထံ ယောဘကို သက်သေပြ ခွင့်ပေးဖို့ ဘုရားသခင်သည် ဤအခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိခဲ့ပေသည်။ သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ရလျက်၊ ယောဘသည် သူ၏ တည်ကြည်မှုကို လက်မလွှတ်ခဲ့သကဲ့သို့ ဘုရားသခင်ကိုလည်း မစွန့်လွှတ်ခဲ့ရုံသာမက၊ သူ၏ ဇနီးအား၊ “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူ၍လည်း ဆိုခဲ့သည်။ ဤစကားများသည် အလွန် ဩဇာသက်ရောက်မှု ရှိပါသလော။ ဤနေရာတွင် ဤစကားများ၏ ဩဇာသက်ရောက်မှုကို သက်သေပြနိုင်စွမ်းရှိသည့် အချက်တစ်ခုတည်းသာ ရှိသည်။ ဤစကားများ၏ ဩဇာသက်ရောက်မှုမှာ ဘုရားသခင်သည် ထိုစကားများကို သူ၏ စိတ်နှလုံးထဲတွင် လက်ခံသည်၊ ၎င်းတို့သည် ဘုရားသခင် တောင့်တခဲ့သော အရာ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင် ကြားလိုသော အရာဖြစ်ပြီး၊ ဘုရားသခင်မြင်ရန် တမ်းတခဲ့သော ရလဒ် ဖြစ်ပေသည်။ ဤစကားများသည် ယောဘ၏ သက်သေခံချက် အနှစ်သာရလည်း ဖြစ်သည်။ ဤတွင် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ အတည်ပြုခံခဲ့ရသည်။ ယောဘ၏ အဖိုးတန်မှုသည် သူ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရချိန်နှင့် သူ၏ တစ်ကိုယ်လုံးကို နာကျင်သောအနာစိမ်းများ ဖုံးလွှမ်းခဲ့သည့် အချိန်တွင်ပင်၊ ပြီးလျှင် အဆုံးစွန် ညှဉ်းဆဲမှုကို သူတောင့်ခံခဲ့သည့် အချိန်နှင့် သူ၏ဇနီးနှင့် ဆွေမျိုးရင်းချာတို့က သူ့ကို အကြံပေးခဲ့ချိန်တွင်၊ ထိုသို့သော စကားများကို သူ မြွက်ဆိုဆဲရှိခဲ့ပုံတွင် တည်ရှိပေသည်။ ၎င်းကို အခြားနည်းဖြင့်ဆိုပါက မည်သည့် စုံစမ်းနှောင့်ယှက်မှုများ ဖြစ်ပါစေ၊ သို့မဟုတ် ဆင်းရဲဒုက္ခများ သို့မဟုတ် ညှဉ်းဆဲမှု မည်သို့ပင် ဆိုးရွားပါစေ၊ အကယ်၍ သေခြင်းသည် သူ့အပေါ် ရောက်လာခဲ့လျှင်ပင် သူသည် ဘုရားသခင်ကို စွန့်လွှတ်မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို ပစ်ပယ်မည် မဟုတ်မှန်း သူ၏ စိတ်နှလုံးထဲတွင် သူယုံကြည်ခဲ့သည်။ ထိုအခါ သူ၏ စိတ်နှလုံးထဲတွင် အရေးကြီးဆုံးသော နေရာကို ဘုရားသခင် ထိန်းထားခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သာရှိသည်ကို သင်မြင်ရပေသည်။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း၊ နှုတ်ဖြင့်မျှမမှားယွင်း ဟူ၍ ကျမ်းစာထဲတွင် သူနှင့် သက်ဆိုင်သည့် ထိုသို့သော ဖော်ပြချက်များကို ငါတို့ ဖတ်ရှုရသည်မှာ ဤအရာကြောင့် ဖြစ်သည်။ သူသည် သူ၏နှုတ်ဖြင့် မမှားယွင်းခဲ့သည်သာမက၊ သူ၏ စိတ်နှလုံးထဲ၌လည်း ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ထိခိုက်စေသော စကားများကို သူမပြောခဲ့သကဲ့သို့၊ ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားခဲ့ခြင်းလည်း မရှိပေ။ သူ၏နှုတ်က ဘုရားသခင်၏ နာမကို ကောင်းချီး ပေးခဲ့သည်သာမက၊ သူ၏စိတ်နှလုံးတွင်လည်း သူသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်။ သူ၏နှုတ်နှင့် စိတ်နှလုံးတို့သည် တစ်ခုတည်းကဲ့သို့ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် မြင်ခဲ့သော စစ်မှန်သည့် ယောဘဖြစ်ပြီး၊ ဤသည်မှာ ယောဘကို ဘုရားသခင် တန်ဖိုးထားခဲ့သည့် တကယ့် အကြောင်းရင်း ဖြစ်ခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ