Read more!
Read more!

ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်ခြင်းသို့ ရောက်ကြသည်

ခြောက်ရက်မြောက်နေ့တွင် ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ မွေးမြူရေးသတ္တဝါများ အပါအဝင်၊ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့်၊ မလှုပ်ရှားနိုင်သည့် သတ္တဝါများ အပါအဝင် ဤအရာများ အားလုံးသည် ဘုရားသခင်နှင့်အတူ ကောင်းမွန်သည်၊ ထို့အပြင် ဘုရားသခင်၏ မျက်မှောက်တော်ရှေ့တွင် ဤအရာများသည် သူ၏အစီအစဉ် နှင့်အညီ အမြင့်ဆုံးစုံလင်မှုကို ရရှိခဲ့ပြီး ဘုရားသခင် ပြီးမြောက်လိုသည့် စံသတ်မှတ်ချက်များကို ရောက်ရှိခဲ့သည်။ ဖန်ဆင်းရှင်သည် တစ်ဆင့်ပြီးတစ်ဆင့် သူရည်မှန်းထားသည့် အလုပ်များကို သူ၏အစီအစဉ်နှင့်အညီ လုပ်ခဲ့သည်။ သူဖန်ဆင်းရန်ရည်မှန်းခဲ့သည့် အရာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီ၏ ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ထင်ဟပ်မှုဖြစ်ကာ သူ၏သြဇာအာဏာ ပုံပေါ်လာခြင်းဖြစ်သည်။ ဤပုံပေါ်လာမှုများကြောင့် သတ္တဝါ အားလုံးသည် ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို၊ ဖန်ဆင်းရှင်၏ ပံ့ပိုးမှုကို ကျေးဇူးမတင်ဘဲ မနေနိုင်ကြတော့ပေ။ ဘုရားသခင်၏ ဆန်းကြယ်သည့် လုပ်ဆောင်မှုများသည် ထင်ရှားခဲ့သည့်အတွက် ဤကမ္ဘာသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးနှင့်အတူ အစိတ်အပိုင်းတစ်ခုချင်းစီ ပြည့်ဖောင်းလာခဲ့ပြီး ကမ္ဘာသည် ပရမ်းပတာဖြစ်ခြင်း၊ အမှောင်ထုဖြစ်ခြင်းမှ ကြည်လင်ခြင်းနှင့် တောက်ပခြင်းဆီသို့၊ သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက် နေရာမှ ရှင်သန်လာခြင်းနှင့် အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုဆီသို့ ကူးပြောင်းလာခဲ့သည်။ ဖန်ဆင်းထားသည့် အရာအားလုံးအထဲတွင်၊ အကြီးမှ အသေး၊ အသေးမှ သေးငယ်မှုန်မွှားသည့် သတ္တဝါအထိ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးအားဖြင့် ဖန်ဆင်းခြင်းမခံထား ရသည့်အရာ တစ်ခုမျှမရှိဘဲ သတ္တဝါတိုင်း၏ဖြစ်တည်မှုတွင် ထူးခြားသည့်၊ ပင်ကိုလိုအပ်ချက်နှင့် တန်ဖိုးရှိသည်။ သူတို့၏ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံ ကွဲပြားမှုများနှင့်မဆိုင်ဘဲ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် ဖြစ်တည်ရန်အတွက် ဖန်ဆင်းရှင်အားဖြင့် ပြုလုပ်ခြင်းခံရသည်။ တစ်ခါတစ်ရံတွင် လူများက အလွန်ရုပ်ဆိုးသည့် ပိုးမွှားတစ်ကောင်ကိုတွေ့ပြီး ပြောကြသည် “ဤပိုးမွှားက တော်တော်ဆိုးသည်။ ဤကဲ့သို့သော ကြည့်ရဆိုးသည့် ပိုးမွှားကို ဘုရားဖန်ဆင်းထားခြင်း မဖြစ်နိုင်ပေ။ အလွန်ကြည့်ရဆိုးသည့် အရာတစ်ခုကို သူဖန်ဆင်းသည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။” မည်မျှ မိုက်မဲသည့် အမြင်ပေနည်း။ သူတို့ပြောသင့်သည်မှာ “ဤပိုးမွှားက အလွန်ကြည့်ရဆိုး သော်လည်း ၎င်းကို ဘုရားပြုလုပ်ထားခြင်း ဖြစ်၏။ ဤသို့ဆိုလျှင် သူ့တွင် သူ၏ကိုယ်ပိုင် ထူးခြားသည့်ရည်ရွယ်ချက်ရှိပေမည်။” ဘုရားသခင်၏ အတွေးများတွင် သူသည် သူဖန်ဆင်းခဲ့သည့် သက်ရှိအမျိုးမျိုးတို့ကို အသုံးဝင်မှုနှင့် အသုံးပြုမှုပုံစံအမျိုးမျိုးတို့နှင့် ပေါ်ထွက်လာစေချင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ပြုလုပ်ခဲ့သည့် မည်သည့်အရာမျှ ပုံစံတူ ပြုလုပ်ထားခြင်းမရှိပေ။ သူတို့၏အပြင်ပန်းမှ အတွင်းဖွဲ့စည်းပုံအထိ၊ သူတို့၏ ရှင်သန်နေထိုင်မှု အကျင့်ပုံစံမှ သူတို့ပိုင်ဆိုင်သည့် တည်နေရာအထိ၊ တစ်ခုချင်းစီက ကွဲပြားသည်။ နွားများသည် နွားပုံစံရှိကြသည်။ မြည်းများသည် မြည်းပုံစံရှိသည်။ သမင်များက သမင်များ၏ ပုံစံရှိပြီး ဆင်များက ဆင်၏ပုံစံရှိသည်။ မည်သည့်အရာက ကြည့်အကောင်းဆုံးဖြစ်ပြီး မည်သည့်အရာက ကြည့်ရအဆိုးဆုံးဖြစ်သည်ကို သင်ပြောနိုင်သလော။ မည်သည့်အရာက အသုံးဝင်ဆုံးနှင့် မည်သည့်ဖြစ်တည်မှုက မလိုအပ်ဆုံးဆိုသည်ကို သင်ပြောနိုင်သလော။ အချို့လူများက ဆင်၏ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သို့ရာတွင် ကွင်းပြင်များတွင် အပင်စိုက်ရန်အတွက် မည်သူမျှ ဆင်များကို အသုံးမပြုပေ။ အချို့လူများက ခြင်္သေ့၏ပုံစံ၊ ကျား၏ ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သူတို့၏ပုံသဏ္ဌာန်က အရာအားလုံးအထဲတွင် အထင်ကြီးချင်စရာအကောင်းဆုံး ဖြစ်သောကြောင့်ဖြစ်၏။ သို့ရာတွင် သူတို့ကို အိမ်မွေး တိရစ္ဆာန်အဖြစ် ထားနိုင်သလော။ အချုပ်ပြောရလျှင် အရာအားလုံးနှင့်ပတ်သက်ပါက လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို နာခံသင့်သည်၊ တစ်နည်းအားဖြင့် ဖန်ဆင်းရှင်က အရာအားလုံးကိုသတ်မှတ်ခဲ့သည့် အစီအစဉ်ကို နာခံသင့်သည်။ ဖန်ဆင်းရှင်၏ မူလ ရည်ရွယ်ချက်ကို ရှာဖွေလိုခြင်းသဘောနှင့် နာခံခြင်းကသာ ဖန်ဆင်းရှင်၏ သြဇာအာဏာကို စစ်မှန်စွာလက်ခံခြင်းနှင့် စိတ်ချသေချာခြင်းတို့ ဖြစ်သည်။ ဘုရားသခင်အမြင်တွင် ကောင်းမွန်သည်၊ ဤသို့ဆိုလျှင် အမှားကို ရှာဖွေရန် လူတွင် အဘယ်အကြောင်းပြချက် ရှိပါမည်နည်း။

ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိသည့် အရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအတွက် သံစုံသီချင်းများသီဆိုကြမည်။ နေ့သစ်တွင် သူ၏လုပ်ဆောင်မှု အတွက် အလွန်ကောင်းမွန်သည့် နိဒါန်းသီချင်းများကို စတင်ကြမည်။ ဤအချိန်တွင် ဖန်ဆင်းရှင်သည် သူ၏စီမံခန့်ခွဲမှု အမှုတော်အတွက် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်မည်။ ဘုရားသခင် သတ်မှတ်ပေးထားသည့် နွေဦးရာသီ၏ အညွှန့်အဖူးလေးများ၊ နွေရာသီ၏ ရင့်မှည့်ခြင်း၊ ဆောင်းဦးရာသီ၏ ရိတ်သိမ်းခြင်း၊ ဆောင်းရာသီ၏ သိုလှောင်ခြင်း နိယာမသဘောတရားအရ အရာအားလုံးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လိုက်ဖက်ညီလျက်ရှိပြီး သူတို့၏ ကိုယ်ပိုင် နေ့သစ်၊ အသစ်စတင်ခြင်းနှင့် ဘဝသစ်ပုံစံတို့ကို ကြိုဆိုကြမည်။ သူတို့သည် ဘုရားသခင်၏ သြဇာအာဏာ၏ အချုပ်အခြာအာဏာအောက်တွင် နေ့ရက်တိုင်းကို ကြိုဆိုကြရန် အဆုံးမရှိသည့် ဆက်တိုက် ဖြစ်ပေါ်မှုနှင့် မကြာခင်တွင် မျိုးပွားကြမည်။

ဘုရားသခင်၏ ဝိသေသလက္ခဏာကို မည်သည့်ဖန်ဆင်းခံ၊ ဖန်ဆင်းခြင်းမခံရသည့် အရာမျှ အစားမထိုးနိုင်ပေ။

အရာအားလုံးကို ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြလာသည်။ စတင် ဖွင့်ဟလာသည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက် ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ ထူးခြားသည့် နည်းလမ်းကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည်မှာ မကြာခင်တွင် သူ၏ ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီ အချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် သတ္တဝါတို့တွင်၊ ကောင်းကင်ကဲ့သို့ ကြီးမြတ်သည့်အရာများတွင်၊ အလင်းအိမ်၊ ပင်လယ်၊ ကုန်းမြေတို့တွင်၊ တိရစ္ဆာန်နှင့် ငှက်ကလေးများကဲ့သို့ သေးငယ်သည့်အရာများတွင်၊ ပိုးမွှားလေးများနှင့် အနုစိတ်သတ္တဝါအမျိုးမျိုးတို့တွင်၊ သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့တွင် ထင်ရှားပြသသည်။ တစ်ခုချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်ကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြပြီး တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင် ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် ဘဝနှင့် ရှင်သန်တက်ကြွမှုကို သူတို့၏မတူညီသည့်ပုံစံနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို မရရှိသော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အချက်များနှင့် နိယာမတရားများ အပေါ်တွင် မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်လက်ပေးကမ်းနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားခြင်း၊ ပွားများခြင်း အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့် ပုံစံတွင် အနုစိတ်၊ အသေးစိတ်ရှုထောင့်များအပေါ်တွင်သာ စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်း၊ ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို ထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာကို ထင်ရှားစေခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားပေ။ သို့မဟုတ် ပြီးဆုံးမသွားပေ။ မည်သည့်အရာ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍မရ သို့မဟုတ် ထိခိုက်၍မရသကဲ့သို့ မည်သည့်အရာ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍ သို့မဟုတ် လျှော့ချ၍မရပေ။ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍ မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာမျှ ရယူနိုင်သည့် အရာ မဟုတ်ပေ။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူနှင့် ကောင်းကင်တမန်တို့ကို ဥပမာအနေနှင့် ကြည့်ကြည့်ပါ။ သူတို့သည် ဘုရားသခင်၏ တန်ခိုးကို မပိုင်ဆိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ပိုင်ဆိုင်ရန်ဆိုသည်မှာ သာ၍ပင်ဝေးသေးသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူတို့မပိုင်ဆိုင်ရသည့် အကြောင်းရင်းမှာ သူတို့သည် ဖန်ဆင်းရှင်၏ အနှစ်သာရကို မပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူနှင့် ကောင်းကင်တမန်တို့ကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့်သူများသည် ဘုရားသခင်၏ကိုယ်စား အချို့အရာများကို လုပ်နိုင်သော်လည်း ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ သူတို့သည် လူသားများမပိုင်ဆိုင်သည့် တန်ခိုးအချို့ ပိုင်ဆိုင်သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်ပေ။ အရာအားလုံးကိုဖန်ဆင်းရန်၊ အရာအားလုံးကို အမိန့်ပေးရန်၊ အရာအားလုံးအပေါ်တွင် အချုပ်အခြာ အာဏာရှိရန်အတွက် ဘုရားသခင်၏ သြဇာအာဏာကို သူတို့ မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို မည်သည့် ဖန်ဆင်းခြင်း မခံရသည့်သူမှ အစားထိုး၍မရနိုင်ပေ။ အလားတူပင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည်လည်း မည်သည့် ဖန်ဆင်းခြင်းမခံရသည့်သူမှ အစားထိုး၍မရနိုင်ပေ။ သမ္မာကျမ်းစာထဲတွင် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူအကြောင်းကို ဖတ်ဖူး သလော။ ဘုရားသခင်က သူ၏ သတင်းစကားပို့ဆောင်သူ သို့မဟုတ် ကောင်းကင်တမန်တို့ကို အဘယ်ကြောင့် အရာအားလုံးကို ဖန်ဆင်းရန် မစေလွှတ်ခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ သြဇာအာဏာကို အသုံးချရန် အစွမ်း သူတို့တွင် မရှိကြပေ။ အခြားသတ္တဝါများ အားလုံးကဲ့သို့ပင်၊ သူတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိပြီး အလားတူပင် ဖန်ဆင်းရှင်က သူတို့၏ဘုရားသခင်ဖြစ်သည်။ သူတို့၏ အချုပ်အခြာ အာဏာရှင်လည်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် သူတို့သည် မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ တန်ခိုးကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်နိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူတို့ထဲတွင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားထိုးနိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ သူတို့ကို ဘုရားသခင်ဟု မည်သည့်အခါမျှ ခေါ်မည်မဟုတ်၊ ဖန်ဆင်းရှင် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် သမ္မာတရားများနှင့် အမှန်တရားများ ဖြစ်သည်။

အထက်က မိတ်သဟာယပြုလုပ်မှုမှတစ်ဆင့် အတုမရှိသည့် သြဇာအာဏာနှင့် အတုမရှိသည့် တန်ခိုးကိုပိုင်ဆိုင်သည့်၊ အရာအားလုံး၏ ဖန်ဆင်းရှင်နှင့် အုပ်စိုးရှင်သာလျှင် အတုမရှိသည့်ဘုရားသခင်ဟု ခေါ်နိုင်သည်ဟူသည့်အချက်ကို အခိုင်အမာပြောဆိုနိုင်သလော။ ဤနေရာတွင် ဤကဲ့သို့သော မေးခွန်းက အလွန်မြင့်လွန်းသည်ဟု သင်တို့ထင်ကောင်း ထင်နိုင်သည်။ အခုအချိန်တွင် ဤသည်ကို နားလည်ရန် သင်တို့မတတ်နိုင်ပေ။ အတွင်းတွင်ရှိသည့် အနှစ်သာရကို မသိရှိနိုင်ပေ။ ထို့ကြောင့် လောလောဆယ်တွင် ဖြေရန်ခက်သည်ဟု သင်တို့ ခံစားရလိမ့်မည်။ ဤသို့ဆိုလျှင် မိတ်သဟာယပြုလုပ်မှုကို ငါဆက်သွားမည်။ နောက်တစ်ခုတွင် ဘုရားသခင်တစ်ဆူတည်း ပိုင်ဆိုင်သည့် သြဇာအာဏာနှင့် တန်ခိုး၏ သွင်ပြင်လက္ခဏာများ၏ အမှန်တကယ်လုပ်ဆောင်မှုတို့ကို သင်တို့ကို ရှုမြင်ခွင့်ပြုမည်။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို အမှန်တကယ်နားလည်ရန်၊ တန်ဖိုးထားရန်နှင့် ဘုရားသခင်၏ အတုမရှိခြင်းသိရန်နှင့် ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာဆိုသည်မှာ အဘယ်အရာကို ဆိုလိုကြောင်းကိုသိရှိရန် သင်တို့ကို အခွင့်ပေးမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

Share