ယောဘအကြောင်း (အပိုင်း ၂)
ယောဘ၏ ဆင်ခြင်တုံတရား
ယောဘ၏ တကယ့် အတွေ့အကြုံများနှင့် သူ၏ ဖြောင့်မတ်ပြီး ရိုးသားသော လူ့သဘာဝမှာ သူသည် သူ၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို ဆုံးရှုံးခဲ့ချိန်တွင်၊ ယုတ္တိအတန်ဆုံးသော အကဲဖြတ်မှုနှင့် ရွေးချယ်မှုများကို ပြုခဲ့သည်ဟု ဆိုလိုပေသည်။ ထိုသို့သော ဆင်ခြင်တုံတရားရှိသည့် ရွေးချယ်မှုများကို သူ၏ တစ်နေ့ချင်း အသက်တာအချိန်အတောအတွင်း သူသိရှိလာခဲ့ပြီးသော သူ၏ နေ့စဉ် လိုက်စားမှုများနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေ။ ယောဘ၏ ရိုးသားခြင်းသည် သူ့အား ယေဟောဝါဘုရားသခင်၏ လက်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသည်ကို ယုံကြည်နိုင်စေခဲ့သည်။ သူ၏ယုံကြည်မှုသည် အရာခပ်သိမ်းအပေါ်၌ ယေဟောဝါ၏ အချုပ်အခြာ အာဏာနှင့် သက်ဆိုင်သည့် အမှန်တရားကို သူ့အား သိခွင့်ပေးခဲ့သည်။ သူ၏ အသိပညာသည် ယေဟောဝါ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံရန် လိုလားနေစေခဲ့ပြီး နာခံနိုင်စေခဲ့သည်။ သူ၏ နာခံခြင်းသည် သူ့အား ယေဟောဝါ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း၌ ပို၍ ပို၍ စစ်မှန်စေခဲ့သည်။ သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ မကောင်းမှု ရှောင်ကြဉ်ခြင်း၌ ပို၍ ပို၍ စစ်မှန်စေခဲ့သည်။ နောက်ဆုံးတွင် ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သောကြောင့် စုံလင်လာခဲ့သည်။ သူ၏ စုံလင်ခြင်းသည် သူ့အား ဉာဏ်ပညာရှိစေခဲ့ပြီး အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပေးခဲ့သည်။
“ဆင်ခြင်တုံတရားရှိသော” ဟူသည့် ဤစကားလုံးကို ငါတို့ အဘယ်သို့ နားလည်သင့်သနည်း။ တိုက်ရိုက် အဓိပ္ပာယ်ကောက်ခြင်းတစ်ခုမှာ ကောင်းသောအသိ ရှိခြင်း၊ မိမိ၏ အတွေးတွင် ကျိုးကြောင်းဆီလျော်ခြင်းနှင့် စဉ်းစားချင့်ချိန်တတ်ခြင်း၊ အခြေအမြစ် ရှိသော စကားများ၊ လုပ်ရပ်များနှင့် အကဲဖြတ်မှုတို့ရှိခြင်း၊ ပြီးလျှင် အခြေအမြစ်ရှိပြီး ပုံမှန် ကိုယ်ကျင့်တရား စံနှုန်းများကို ပိုင်ဆိုင်ခြင်းအား ဆိုလိုပေသည်။ သို့သော် ယောဘ၏ ဆင်ခြင်တုံတရားကို အလွန်လွယ်ကူစွာ ရှင်းပြထားခြင်း မရှိပေ။ ဤနေရာ၌ ယောဘသည် အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသောအခါ၊ ဤအရာကို သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ရှေ့၌ သူ၏ အပြုအမူတို့နှင့်ပတ်သက်၍ ပြောဆိုထားခြင်း ဖြစ်သည်။ ယောဘသည် ရိုးသားခဲ့သောကြောင့်၊ သူသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ပြီး နာခံနိုင်ခဲ့သည်၊ ယင်းက အခြားသူများ မရနိုင်သော အသိပညာ တစ်ခုကို သူ့အား ပေးခဲ့ပြီး ဤအသိပညာသည် သူ့အပေါ် ကျရောက်ခဲ့သည့်အရာကို ပို၍ တိကျမှန်ကန်စွာ သိမြင်နိုင်စေသည်၊ အကဲဖြတ်နိုင်စေပြီး အနက်ဖွင့် နိုင်စေခဲ့သည်၊ ယင်းက မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်နှင့် မည်သည့်အရာကို ဆက်လက် ယုံကြည်ရမည် ဆိုသည်တို့ကို သာ၍ မှန်ကန်တိကျစွာနှင့် အမြော်အမြင်ကြီးစွာ သူ့အား ရွေးချယ်နိုင် စေခဲ့သည်။ ဆိုလိုသည်မှာ သူ၏ စကားများ၊ အပြုအမူ၊ သူ၏ လုပ်ရပ်များ နောက်ကွယ်မှ အခြေခံသဘောတရားများနှင့် သူ ပြုမူခဲ့သည့် ကျင့်ဝတ်တို့မှာ ပုံမှန် ဖြစ်ခဲ့သည်၊ ရှင်းလင်းပြီး တိကျခဲ့ကာ၊ ကျိုးကြောင်းမမြင်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်း သို့မဟုတ် စိတ်ခံစားမှုနှင့် မဆိုင်ခဲ့ပေ။ သူ့အပေါ် ကျရောက်ခဲ့သည့် မည်သည့်အရာကိုမဆို မည်သို့ သဘောထားရမည်ကို သူသိခဲ့သည်၊ ခက်ခဲရှုပ်ထွေးသော ဖြစ်ရပ်များအကြားမှ ဆက်ဆံရေးများကို မည်ကဲ့သို့ ဟန်ချက်ညီစေပြီး ကိုင်တွယ်ရမည်ကို သူသိခဲ့သည်၊ မြဲမြံစွာ ထိန်းသိမ်းထားသင့်သော လမ်းခရီးကို မည်ကဲ့သို့ မြဲမြံစွာ ထိန်းသိမ်းထားရမည်ကို သူသိခဲ့သည်၊ ထို့အပြင် သူသည် ယေဟောဝါဘုရားသခင်၏ ပေးခြင်းနှင့် ယူဆောင်သွားခြင်းအပေါ် မည်သို့ သဘောထားရမည်ကို သိခဲ့သည်။ ဤသည်မှာ ယောဘ၏ တကယ့် ဆင်ခြင်တုံတရား ဖြစ်ခဲ့သည်။ ယောဘသည် သူ၏ပိုင်ဆိုင်မှုများနှင့် သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့ ရသည့်အခါ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု သူဆိုခဲ့သည်မှာ ထိုသို့သော ဆင်ခြင်တုံတရားဖြင့် အသင့်ပြင်ဆင်ခဲ့ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။
ယောဘသည် ကိုယ်ခန္ဓာ၏ အလွန်ကြီးစွာသော နာကျင်မှုနှင့် သူ၏ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများ၏ ကန့်ကွက်မှုများကို ရင်ဆိုင်ခဲ့ရချိန်၊ ပြီးလျှင် သေခြင်းနှင့် ရင်ဆိုင်ခဲ့ရချိန်တွင်၊ သူ၏ တကယ့်အပြုအမူသည် လူတိုင်းထံ သူ၏ စစ်မှန်သော သဘောသဘာဝကို နောက်ထပ်တစ်ကြိမ် ပြသခဲ့သည်။
ယောဘ၏ စစ်မှန်သော သဘောသဘာဝ- မှန်ကန်၊ ဖြူစင်ပြီး လိမ်ညာမှု ကင်းခြင်း
ယောဘ ၂:၇-၈ ကို ဖတ်ကြပါစို့- “သို့ဖြင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားပြီးလျှင် ယောဘကို ခြေဖဝါးမှ ဦးခေါင်းထိပ်ထိတိုင် အနာဆိုးပေါက်စေပြီး လုပ်ကြံလေ သည်၊ သူသည် ကိုယ်ကို ခြစ်ဖို့ အိုးခြမ်းကို ယူပြီးလျှင် မီးဖိုပြာထဲတွင် ထိုင်လေ၏။” ဤသည်မှာ ယောဘ၏ ကိုယ်ခန္ဓာပေါ်၌ ဆိုးသောအနာစိမ်းများ ပေါက်ခဲ့ချိန်တွင် သူ၏အပြုအမူနှင့် သက်ဆိုင်သည့် ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဤအကြိမ်တွင်၊ ယောဘသည် နာကျင်မှုဝေဒနာကို သည်းခံသည်နှင့်အမျှ ပြာထဲ၌ ထိုင်ခဲ့ရသည်။ မည်သူမျှ သူ့အား မကုသပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာ သက်သာစေရန် သူ့အား မည်သူမျှ မကူညီခဲ့ပေ။ ယင်းအစား သူသည် ဆိုးသောအနာစိမ်းများ၏ အပေါ်ယံလွှာကို ခြစ်ရန် အိုးခြမ်းပဲ့ တစ်ခုကို အသုံးပြုခဲ့သည်။ အပေါ်ယံအားဖြင့် ယောဘသည် ဤအကြိမ်တွင် သူ၏ စိတ်နေစိတ်ထားနှင့် အမြင်များကို ဖော်ပြရန် မည်သည့်စကားမျှ မပြောခဲ့သည့်အတွက်၊ ဤသည်မှာ ယောဘ၏ အကြီးအကျယ် ဒုက္ခရောက်ခြင်းထဲက အဆင့်တစ်ခုမျှသာ ဖြစ်ခဲ့ပြီး သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဆက်နွှယ်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ယောဘ၏ လုပ်ရပ်များနှင့် သူ၏ အပြုအမူတို့သည် သူ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် စစ်မှန်သည့် ဖော်ပြချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ယခင် အခန်းကြီး၏ မှတ်တမ်းတွင်၊ ယောဘသည် အရှေ့အရပ်မှ လူသားများ အားလုံးထဲတွင် အကြီးမြတ်ဆုံး ဖြစ်ခဲ့ကြောင်းကို ငါတို့ ဖတ်ခဲ့ကြရသည်။ ထိုအတောအတွင်းတွင် ဒုတိယ အခန်းကြီးမှ ဤစာပိုဒ်က အရှေ့အရပ်၏ ဤကြီးမြတ်သော လူသည် ပြာများအလယ် ထိုင်နေစဉ် သူ့ကိုယ်သူ ခြစ်ရန် အိုးခြမ်းပဲ့တစ်ခုကို အမှန်တကယ် ယူခဲ့သည်ကို ငါတို့အား ပြသသည်။ ဤဖော်ပြချက် နှစ်ခုအကြားတွင် သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိသည်မဟုတ်လော။ ယင်းမှာ ငါတို့အား ယောဘ၏ စစ်မှန်သော ဇာတိကိုပြသည့် ခြားနားချက် တစ်ခု ဖြစ်သည်- သူ၏ ဂုဏ်သတင်းကြီးသော အဆင့်အတန်းနှင့် ဂုဏ်များရှိသော်လည်း၊ သူသည် ဤအရာများကို မည်သည့်အခါမျှ မချစ်ခဲ့ဖူးသကဲ့သို့ မည်သည့်အာရုံမျှလည်း မစိုက်ခဲ့ဖူးပေ။ သူ၏အဆင့်အတန်းကို အခြားသူများ မည်ကဲ့သို့ ရှုမြင်ခဲ့သည်ကို သူဂရုမစိုက်ခဲ့သကဲ့သို့၊ သူ၏ လုပ်ရပ်များ သို့မဟုတ် အပြုအမူတို့သည် သူ၏အဆင့်အတန်းအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု တစ်ခုတစ်လေရှိမည်၊ မရှိမည်ကို သူပူပန်ခဲ့ခြင်းလည်း မရှိပေ။ သူသည် ဂုဏ်နှင့် သက်ဆိုင်သည့် ကောင်းချီးမင်္ဂလာများထဲတွင် သူမွေ့လျော်ခဲ့ခြင်း မရှိသကဲ့သို့၊ ဂုဏ်နှင့် အဆင့်အတန်းတို့နှင် အတူ ပါရှိလာသည့် ထင်ပေါ်ကျော်ကြားမှုတွင်လည်း မပျော်မွေ့ခဲ့ပေ။ သူသည် ယေဟောဝါဘုရားသခင်၏ အမြင်တွင် သူ၏ ရှင်သန်ခြင်း တန်ဖိုးနှင့် အရေးပါမှုကိုသာ ဂရုစိုက်ခဲ့သည်။ ယောဘ၏ စစ်မှန်သော ဇာတိမှာ သူ၏ တကယ့် အနှစ်သာရ ဖြစ်ခဲ့သည်- သူသည် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို မချစ်ခဲ့သကဲ့သို့၊ ကျော်ကြားမှုနှင့် အခွင့်အလမ်း အတွက် အသက်မရှင်ခဲ့ပေ။ သူသည် မှန်ကန်ပြီး ဖြူစင်ကာ လိမ်ညာမှု ကင်းခဲ့သည်။
ချစ်ခြင်းနှင့် မုန်းခြင်းအပေါ် ယောဘ၏ ခွဲခြားမှု
ယောဘ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အခြားဖက်ခြမ်းကို သူနှင့် သူ၏ဇနီးအကြား ဤအပြန်အလှန်ပြောဆိုမှုတွင် ပြထားပေသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘ ၂:၉-၁၀) ယောဘ ခံစားနေရသော ညှဉ်းဆဲမှုကို မြင်တွေ့ရလျက်၊ သူ၏ဇနီးက ယောဘအား သူ၏ ညှဉ်းဆဲမှုထဲမှ လွတ်မြောက်ရန် ကူညီဖို့ အကြံဉာဏ်ပေးရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း သူမ၏ “စေတနာများ” မှာ ယောဘ၏ လက်ခံခြင်းကို မရခဲ့ပေ။ ယင်းအစား သူမသည် ယေဟောဝါဘုရားသခင်ကို သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့အား ငြင်းပယ်ခဲ့ပြီး၊ ယေဟောဝါဘုရားသခင်၏ တည်ရှိခြင်းကိုလည်း ငြင်းပယ်ခဲ့သည့်အတွက်၊ ထိုအကြံပြုချက်များက သူ၏ဒေါသကို နှိုးဆွခဲ့လေသည်။ သူသည် အခြားသူများကို ထည့်မတွက်နှင့်ဦးတော့၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာ တစ်ခုတစ်လေ သို့မဟုတ် ထိခိုက်နာကျင်စေသော အရာ တစ်ခုတစ်လေကို ပြုရန် သူ့ကိုယ်သူ မည်သည့်အခါမျှ အခွင့်မပေးခဲ့သည့်အတွက်၊ ဤသည်မှာ ယောဘအဖို့ သည်းမခံနိုင်စရာ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ပြစ်မှားပြီး စော်ကားသည့် စကားများကို ပြောဆိုသော အခြားသူများကို သူမြင်သည့်အခါ၊ သူသည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်ခဲ့မည်နည်း။ ထို့ကြောင့် သူ၏ဇနီးအား “မိန်းမမိုက်” တစ်ဦးဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ သူ၏ဇနီးအပေါ် ယောဘ၏ သဘောထားမှာ ဒေါသနှင့် အမုန်းပါသည့်အပြင် အပြစ်တင်ပြီး အပြစ်ဖော်ဆုံးမသည့် သဘောထားတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ ယောဘ၏ သဘာထားနှင့်သက်ဆိုင်သည့် အလိုအလျောက် ဖြစ်သော ဖော်ပြချက်- ချစ်ခြင်းနှင့် မုန်းခြင်းအကြား ပိုင်းခြားမှု- ဖြစ်ပြီး သူ၏ ဖြောင့်မတ်သော လူ့သဘာဝ၏ စစ်မှန်သည့် ကိုယ်စားပြုချက်တစ်ခု ဖြစ်ခဲ့သည်။ ယောဘသည် တရားမျှတသော အသိစိတ်တစ်ခု- ဆိုးယုတ်မှု လေများနှင့် လှိုင်းများကို မုန်းတီးပြီး၊ ဖြစ်နိုင်အခြေမရှိသော မိစ္ဆာဒိဌိအယူ၊ အဓိပ္ပာယ်မရှိသော အငြင်းပွားမှုများနှင့် သဘာဝမကျသည့် အဆိုများကို စက်ဆုပ်ရွံရှာစေသည့်၊ ပြစ်တင်ရှုတ်ချစေပြီး ငြင်းပယ်စေကာ သူသည် လူစုလူဝေးများ၏ ငြင်းပယ်ခံခဲ့ရပြီး သူနှင့် ရင်းနှီးခဲ့သော သူများ၏ စွန့်ခွာခြင်းကို ခံခဲ့ရချိန်၊ မိမိကိုယ်ကိုယ်၊ မှန်ကန်သော အခြေခံသဘောတရားများနှင့် ရပ်တည်ချက်တို့ကို သူ့အား ဆုပ်ကိုင်စေခဲ့သည်။
ယောဘ၏ ကြင်နာမှုနှင့် ရိုးသားစစ်မှန်မှု
ယောဘ၏ အပြုအမူမှ၊ သူ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော ရှုထောင့်များ၏ ဖော်ပြချက်ကို ငါတို့ မြင်နိုင်သည့်အတွက်၊ သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲဖို့ သူ၏နှုတ်ကိုဖွင့်ချိန်တွင် ယောဘ၏ မည်သည့် လူ့သဘာဝကို ငါတို့မြင်ကြရသနည်း။ ဤသည်မှာ ငါတို့အောက်တွင် ဝေငှပြောဆိုမည့် အကြောင်းအရာ ဖြစ်သည်။
အထက်တွင် ယောဘသည် သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲရခြင်း၏ အကြောင်းရင်းများကို ငါပြောခဲ့ပြီးဖြစ်သည်။ ဤအရာတွင် သင်တို့မည်သည့်အရာကို မြင်ရသနည်း။ အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး ချစ်ခြင်းမေတ္တာ မရှိခဲ့ပါက၊ အကယ်၍ သူသည် အေးစက်ပြီး ခံစားချက်မဲ့ကာ လူ့သဘာဝ ကင်းမဲ့ခဲ့ပါက၊ သူသည် ဘုရားသခင်၏ စိတ်နှလုံးအလိုဆန္ဒကို ဂရုစိုက်နိုင်ခဲ့မည်လော။ သူသည် ဘုရားသခင်၏ စိတ်နှလုံးကို ဂရုစိုက်သောကြောင့် သူ၏မွေးဖွားရာနေ့ရက်ကို သူစက်ဆုပ်ရွံရှာနိုင်ဦး မည်လော။ တစ်နည်းအားဖြင့် အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး လူ့သဘာဝ ကင်းမဲ့ခဲ့ပါက၊ သူသည် ဘုရားသခင်၏ နာကျင်မှုအားဖြင့် စိတ်သောကရောက်နိုင်ဦးမည်လော။ ဘုရားသခင်သည် သူ့အားဖြင့် စိတ်ထိခိုက်ခဲ့သောကြောင့်၊ သူသည် သူ၏မွေးဖွားရာ နေ့ရက်ကို ကျိန်ဆဲနိုင်ဦးမည်လော။ အဖြေမှာ လုံးဝမဟုတ်ပေ။ ယောဘသည် ကြင်နာစိတ်ရှိခဲ့သောကြောင့်၊ ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သည်။ ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သောကြောင့်၊ ဘုရားသခင်၏ နာကျင်မှုကို ယောဘက သတိပြုမိခဲ့သည်။ သူသည် ကြင်နာစိတ်ရှိသောကြောင့်၊ ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခြင်း၏ အကျိုးဆက် တစ်ခုအနေဖြင့် သာ၍ကြီးသော ညှဉ်းဆဲမှုကို သူခံစားခဲ့ရသည်။ ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခဲ့သောကြောင့်၊ သူ၏မွေးဖွားရာ နေ့ရက်ကို စတင်ကာ သူစက်ဆုပ်ရွံရှာပြီး၊ ထို့ကြောင့် သူ၏ မွေးဖွားရာ နေ့ရက်ကို ကျိန်ဆဲခဲ့ခြင်းဖြစ်သည်။ အပြင်လူများအဖို့၊ ယောဘ၏ စမ်းသပ်မှုများအတောအတွင်း သူ၏အပြုအမူတစ်ခုလုံးမှာ စံထားထိုက်ပေသည်။ သူ၏မွေးဖွားရာနေ့ရက်ကို သူ၏ ကျိန်ဆဲခြင်းသည်သာ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေသည် သို့မဟုတ် မတူညီသော အကဲဖြတ်ချက် တစ်ခုကို ပေးပေသည်။ အမှန်တွင် ဤသည်မှာ ယောဘ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အနှစ်သာရ၏ အစစ်မှန်ဆုံးသော ဖော်ပြချက် ဖြစ်ခဲ့သည်။ သူ၏ လူ့သဘာဝနှင့် သက်ဆိုင်သည့် အနှစ်သာရမှာ ဖုံးကွယ်မထားပေ၊ သို့မဟုတ် ပြရုပ်မတင်ထားပေ၊ သို့မဟုတ် အခြားသူ တစ်စုံတစ်ဦးက စိစစ်ပြင်ဆင် မထားခဲ့ပေ။ သူ၏ မွေးဖွားရာနေ့ရက်ကို သူကျိန်ဆဲခဲ့ချိန်တွင်၊ သူသည် သူ၏နက်ရှိုင်းသော အတွင်းစိတ်နှလုံးရှိ ကြင်နာမှုနှင့် ရိုးသားစစ်မှန်မှုတို့ကို ထင်ရှားစွာပြခဲ့သည်။ သူသည် အောက်ခြေကိုပင် မြင်ရသည့် အလွန်ကြည်လင်ကာ ရှင်းသန့်သော ရေများရှိသည့် ရေကြည်စမ်း တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။
ယောဘနှင့်ပတ်သက်၍ ဤအရာအားလုံးကို လေ့လာရခြင်းဖြင့်၊ လူအများစုသည် ယောဘ၏ လူ့သဘာဝ အနှစ်သာရနှင့် သက်ဆိုင်သည့် အတန်အသင့် တိကျမှန်ကန်ပြီး မျှတသော အကဲဖြတ်ချက်တစ်ခု ဧကန်မုချ ရှိကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ပြောခဲ့သည့်အတိုင်း ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် နက်နဲကာ၊ လက်တွေ့ကျပြီး သာ၍ အဆင့်မြင့်သော နားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းတစ်ခုလည်း ရှိသင့်ကြပေသည်။ ဤနားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်း လမ်းခရီးပေါ် စတင်ရန် လူတို့အား အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ