၁၃။ ယေရှုသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် မုန့်ကိုစားကာ ကျမ်းစာကို ရှင်းပြ၏။
ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၀-၃၂ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူ သောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။
၁၄။ တပည့်တော်တို့သည် ယေရှုစားဖို့ ငါးကင်ကိုပေး၏။
ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၆-၄၃ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ သင်တို့နှလုံးသားထဲ၌ အဘယ်ကြောင့် အတွေးများ ယောက်ယက်ခတ်နေသနည်း။ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။
ဆက်လက်၍၊ အထက်က ကျမ်းစာ၏ ကျမ်းပိုဒ်များကို ငါတို့ တစ်ချက်ကြည့်ကြမည်။ ပထမကျမ်းပိုဒ်သည် သခင်ယေရှုက သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် မုန့်ကို စားသုံးပြီး ကျမ်းစာရှင်းပြခြင်းဖြစ်ကာ၊ ဒုတိယကျမ်းပိုဒ်မှာ သခင်ယေရှုက ငါးကင်စားနေခြင်းကို ပြန်ပြောပြခြင်းဖြစ်သည်။ ဤကျမ်းပိုဒ် နှစ်ပိုဒ်က ဘုရားသခင်၏ စိတ်သဘောထားကို သိရန် သင့်ကို မည်သို့ အကူအညီပေးသနည်း။ သခင်ယေရှုက မုန့်စားပြီးနောက် ငါးကင်ကိုစားခြင်းနှင့်ဆိုင်သည့် ဤအသေးစိတ် အချက်အလက်တို့မှ သင်တို့ ရရှိသည့် ပုံလွှာမျိုးကို သင်တို့ စိတ်ကူးကြည့်နိုင်သလော။ သခင်ယေရှုသည် မုန့်ကို စားလျက်၊ သင်တို့ရှေ့ ရပ်နေခဲ့ပါက၊ သင်တို့ မည်သို့ ခံစားရမည်ကို စိတ်ကူးကြည့်နိုင်သလော။ သို့မဟုတ် သူသည် သင်တို့နှင့်အတူ စားပွဲတစ်ခုတည်းတွင် စားနေခဲ့ပါက၊ လူတို့နှင့်အတူ ငါးနှင့်ပေါင်မုန့်ကိုစားနေခဲ့ပါက၊ ထိုအခိုက်အတန့်တွင် သင်တို့သည် မည်ကဲ့သို့ခံစားမှုမျိုး ရှိကြမည်ကို သင်တို့ စိတ်ကူးကြည့်နိုင်သလော။ သင်က သခင်နှင့် အလွန်နီးစပ်သည်၊ သူသည် သင်နှင့် အလွန်ရင်းနှီးသည်ဟု သင် ခံစားရမည်ဆိုပါက၊ ဤခံစားချက်သည် မှန်ကန်၏။ ဤသည်မှာ သခင်ယေရှုက သူ၏ရှင်ပြန်ထမြောက်ပြီးနောက်တွင် စုရုံးသော လူတို့ရှေ့၌ ပေါင်မုန့်နှင့် ငါးကို စားခြင်းအားဖြင့် သူ ဆောင်ကြဉ်းလိုသော ရလဒ်အတိအကျ ဖြစ်သည်။ သူ၏ ရှင်ပြန်ထမြောက် ပြီးနောက်တွင် သခင်ယေရှုသည် လူတို့နှင့် စကားသာ ပြောခဲ့ဖူးသည်ဆိုပါက၊ ၎င်းတို့သည် သူ၏ အသွေးအသားနှင့် အရိုးတို့ကို မခံစားရဘဲ၊ ယင်းအစား သူ့အား လက်လှမ်းမမီနိုင်သော ဝိညာဉ်တစ်ခုအဖြစ် ခံစားရပါက၊ ၎င်းတို့ မည်ကဲ့သို့ ခံစားရမည်နည်း။ ၎င်းတို့ စိတ်ပျက်သွားမည် မဟုတ်လော။ စိတ်ပျက်ခြင်းခံစားရလျက်၊ စွန့်ပစ်ခံရသည်ဟု လူတို့ ခံစားရမည် မဟုတ်လော။ မိမိတို့ကိုယ်တိုင်နှင့် သခင်ယေရှုခရစ်တော်ကြားတွင် ဝေးကွာမှုတစ်ခုရှိသည်ဟု ၎င်းတို့ ခံစားရမည် မဟုတ်လော။ ဤအကွာအဝေးက ဘုရားသခင်နှင့် လူတို့၏ ဆက်ဆံရေးအပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှုမျိုးကို ဖန်တီးမည်နည်း။ လူတို့သည် သေချာပေါက် ကြောက်ရွံ့ကြလိမ့်မည်၊ ၎င်းတို့သည် သူ့အနီးသို့ လာဝံ့ကြမည် မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် ဘုရားသခင်ကို သင့်တင့်လျောက်ပတ်သော အကွာအဝေးတစ်ခုတွင် ထိန်းသိမ်းထားမည့် သဘောထားတစ်ခု ရှိခဲ့ကြမည် ဖြစ်သည်။ ထိုအချိန်မှစ၍ သခင်ယေရှု ခရစ်တော်နှင့် ၎င်းတို့၏ ရင်းနှီးသော ဆက်ဆံရေးကို ဖြတ်တောက်ပြီး ဖြစ်မည်ဖြစ်ကာ ကျေးဇူးတော်ခေတ် မတိုင်မီကဲ့သို့ လူသားမျိုးနွယ်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကြား ဆက်ဆံရေးတစ်ခုဆီသို့ ပြန်သွားမိကြပေမည်။ လူတို့ ထိတွေ့၍မရ သို့မဟုတ် ခံစား၍မရသော ဝိညာဉ်ခန္ဓာသည် ဘုရားသခင်နှင့် ၎င်းတို့၏ ရင်းနှီးမှုအား အမြစ်ဖြတ်ခြင်းကို ဖြစ်ပေါ်စေပြီးဖြစ်ပေမည်၊ ပြီးလျှင် သူနှင့်လူသားတို့ကြား အကွာဝေးမရှိခဲ့သော၊ သခင်ယေရှု ခရစ်တော် လူ့ဇာတိ၌ရှိခဲ့ချိန် အတောအတွင်း တည်ထောင်ခဲ့သည့် ထိုရင်းနှီးသော ဆက်ဆံရေးကိုလည်း တည်ရှိမှု ရပ်တန့်သွားစေပြီးဖြစ်ပေမည်။ ဝိညာဉ်ခန္ဓာအားဖြင့် လူတို့၌ လှုံ့ဆော်ခံရသည့် တစ်ခုတည်းသောအရာများမှာ ကြောက်ရွံ့ခြင်း၊ ရှောင်ကြဉ်ခြင်းနှင့် ထုတ်ဖော်မပြောသော ငေးစိုက်ကြည့်ခြင်း တစ်ခုနှင့်ဆိုင်သည့် ခံစားချက်များ ဖြစ်ခဲ့သည်။ ၎င်းတို့သည် သူ့နောက်ကိုလိုက်ရန်၊ ယုံကြည်ရန်၊ သို့မဟုတ် ကြည်ညိုဖို့ မဆိုထားနှင့်၊ သူ့အနားပင်မကပ်ရဲပေ၊ သို့မဟုတ် သူနှင့် စကားအချီအချပင် မပြောဝံ့ပေ။ ဘုရားသခင်သည် သူ့အတွက် လူသားတို့ရှိသော ဤခံစားချက်မျိုးကို မြင်ရန် ဆန္ဒမရှိပေ။ လူတို့က သူ့ကို ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် သူ့ထံမှ ဖယ်ရှားခြင်းကို သူမမြင်လိုပေ။ သူသည် လူတို့က သူ့ကိုနားလည်ရန်၊ သူ့အနီးသို့လာရန်နှင့် သူ၏မိသားစု ဖြစ်ရန်သာ အလိုရှိ၏။ သင်၏ကိုယ်ပိုင်မိသားစု၊ သင်၏ သားသမီးတို့က သင့်ကိုမြင်သော်လည်း သင့်ကို မမှတ်မိသကဲ့သို့၊ သင့်အနီးကိုမလာဝံ့ဘဲ သင့်ကို အမြဲရှောင်နေပါက၊ ၎င်းတို့အတွက် သင်လုပ်ဆောင်ခဲ့သော အရာတိုင်းအတွက် ၎င်းတို့၏ နားလည်မှုကို သင်မရရှိနိုင်ပါက၊ ယင်းက သင့်ကို မည်သို့ခံစားစေမည်နည်း။ ယင်းသည် နာကျင်စရာ ဖြစ်မည် မဟုတ်သလော။ သင် နှလုံးကြေကွဲရမည် မဟုတ်သလော။ ဤသည်မှာ လူတို့က သူ့ကို ရှောင်ဖယ်သောအခါ၌ သူခံစားရသောအရာ အတိအကျ ဖြစ်သည်။ ထို့ကြောင့် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင်၊ သခင်ယေရှုသည် သူ၏ လူ့ဇာတိပုံသဏ္ဌာန်ဖြင့် လူတို့ရှေ့၌ ပေါ်ထွန်းလာဆဲဖြစ်ပြီး ၎င်းတို့နှင့်အတူ စားသောက်ဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကို မိသားစုအဖြစ် မြင်သကဲ့သို့၊ လူသားမျိုးနွယ်ကိုလည်း သူ့အား ၎င်းတို့ကို အချစ်မြတ်နိုးဆုံးသော သူတစ်ဦးအဖြစ် မြင်စေလိုသည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် လူတို့ကို အမှန်တကယ် ရရှိနိုင်ပြီး၊ ဤနည်းဖြင့်သာ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ကာ ကိုးကွယ်နိုင်ပေသည်။ ယေရှုက သူ၏ရှင်ပြန်ထမြောက်ခြင်းနောက်တွင် မုန့်ကို စားပြီး ကျမ်းစာကိုရှင်းပြကာ တပည့်တော်တို့က သူစားရန် ငါးကင်ပေးခဲ့သည့် ကျမ်းနှစ်ပိုဒ်ကို ကောက်နုတ်ဖော်ပြရသည့် ငါ၏ရည်ရွယ်ချက်ကို သင်တို့ ယခု နားလည်နိုင်သလော။
သခင်ယေရှုသည် သူ၏ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သူပြောဆိုကာ လုပ်ဆောင်ခဲ့သည့်အရာ တသီတတန်းတို့တွင် အလွန်အလေးအနက်ထားသည့် အတွေး ထားရှိခဲ့သည်ဟု ဆိုနိုင်သည်။ ဤအရာများသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် ကိုင်စွဲထားခဲ့သည့် ကြင်နာခြင်းနှင့် ချစ်ခင်ခြင်းတို့ဖြင့် ပြည့်ခဲ့သကဲ့သို့၊ လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏အချိန်အတောအတွင်း လူသားမျိုးနွယ်နှင့် သူတည်ထောင် ခဲ့ဖူးသည့် ရင်းနှီးသော ဆက်ဆံရေးအတွက် သူထားရှိခဲ့သော ချစ်ခင်မြတ်နိုးမှုနှင့် တိကျစေ့စပ်သော စောင့်ရှောက်မှုတို့နှင့်လည်း ပြည့်ခဲ့ပေသည်။ ထို့အပြင် ၎င်းတို့သည် လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏အချိန် အတောအတွင်းတွင် သူ၏နောက်လိုက်တို့နှင့်အတူ စားသောက်ခြင်းနှင့် အသက်ရှင်ခြင်းနှင့်ဆိုင်သည့် သူ၏ အသက်တာအတွက် သူခံစားခဲ့ရသော တသလွမ်းဆွတ်ခြင်းနှင့် တောင့်တမှုတို့နှင့် ပြည့်ခဲ့ပေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားနှင့် ဘုရားသခင်အကြား ဝေးကွာခြင်းကို လူတို့အား မခံစားစေလိုခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား မိမိတို့ကိုယ်ကိုယ် ဘုရားနှင့် ဝေးကွာအောင်ပြုလုပ်ရန်လည်း အလိုမရှိခဲ့ပေ။ ထို့ထက်ပင်ပို၍ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သခင်ယေရှုသည် လူတို့နှင့် အလွန်ရင်းနှီးခဲ့သော သခင် မဟုတ်တော့ကြောင်း၊ သူသည် ဝိညာဉ်လောကကို ပြန်သွားခဲ့ပြီးဖြစ်သောကြောင့်၊ လူတို့ လုံးဝ မမြင်နိုင်၊ သို့မဟုတ် လက်လှမ်းမမီနိုင်သော ခမည်းတော်ဆီသို့ ပြန်သွားခဲ့ပြီး ဖြစ်သောကြောင့် လူသားမျိုးနွယ် နှင့်အတူ မရှိတော့ကြောင်းကို လူသားမျိုးနွယ်အား သူ မခံစားစေလိုခဲ့ပေ။ သူနှင့် လူသားမျိုးနွယ်ကြားတွင် အဆင့်အတန်း၌ ကွာခြားမှု တစ်ခုတစ်လေ ထွက်ပေါ်သည်ကို လူတို့အား မခံစားစေလိုခဲ့ပေ။ သူ့နောက်ကိုလိုက်လိုသော်လည်း၊ သူ့ကို လေးစားသမှုဖြင့် ခပ်တန်းတန်း ဆက်ဆံကြသည့် လူတို့ကို ဘုရားသခင် မြင်သောအခါ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများသည် သူ့ထံမှ အလွန်ဝေးကွာပြီး၊ ၎င်းတို့၏ စိတ်နှလုံးများကို ရရှိဖို့ သူ့အတွက် အလွန်ခက်ခဲမည်ဟု အဓိပ္ပာယ်ရသောကြောင့်၊ သူ့နှလုံးသားသည် နာကျင်ရလေသည်။ ထို့ကြောင့် သူသည် လူတို့ မမြင်နိုင်၊ သို့မဟုတ် ထိတွေ့၍မရနိုင်သော ဝိညာဉ်ခန္ဓာနှင့် သူတို့ရှေ့၌ ပေါ်ထွန်းခဲ့မည်ဆိုပါက၊ ဤအရာက လူသားကို ဘုရားသခင်ထံမှ နောက်တစ်ဖန် ဝေးကွာစေပြီး ဖြစ်မည်ဖြစ်ကာ၊ ယင်းက လူသားမျိုးနွယ်ကို ခရစ်တော်အား သူ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် အလွန်မြင့်မြတ်လာပြီး ဖြစ်သကဲ့သို့၊ လူသားတို့ထက် ကွဲပြားသည့် အမျိုးဖြစ်လာခဲ့ပြီး၊ လူသားတို့သည် အပြစ်ရှိသောကြောင့်၊ ညစ်ညမ်းပြီး ဘုရားသခင်ထံ မည်သည့်အခါတွင်မျှ တိုးဝင်မချဉ်းကပ် နိုင်သောကြောင့်၊ လူသားနှင့်အတူ စားပွဲတစ်ခုထဲ မထိုင်နိုင်တော့သောသူ တစ်ယောက်အဖြစ် မှားယွင်းစွာ မြင်စေပြီး ဖြစ်ပေမည်။ လူသားမျိုးနွယ်၏ ဤအထင်လွဲခြင်းတို့ကို ပပျောက်စေရန်အလို့ငှာ၊ သခင်ယေရှုသည် သမ္မာကျမ်းစာ၌ “မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်” ဟု မှတ်တမ်းတင်ထားသည့်အတိုင်း လူ့ဇာတိ၌ သူ လုပ်ဆောင်လေ့ ရှိခဲ့သည့် အရာများစွာကို လုပ်ဆောင်ခဲ့သည်။ အတိတ်က သူလုပ်လေ့ရှိခဲ့သည့်အတိုင်း၊ ၎င်းတို့ကို ကျမ်းစာကိုလည်း ရှင်းပြခဲ့သည်။ သခင်ယေရှုလုပ်ဆောင်ခဲ့သော ဤအရာ အားလုံးသည် သူ့ကို မြင်ခဲ့သည့် လူတိုင်းကို သခင်သည် ပြောင်းလဲမသွားကြောင်း၊ သူသည် သခင်ယေရှုတစ်ဦးတည်း ဖြစ်နေဆဲဖြစ်ကြောင်းကို ခံစားစေခဲ့သည်။ သူသည် ကားတိုင်၌ သံမှိုရိုက်ခံခဲ့ရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီးဖြစ်သော်လည်း၊ သူသည် ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်ကာ လူသားမျိုးနွယ်ကို ထားမသွားခဲ့ပေ။ သူသည် လူသားများအလယ်တွင်ရှိဖို့ ပြန်လာခဲ့ပြီးဖြစ်ကာ သူနှင့် ပတ်သက်သည့် မည်သည့်အရာမျှ ပြောင်းလဲမသွားခဲ့ပေ။ လူတို့ရှေ့တွင် ရပ်နေသော လူသားသည် တူညီသည့် သခင်ယေရှု ဖြစ်နေဆဲဖြစ်သည်။ သူ၏ ပြောဆိုပြုမူပုံနှင့် သူ၏ လူတို့နှင့် စကားပြောဆိုပုံတို့သည် အလွန်ရင်းနှီးသကဲ့သို့ ခံစားရသည်။ သူသည် ချစ်ခင်ကြင်နာမှု၊ ကျေးဇူးတော်နှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေဆဲဖြစ်သည်- သူသည် အခြားသူများကို ကိုယ်နှင့်အမျှ ချစ်ခဲ့သည့်၊ လူသားမျိုးနွယ်ကို ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်နိုင်ခဲ့သော သခင်ယေရှုသာပင် ဖြစ်နေဆဲ ဖြစ်သည်။ ယခင်က သူ ရှိခဲ့သည့်အတိုင်း၊ သူသည် လူတို့နှင့်အတူ စားသည်၊ ၎င်းတို့နှင့်အတူ ကျမ်းစာ ဆွေးနွေးခဲ့ပြီး၊ သာ၍ပင် အရေးကြီးသည်မှာ ယခင်ကကဲ့သို့ပင် သူသည် အသွေးအသားနှင့်ပြုလုပ်ထားပြီး ထိတွေ့နိုင်သကဲ့သို့ မြင်၍ရနိုင်ပေသည်။ သူဖြစ်ခဲ့သည့်အတိုင်း လူသားသည် ရင်းနှီးမှုကို လူတို့အား ခံစားခွင့်ပေးခဲ့သည်၊ လူတို့ကို စိတ်အေးသက်သာ ခံစားခွင့်ပေးခဲ့ပြီး၊ ပျောက်ဆုံးသွားခဲ့ပြီး ဖြစ်သည့် အရာတစ်ခုကို ပြန်လည်ရရှိခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစားခွင့်ပေးခဲ့သည်။ ကြီးမားသည့် စိတ်အေးချမ်းသာမှုဖြင့်၊ ၎င်းတို့သည် လူသားမျိုးနွယ်အား ၎င်းတို့၏အပြစ်များမှ ခွင့်လွှတ်နိုင်သော ဤလူသားကို ရဲဝံ့စွာနှင့် စိတ်ချယုံကြည်မှုရှိစွာ စတင် ကိုးစားကာ ကြည်ညိုခဲ့ကြသည်။ ၎င်းတို့သည် နှောင့်နှေးခြင်းမရှိဘဲ သခင်ယေရှု၏ အမည်နာမ၌လည်း စတင်ဆုတောင်းခဲ့ကြသည်၊ သူ၏ ကျေးဇူးတော်၊ သူ၏ကောင်းချီးမင်္ဂလာကို ရရှိရန်နှင့် သူထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိရန်၊ သူ့ထံမှ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို ရရှိရန် စတင် ဆုတောင်း ခဲ့ကြပြီး၊ သခင်ယေရှု၏နာမဖြင့် မကျန်းမာသူများကို စတင် အနာရောဂါငြိမ်းစေကာ နတ်ဆိုးတို့ကို နှင်ထုတ် ခဲ့ကြသည်။
သခင်ယေရှုသည် လူ့ဇာတိ၌ အမှုတော်ပြုခဲ့သည့် အချိန် အတောအတွင်းတွင်၊ သူ၏ နောက်လိုက်အများစုသည် သူ၏ ပင်ကိုလက္ခဏာနှင့် သူပြောခဲ့သော အရာတို့ကို မှန်ကန်ကြောင်း အပြည့်အဝ မစစ်ဆေးနိုင်ခဲ့ကြပေ။ သူသည် ကားတိုင်ဆီသို့ ချဉ်းကပ်လာနေခဲ့ချိန်တွင်၊ သူ၏ နောက်လိုက်များ၏ သဘောထားသည် လေ့လာစောင့်ကြည့်သည့် သဘောထား တစ်ခု ဖြစ်သည်။ ထို့နောက် သူသည် ကားတိုင်၌ သံမှိုရိုက်ခံခဲ့ရသည့်အချိန်မှသည် ဂူထဲတွင် ထားရှိခံခဲ့ရသည် အထိ၊ သူ့အပေါ် လူတို့၏ သဘောထားမှာ စိတ်ပျက်ခြင်း ဖြစ်ခဲ့သည်။ ဤအချိန် အတောအတွင်းတွင်၊ လူတို့သည် သခင်ယေရှုက လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏ အချိန်ကာလအတွင်း ပြောဆိုခဲ့သောအရာတို့ကို သံသယဖြစ်နေရာမှ ယင်းတို့ကို ငြင်းပယ်ခြင်းအထိ ၎င်းတို့၏ နှလုံးသားများကို စတင် ရွေ့ပြောင်းနှင့်ခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် ဂူထဲမှ သူ လျှောက်လှမ်းထွက်ခဲ့ပြီး လူများ တစ်ယောက်ပြီးတစ်ယောက်ထံ ပေါ်ထွက်လာခဲ့ချိန်တွင်၊ မိမိတို့၏ ကိုယ်ပိုင်မျက်စိများဖြင့် သူ့ကို မြင်ခဲ့ကြသောသူ အများစု သို့မဟုတ် သူ၏ ရှင်ပြန်ထမြောက်ခြင်း သတင်းကို ကြားခဲ့ကြသောသူ အများစုသည် ၎င်းတို့၏ သဘောထားကို ငြင်းပယ်ခြင်းမှသည် သံသယရှိခြင်းအဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းသွား ခဲ့ကြသည်။ သခင်ယေရှုက သောမအား သူ၏နံဘေး၌ ၎င်း၏လက်ကို ထားရှိစေခဲ့ချိန်နှင့် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် သူသည် ပေါင်မုန့်ကိုဖဲ့ပြီး လူအုပ်ရှေ့၌ စားသောက်ခဲ့ပြီးနောက် ၎င်းတို့ရှေ့၌ ငါးကင်ကို စားခဲ့ချိန်တွင်သာ သခင်ယေရှုသည် လူ့ဇာတိ၌ရှိသည့် ခရစ်တော် ဖြစ်ခဲ့သည်ဆိုသည့်အချက် ၎င်းတို့ အမှန်တကယ် လက်ခံခဲ့ကြခြင်း ဖြစ်သည်။ ဤလူတို့ရှေ့တွင် ရပ်နေခဲ့သည့် အသွေးအသားရှိသည့် ဤဝိညာဉ်ခန္ဓာသည် ၎င်းတို့ အယောက်တိုင်းကို အိပ်မက်မှ နိုးထစေခြင်းအလား ဖြစ်ခဲ့သည်ဟု သင်ဆိုနိုင်သည်။ ၎င်းတို့ရှေ့ ရပ်နေသော လူသားသည် ရှေးအတီတေကတည်းက တည်ရှိခဲ့ပြီးဖြစ်သူ တစ်ဦး ဖြစ်သည်။ သူသည် ပုံသဏ္ဌာန်တစ်ခုနှင့် အသွေးနှင့်အသားရှိခဲ့ပြီး သူသည် လူသားမျိုးနွယ်နှင့်အတူ အချိန်ကြာမြင့်စွာ အသက်ရှင်ကာ စားသောက်နှင့်ခဲ့ပြီး ဖြစ်သည်...။ ဤအချိန်တွင် သူ၏ တည်ရှိမှုသည် အလွန်စစ်မှန်ပြီး အလွန်အံ့သြစရာကောင်းသည်ဟု လူတို့ ခံစားခဲ့ရသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အလွန် ဝမ်းမြောက်ကာ ပျော်ရွှင်ကြပြီး စိတ်ခံစားမှုဖြင့်လည်း ပြည့်ခဲ့ကြသည်။ သူ၏ ပြန်လည်ပေါ်ထွန်းခြင်းက လူတို့ကို သူ၏ နှိမ့်ချမှုအား အမှန်တကယ် တွေ့မြင်ခွင့်ပေးသည်၊ လူသားမျိုးနွယ်ကို သူ၏ ရင်းနှီးမှုနှင့် တွယ်တာမှုကို ခံစားခွင့်ပေးပြီး၊ ၎င်းတို့အကြောင်း သူမည်မျှ တွေးတောခဲ့သည်ကို ခံစားခွင့်ပေးလေသည်။ ဤအကျဉ်းချုံး ပြန်လည်ဆုံစည်းခြင်းက သခင်ယေရှုကို မြင်ခဲ့သော လူတို့အား အချိန်တစ်သက်တာ ကုန်ဆုံးသွားခဲ့ပြီးဖြစ်သည့်အလား ခံစားစေခဲ့သည်။ ၎င်းတို့၏ ပျောက်ဆုံးခဲ့သည်၊ ရှုပ်ထွေးခဲ့သည့်၊ စိုးရွံ့ခဲ့သည့်၊ ပူပန်သောကရောက်ခဲ့သည့်၊ တမ်းတကာ ထုံထိုင်းနေသော နှလုံးသားများသည် နှစ်သိမ့်မှုကို ရှာတွေ့ခဲ့သည်။ ၎င်းတို့သည် ယခု မျှော်လင့်ချက်နှင့် အမှီပြုစရာ တစ်ခုရှိပြီဟု ခံစားခဲ့ရသောကြောင့်၊ သံသယမရှိတော့ပေ၊ သို့မဟုတ် စိတ်မပျက်တော့ပေ။ ထိုအခါက ၎င်းတို့ရှေ့တွင် ရပ်နေခဲ့သော လူသားသည် ၎င်းတို့ကို တစ်ချိန်လုံး စောင့်ရှောက်မည့် စောင့်ကြပ်သူဖြစ်ပေမည်။ သူသည် ထာဝရ ကာလပတ်လုံး ၎င်းတို့၏ မျှော်စင်၊ ၎င်းတို့၏ ခိုလှုံရာဖြစ်ပေမည်။
သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက် ခဲ့သော်လည်း၊ သူ၏ နှလုံးသားနှင့် သူ၏အမှုတော်သည် လူသားမျိုးနွယ်ကို စွန့်ခွာမသွားခဲ့ပေ။ လူတို့ထံ ပေါ်ထွန်းခြင်းဖြင့်၊ မည်သည့် ပုံသဏ္ဌာန်ဖြင့် သူ တည်ရှိနေပါစေ၊ လူတို့ကို သူအဖော်ပြုမည်၊ ၎င်းတို့နှင့်အတူ လျှောက်လှမ်းမည် ဖြစ်ပြီး အချိန်တိုင်းနှင့် နေရာတိုင်းတွင် ၎င်းတို့နှင့်အတူရှိမည်ကို ၎င်းတို့အား သူပြောပြခဲ့သည်။ အချိန်တိုင်းနှင့် နေရာတိုင်းတွင် သူသည် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးကာ ၎င်းတို့ကို ထိန်းကျောင်းမည်၊ ၎င်းတို့အား သူ့ကို မြင်ကာ ထိတွေ့ခွင့်ပေးမည်ဖြစ်ပြီး ၎င်းတို့ မည်သည့်အခါတွင်မျှ ကူကယ်ရာမဲ့ မခံစားရသည်ကို သေချာစေမည်ဟု ၎င်းတို့ကို သူ ပြောပြခဲ့သည်။ ၎င်းတို့အနေဖြင့် ဤကမ္ဘာလောကထဲတွင် တစ်ကိုယ်တည်း အသက်မရှင်ကြသည်ကို သခင်ယေရှုသည် လူတို့အား သိစေလိုခဲ့သည်။ လူသားမျိုးနွယ်ထံ၌ ဘုရားသခင်၏ စောင့်ရှောက်မှုို ရှိ၏။ ဘုရားသခင်သည် ၎င်းတို့နှင့်အတူရှိသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် အမြဲ အားကိုးနိုင်ပြီး၊ သူသည် သူ၏နောက်လိုက် အယောက်စီတိုင်းအဖို့ မိသားစုဖြစ်သည်။ အားကိုးဖို့ ဘုရားသခင် ရှိလျက်၊ လူသားမျိုးနွယ်သည် အထီးကျန်တော့မည်မဟုတ် သို့မဟုတ် အကူအညီမဲ့တော့မည် မဟုတ်သကဲ့သို့၊ သူ့ကို ၎င်းတို့၏အပြစ်ဖြေရာယဇ်အဖြစ် လက်ခံသူတို့သည် အပြစ်တရား၌ ချည်နှောင်ခြင်းခံရတော့မည် မဟုတ်ပေ။ လူသား၏အမြင်တွင်၊ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် သခင်ယေရှု ဆောင်ရွက်ခဲ့သည့် သူ၏ အမှုတော်၏ ဤအစိတ်အပိုင်းများသည် အလွန် သေးငယ်သောအရာများဖြစ်သော်လည်း၊ ငါမြင်သည့်ပုံအရ၊ သူ လုပ်ဆောင်ခဲ့သည့် အရာတစ်ခုစီတိုင်းသည် အလွန် အဓိပ္ပာယ်ရှိလှ၏၊ အလွန်တန်ဖိုးရှိလှ၏၊ အလွန် အရေးကြီးလှပြီး အရေးပါမှုဖြင့် တနင့်တပိုး ပြည့်သိပ်နေပေသည်။
လူ့ဇာတိ၌ လျှောက်လှမ်းခဲ့သည့် သခင်ယေရှု၏ အချိန်ကာလသည် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်ခဲ့သော်လည်း၊ အသွေးအသားရှိသည့် ဝိညာဉ်ခန္ဓာဖြင့် သူ၏ ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဖြစ်သည့် ထိုအချိန်က လူ့ဇာတိ၌ သူ၏ အမှုတော်ကို လုံးဝပြီးပြည့်စုံစွာ သူ ပြီးမြောက်ခဲ့သည်။ သူသည် လူ့ဇာတိခံယူခြင်းအားဖြင့် သူ၏ အမှုတော်ကို အစပြုခဲ့ပြီး သူ၏လူ့ဇာတိဆန်သော ပုံသဏ္ဌာန်ဖြင့် လူသားမျိုးနွယ်ထံ ပေါ်ထွန်းခြင်းအားဖြင့် သူ၏ အမှုတော်ကို နိဂုံးချုပ်ခဲ့သည်။ သူသည် ခရစ်တော်အဖြစ် သူ၏ ပင်ကိုလက္ခဏာမှတစ်ဆင့် ကျေးဇူးတော်ခေတ်ကို စတင်ရင်း၊ ကျေးဇူးတော်ခေတ်ကို ကြေညာခဲ့သည်။ ခရစ်တော်အဖြစ် သူ၏ ပင်ကိုလက္ခဏာမှတစ်ဆင့်၊ ကျေးဇူးတော်ခေတ်၌ အမှုတော်ကို သူ ဆောင်ရွက်ခဲ့ပြီး၊ သူ၏နောက်လိုက် အားလုံးကို ခွန်အားပေးကာ ကျေးဇူးတော်ခေတ်ထဲသို့ ဦးဆောင်ခဲ့သည်။ သူစခဲ့သောအရာကို အပြည့်အဝ သူပြီးစီးခဲ့သည်ဟု ဘုရားသခင်၏အမှုတော်နှင့် ပတ်သက်၍ ပြောနိုင်ပေသည်။ အဆင့်များနှင့် အစီအစဉ်တစ်ခုရှိပြီး အမှုတော်သည် သူ၏ ဉာဏ်ပညာ၊ သူ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများ၊ သူ၏ ချစ်ခြင်းနှင့် သနားကရုဏာတို့ဖြင့် ပြည့်နေသည်။ ဟုတ်ပေ၏၊ ဘုရားသခင်၏ အမှုတော်တစ်လျှောက် ပျံ့နှံ့ဝင်ရောက်နေသည့် အဓိကဆိုလိုရင်းမှာ လူသားမျိုးနွယ်အတွက် သူ၏ စောင့်ရှောက်ခြင်း ဖြစ်သည်။ ယင်းသည် သူ လုံးဝဘေးဖယ်ထား၍မရသည့် သူ၏ အလေးထားမှု ခံစားချက်တို့နှင့် စိမ့်ဝင်ပျံ့နှံ့နေသည်။ သမ္မာကျမ်းစာ၏ ဤကျမ်းပိုဒ်များတွင် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် သခင်ယေရှု လုပ်ဆောင်ခဲ့သော အရာတစ်ခုချင်းစီတိုင်းတွင်၊ ဘုရားသခင်၏ တိကျစေ့စပ်သော ဂရုစိုက်မှုနှင့် လူသားမျိုးနွယ်ကို ချစ်ခင်မြတ်နိုးမှုများကဲ့သို့၊ လူသားမျိုးနွယ် အတွက် ဘုရားသခင်၏ မပြောင်းလဲသော မျှော်လင့်ချက်များနှင့် အလေးထားမှုတို့ကို ထုတ်ဖော်ပြခဲ့ပေသည်။ ဤအရာထဲမှ မည်သည့်အရာမျှ မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး၊ အစဉ်မပြောင်းလဲဖူးပေ- ဤသည်ကို သင်တို့ မြင်နိုင်ပါ၏လော။ ဤသည်ကို သင်တို့မြင်သောအခါတွင်၊ သင်တို့၏ နှလုံးသားများသည် ဘုရားသခင်ထံ မရည်ရွယ်ဘဲ တိုးဝင်ချဉ်းကပ်မိကြသည် မဟုတ်လော။ သင်တို့သည် ထိုခေတ်၌ အသက်ရှင်ခဲ့ကြပြီး သူ၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းနောက် သခင်ယေရှုက သင်တို့ထံ သင်တို့မြင်ရန် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပုံသဏ္ဌာန် တစ်ခုဖြင့် ပေါ်ထွန်းခဲ့ပါက၊ ပြီးလျှင် သူသည် သင်တို့ရှေ့၌ ထိုင်ခဲ့ပါက၊ မုန့်နှင့်ငါးကိုစားခဲ့ပြီး၊ ကျမ်းစာကို သင်တို့အား ရှင်းပြကာ သင်တို့နှင့် စကားပြောခဲ့ပါက၊ သင်တို့ မည်သို့ ခံစားရမည်နည်း။ သင်တို့ ပျော်ရွှင်ကြမည်လော။ သို့မဟုတ် အပြစ်ရှိသကဲ့သို့ ခံစားရမည်လော။ ဘုရားသခင်အပေါ် ယခင်က အထင်လွဲမှုများနှင့် ရှောင်ကြဉ်မှု၊ ဘုရားသခင်နှင့် ဆိုင်သည့် သဘောထားကွဲလွဲမှုများနှင့် သံသယများ- ထိုအရာအားလုံးသည် ပျောက်ကွယ်သွားမည် မဟုတ်လော။ ဘုရားသခင်နှင့် လူသားကြား ဆက်ဆံရေးသည် သာ၍ ပုံမှန်ဖြစ်ကာ မှန်ကန်လာမည် မဟုတ်လော။
သမ္မာကျမ်းစာ၏ ဤကန့်သတ်ထားသောအခန်းများကို အနက်ပြန်ခြင်းအားဖြင့်၊ ဘုရားသခင်၏ စိတ်သဘောထား၌ အပြစ်အနာအဆာ တစ်ခုတစ်လေ သင်တို့ ရှာတွေ့ပါသလော။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတွင် ဖောက်ပြန်မှု တစ်ခုတစ်လေကို သင်တို့ တွေ့ရပါသလော။ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း သို့မဟုတ် ဉာဏ်ပညာ၌ လှည့်စားမှု၊ သို့မဟုတ် ဆိုးယုတ်မှု တစ်ခုတစ်လေကို သင်တို့ မြင်သလော။ သေချာပေါက် မရှိပေ။ ယခုတွင် ဘုရားသခင်သည် သန့်ရှင်းသည်ဟု သေချာမှုဖြင့် သင်တို့ ဆိုနိုင်သလော။ ဘုရားသခင်၏ စိတ်ခံစားမှုများ အသီးသီးသည် သူ၏ အနှစ်သာရနှင့် စိတ်သဘောထားတို့နှင့်ဆိုင်သည့် ဖွင့်ပြခြင်း တစ်ခု ဖြစ်သည်ကို သေချာမှုဖြင့် သင်တို့ ဆိုနိုင်သလော။ ဤနှုတ်ကပတ်တော်များကို သင်တို့ ဖတ်ရှုပြီးသည့်နောက်တွင်၊ ၎င်းတို့ထံမှ သင်တို့ ရရှိသည့် သိနားလည်မှုသည် စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား သင်တို့၏ လိုက်စားမှုတွင် သင်တို့ကို ကူညီပြီး အကျိုးကျေးဇူးများ ဆောင်ကြဉ်း ပေးလိမ့်မည်၊ ပြီးလျှင် ဤလိုက်စားမှု၏ ဖြစ်စဉ်တွင် သင်တို့သည် ဘုရားသခင်ထံ သာ၍ နီးသည်ထက် နီးကပ်လာစေဖို့အလို့ငှာ၊ ဘုရားသခင် တောင်းဆိုသည့် စံနှုန်းအထိ နီးသည်ထက်နီးလာဖို့ရန်အလို့ငှာ ၎င်းတို့သည် နေ့စဉ်နှင့်အမျှ ကြီးထွားသည့် အသီးအပွင့်များကို သင်တို့အထဲ၌ ဖြစ်ထွန်းစေလိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်တို့သည် သမ္မာတရားအား လိုက်စားခြင်းကို ငြီးငွေ့တော့မည် မဟုတ်သကဲ့သို့၊ သမ္မာတရားနှင့် စိတ်သဘောထား၌ ပြောင်းလဲခြင်းကို လိုက်စားခြင်းသည် ဒုက္ခပေးသည့်အရာတစ်ခု သို့မဟုတ် မလိုလားအပ်သော အရာတစ်ခုဖြစ်သည်ဟု ခံစားရတော့မည် မဟုတ်ပေ။ ယင်းထက် ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားနှင့် ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရတို့၏ ဖော်ပြချက်ဖြင့် လှုံ့ဆော်ခံရလျက်၊ သင်တို့သည် အလင်းကို တောင့်တကြလိမ့်မည်၊ တရားမျှတမှုကို တောင့်တကြလိမ့်မည်၊ သမ္မာတရားကို လိုက်စားရန်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်ရန် ဆန္ဒပြင်းပြကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းခံရသည့် လူတစ်ဦး၊ စစ်မှန်သော လူတစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်သည်။
ယနေ့တွင် သူ ပထမဆုံးအကြိမ် လူ့ဇာတိခံယူခဲ့ချိန် ကျေးဇူးတော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုအရာအချို့အကြောင်းကို ငါတို့ ဆွေးနွေးကြပြီးဖြစ်သည်။ ဤအရာများမှ လူ့ဇာတိ၌ သူဖော်ပြခဲ့ပြီး ထုတ်ဖော်ပြခဲ့သော စိတ်သဘောထားအပြင်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ သွင်ပြင်လက္ခဏာတိုင်းကို ငါတို့မြင်ပြီးဖြစ်သည်။ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ဤသွင်ပြင်လက္ခဏာအားလုံးသည် အလွန်လူသားဆန်ပုံပေါ်သော်လည်း၊ လက်တွေ့အရှိတရားမှာ သူ ထုတ်ဖော်ပြခဲ့ပြီး ဖော်ပြခဲ့သော အရာအားလုံး၏ အနှစ်သာရသည် သူကိုယ်တိုင်၏ စိတ်သဘောထားမှ ခွဲခြား၍မရနိုင်ပေ။ လူ့သဘာဝ၌ သူ၏ စိတ်သဘောထားကို ဖော်ပြနေသော လူ့ဇာတိခံ ဘုရားသခင်၏ နည်းလမ်းတိုင်းနှင့် သွင်ပြင်လက္ခဏာတိုင်းသည် သူ၏ကိုယ်ပိုင်အနှစ်သာရနှင့် မခွဲနိုင်အောင် ဆက်နွှယ်နေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ထံ လူ့ဇာတိခံယူခြင်း နည်းလမ်းကို အသုံးပြုလျက် ကြွလာခြင်းသည် အလွန် အရေးကြီးလေသည်။ လူ့ဇာတိ၌ သူလုပ်ဆောင်ခဲ့သော အမှုသည်လည်း အရေးကြီး၏၊ သို့သော် ဇာတိပကတိဖြင့် အသက်ရှင်သော လူတိုင်းအဖို့၊ ဖောက်ပြန်ပျက်စီးခြင်း၌ အသက်ရှင်ကြသည့် လူတိုင်းအဖို့ သာ၍ပင် အရေးကြီးသည်မှာ သူ ထုတ်ဖော်ပြသည့် စိတ်သဘောထားနှင့် သူဖော်ပြခဲ့သော အလိုတော်တို့ ဖြစ်သည်။ ဤသည်မှာ သင်တို့ နားလည်နိုင်သော အရာတစ်ခု ဟုတ်ပါသလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ပြီးသည့်နောက်တွင်၊ ဘုရားသခင်ကို မည်ကဲ့သို့ ဆက်ဆံသင့်သည် ဆိုသည့်နှင့်ပတ်သက်၍ ကောက်ချက်များ တစ်ခုတစ်လေကို သင်တို့ ချပြီးပြီလော။ နောက်ဆုံးတွင် ဤမေးခွန်းကို ပြန်ဖြေကြားရာတွင်၊ သင်တို့ကို အကြံဉာဏ်သုံးခု ငါပေးလိုသည်- ပထမဦးစွာ၊ ဘုရားသခင်ကို မစစ်ကြောနှင့်။ ဘုရားသခင်အကြောင်းကို သင်မည်မျှ နားလည်သည်ဖြစ်စေ၊ သူ၏စိတ်သဘောထားကို သင်မည်မျှ သိသည်ဖြစ်စေ၊ သူ့ကို လုံးဝ မစစ်ကြောဆေးနှင့်။ ဒုတိယအနေဖြင့် အဆင့်အတန်း အတွက် ဘုရားသခင်နှင့် မဖက်ပြိုင်နှင့်။ ဘုရားသခင်က သင့်ကို မည်သည့် အဆင့်အတန်းမျိုး ပေးသည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို မည်သည့်အလုပ်မျိုး ပေးသည်ဖြစ်စေ၊ မည်သည့်တာဝန်မျိုးကို ဆောင်ရွက်ရန် သူသည် သင့်ကို ပျိုးထောင်သည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် မည်မျှ အသုံးချပြီး စွန့်လွှတ်ခဲ့သည်ဖြစ်စေ၊ အဆင့်အတန်းအတွက် သူနှင့် လုံးဝ မဖက်ပြိုင်နှင့်။ တတိယအနေဖြင့် ဘုရားသခင်နှင့် မယှဉ်ပြိုင်ပါနှင့်။ သင်နားလည်သည်ဖြစ်စေ၊ သို့မဟုတ် သင်နှင့်ပတ်သက်၍ ဘုရားသခင် လုပ်ဆောင်သောအရာ၊ သင့်အတွက် သူစီစဉ်သောအရာနှင့် သင့်ထံ သူဆောင်ကြဉ်း လာသောအရာတို့ကို သင် ကျိုးနွံနာခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် လုံးဝမယှဉ်ပြိုင်ပါနှင့်။ ဤအကြံဉာဏ်သုံးခုကို သင် လိုက်နာနိုင်ပါက၊ သင်သည် အတော်အတန် ဘေးကင်းလိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို ဒေါသ ထွက်စေလေ့ရှိမည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ