Read more!
Read more!

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့် အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါ ကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါ တိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ဤသည်မှာ အာဗြဟံအတွက် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့်သက်ဆိုင်သည့် မူရင်းအတိုင်းဖြစ်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ တိုတောင်းသော်လည်း ပါဝင်သည့်အကြောင်းအရာက ကြွယ်ဝသည်။ ယင်းသည် အာဗြဟံအဖို့ ဘုရားသခင်၏ လက်ဆောင်အတွက် အကြောင်းရင်း၊ နောက်ခံနှင့် အာဗြဟံကို ဘုရားသခင် ပေးခဲ့သည့်အရာက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ ပါဝင်သည်။ ယင်းသည် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် မိန့်မြွက်သည့် ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းအပြင် သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူများကို ရယူရန် သူ၏ တောင့်တမှုနှင့် သက်ဆိုင်သည့် အရေးတကြီးဖြစ်မှုနှင့်လည်း ပြည့်လျှမ်း လေသည်။ ဤတွင် သူ၏နှုတ်ကပတ်တော်များကို နာခံပြီး သူ၏အမိန့်များကို လိုက်လျှောက်သူတို့အပေါ် ဘုရားသခင်၏ ချစ်မြတ်နိုးမှုနှင့် ကြင်နာမှုတို့ကို တွေ့ရသည်။ ထို့ကြောင့် လူများကို ရယူဖို့ သူပေးသည့် အဖိုးအခ၊ ၎င်းတို့ကို ရယူရာတွင် သူထားရှိသည့် ဂရုစိုက်မှုနှင့် အတွေးများကိုလည်း ငါတို့တွေ့ရသည်။ ထို့အပြင် “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ။” ဟူသော နှုတ်ကပတ်တော်များပါဝင်သည့် ကျမ်းပိုဒ်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်သက်ဆိုင်သည့် သူ၏အမှု မြင်ကွင်းများ နောက်ကွယ်က ဘုရားသခင် တစ်ဦးတည်း ခံရသော အားကောင်းသည့် ခါးသီးမှုနှင့် နာကျင်မှု အသိစိတ်ကို ငါတို့အား ပေးလေသည်။ ယင်းသည် အတွေးကိုစေ့ဆော်ပေးသော ကျမ်းပိုဒ်ဖြစ်ပြီး နောင်လာသည့် သူများအတွက် ထူးခြားသည့် အရေးပါမှုရှိကာ ၎င်းတို့အပေါ် နှံ့နှံ့စပ်စပ် သက်ရောက်မှုတစ်ခုရှိသည့် ကျမ်းပိုဒ်တစ်ပိုဒ်ဖြစ်သည်။

လူသားသည် သူ၏ရိုးသားမှုနှင့် နာခံမှုကြောင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ရရှိသည်

ဤတွင် ငါတို့ ဖတ်ခဲ့ရသည့် အာဗြဟံကို ဘုရားသခင်ပေးခဲ့သော ကောင်းကြီးမင်္ဂလာမှာ ကြီးမားသလော။ မည်မျှကြီးမားသနည်း။ ဤနေရာ၌ အဓိက စာတစ်ကြောင်းရှိသည်- “မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤစာကြောင်းက အာဗြဟံသည် ယခင် မည်သူမျှ သို့မဟုတ် နောက်တွင် မည်သူမျှ မရဖူးသည့် ကောင်းကြီးမင်္ဂလာကို ရရှိသည်ကို ပြပေသည်။ ဘုရားသခင်က စေခိုင်းသည်နှင့်အမျှ၊ အာဗြဟံသည် သူ၏ တစ်ဦးတည်းသော သူချစ်မြတ်နိုးရသည့် သားကို ဘုရားသခင်ထံ ပြန်ပေးသောအခါ (မှတ်ရန်- ဤနေရာမှာ “ပူဇော်” ဟူသော စကားကို ငါတို့ သုံး၍မရပါ။ သူ၏သားကို ဘုရားသခင်ထံ ပြန်ပေးသည်ဟု သုံးသင့်သည်။)၊ ဘုရားသခင်က အာဗြဟံကို ဣဇာက်အား ပူဇော်ခွင့်မပြုသည်သာမက၊ သူ့ကို ကောင်းကြီးလည်း ပေးခဲ့လေသည်။ သူသည် မည်သည့် ကတိတော်နှင့် အာဗြဟံကို ကောင်းကြီးပေးခဲ့သနည်း။ သူ၏အမျိုးအနွယ်ကို ပွားများစေဖို့ ကတိတော်ဖြင့် ကောင်းကြီးပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို မည်မျှအထိ ပွားများစေမည်နည်း။ ကျမ်းစာက အောက်ပါအတိုင်း မှတ်တမ်းတင်ထား၏- “...မိုးကောင်းကင် ကြယ်များကဲ့သို့ လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှ လည်းကောင်း...။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။” ဘုရားသခင်သည် မည်သည့် အခြေအနေတွင် ဤနှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့သနည်း။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို အာဗြဟံ မည်ကဲ့သို့ ရရှိခဲ့သနည်း။ ဘုရားသခင်က ကျမ်းစာထဲတွင် “သင်သည် ငါ၏စကားသံကို နာခံသောကြောင့်” ဟုပြောသည့်အတိုင်းသာ ထိုကောင်းကြီးတို့ကို သူ ရရှိခဲ့ပေသည်။ ဆိုလိုသည်မှာ အာဗြဟံက ဘုရားသခင်၏ အမိန့်ကို လိုက်လျှောက်ခဲ့သောကြောင့်၊ ဘုရားသခင် ပြောခဲ့ပြီးသမျှ၊ တောင်းခဲ့ပြီးသမျှနှင့် မိန့်ခဲ့ပြီးသမျှကို အနည်းငယ်မျှ ညည်းညူခြင်းမရှိဘ၊ လုပ်ဆောင်ခဲ့ပြီးဖြစ်သောကြောင့် ဘုရားသခင်သည် ထိုသို့သော ကတိတော်မျိုးကို သူ့အား ပြုခဲ့ခြင်းဖြစ်သည်။ ဤကတိတော်၌ ထိုအချိန်က ဘုရားသခင်၏ အတွေးကို ဖော်ပြသည့် အရေးကြီးသော ဝါကျတစ်ကြောင်း ရှိသည်။ သင်တို့ တွေ့ပြီလော။ “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟူသည့် ဘုရားသခင် နှုတ်ကပတ်တော်ကို သင်တို့ အာရုံမစိုက်မိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းတို့ ဆိုလိုသည်မှာ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို မိန့်မြွက်ချိန်တွင်၊ သူ့ကိုယ်သူ တိုင်တည်နေခဲ့ပေသည်။ လူများက ကျမ်းသစ္စာတစ်ခု ပြုသည့်အခါ၊ အဘယ်အရာဖြင့် တိုင်တည်ကြသနည်း။ ကောင်းကင်ဖြင့် ၎င်းတို့ တိုင်တည်ကြသည်၊ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျမ်းသစ္စာပြုပြီး ဘုရားသခင်ဖြင့် တိုင်တည်ကြလေသည်။ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သော ဖြစ်စဉ်ကို လူတို့ သိပ်နားလည်မည် မဟုတ်သော်လည်း၊ သင်တို့ကို မှန်ကန်သည့် ရှင်းပြချက်တစ်ခု ငါပေးသည့်အခါ၊ သင်တို့ နားလည်နိုင်လိမ့်မည်။ သူ၏ နှုတ်ကပတ်တော်များကို ကြားသာကြားနိုင်ပြီး သူ၏ စိတ်နှလုံးကို နားမလည်နိုင်သောသူနှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် နောက်ထပ်တစ်ဖန် အထီးကျန်ပြီး ဘာပြောရမှန်းမသိ ဖြစ်လေသည်။ အသည်းအသန်ဖြစ်ခြင်းဖြင့်- ယင်းကို မသိစိတ်၏ စေ့ဆော်မှုအရဟု ပြောနိုင်သည်- ဘုရားသခင်သည် အလွန်သဘာဝကျသော အရာတစ်ခုကို ပြုခဲ့သည်- ဘုရားသခင်သည် အာဗြဟံအပေါ်သို့ ဤကတိကို အပ်နှင်းချိန်တွင် သူ၏လက်ကို သူ၏နှလုံးသားပေါ်တင်ထားပြီး သူ့ကိုယ်သူ တိုင်တည်ခဲ့ကာ၊ ဤသည်မှ ဘုရားသခင်က “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟု ပြောသည်ကို လူသားက ကြားခဲ့ရပေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှတစ်ဆင့်၊ သင့်ကိုယ်သင် တွေးကောင်းတွေးနိုင်သည်။ သင်၏ နှလုံးသားပေါ် သင့်လက်ကိုတင်ပြီး သင့်ကိုယ်သင် စကားပြောသောအခါ၊ သင် ပြောနေသည့်အရာကို သင် ရှင်းရှင်းလင်းလင်း သိပါသလော။ သင်၏ သဘောထားသည် ရိုးသားစစ်မှန်ပါသလော။ သင်၏ စိတ်နှလုံးဖြင့် ပွင့်ပွင့်လင်းလင်း သင်ပြောသလော။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို စကားပြောသောအခါ၊ သူသည် အလေးအနက်ထားပြီး စစ်မှန်ရိုးသားခဲ့သည်ကို ဤနေရာ၌ ငါတို့တွေ့ရသည်။ အာဗြဟံကို စကားပြောပြီး ကောင်းကြီးပေးနေခဲ့သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်သည် သူ့ကိုယ်သူလည်း စကားပြောနေခဲ့သည်။ သူ့ကိုယ်သူ ဤကဲ့သို့ ပြောနေခဲ့ခြင်း ဖြစ်သည်- အာဗြဟံသည် ငါ၏ စကားများကို နာခံခဲ့ပြီး ငါ ရွေးချယ်ထားသည့်သူတစ်ဦး ဖြစ်သောကြောင့်၊ သူ့ကို ငါကောင်းကြီးပေးမည်၊ ပြီးလျှင် သူ၏သားစဉ်မြေးဆက်ကို ကောင်းကင်က ကြယ်များကဲ့သို့ များပြားစေကာ ပင်လယ်ကမ်းစပ်မှ သဲပွင့်ကဲ့သို့ ပွားများစေမည်ဟူ၍ ဖြစ်သည်။ ဘုရားသခင်က “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟု ပြောခဲ့ချိန်တွင်၊ အာဗြဟံ၌ ရွေးချယ်ထားသော ဣသရေလလူမျိုးကို မွေးထုတ်မည်၊ ယင်းနောက်တွင် ဤလူများကို သူ၏ အမှုနှင့်အတူ မြန်မြန်ဆန်ဆန် ဦးဆောင်မည်ဟု ဘုရားသခင် ဆုံးဖြတ်ထားခဲ့ပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်က အာဗြဟံ၏ သားစဉ်မြေးဆက်များကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုနှင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်စေမည်ဖြစ်ပြီး သူဖော်ပြသောအရာကို အာဗြဟံနှင့် စတင်ပြီး အာဗြဟံ၏ သားစဉ်မြေးဆက်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် လူကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ စိတ်ဆန္ဒ အကောင်အထည်ပေါ်လာမည်ဖြစ်သည်။ သင်တို့ မည်သို့ဆိုမည်နည်း၊ ဤသည်မှာ မင်္ဂလာရှိသောအရာ ဖြစ်သည် မဟုတ်သလော။ လူသားအတွက် ဤအရာထက် သာ၍ ကြီးမြတ်သော ကောင်းကြီးမင်္ဂလာမရှိပေ။ ဤသည်မှာ မင်္ဂလာအရှိဆုံးသောအရာ ဖြစ်သည်ဟု ပြော၍ရသည်။ အာဗြဟံ ရရှိခဲ့သော ကောင်းကြီးမင်္ဂလာသည် သူ၏အမျိုးအနွယ် ပွားများခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှု၊ သူ၏စေခိုင်းချက်တာဝန်နှင့် သူ၏အမှုကို အာဗြဟံ အမျိုးအနွယ်များ၌ စွမ်းဆောင်ရရှိခြင်းဖြစ်သည်။ ဤသည်မှာ အာဗြဟံခံရသော ကောင်းကြီးသည် ယာယီမဟုတ်ဘဲ၊ ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ် တိုးတက်သည်နှင့်အမျှ ဆက်လက် ရှိနေသည်ဟု ဆိုလိုသည်။ ဘုရားသခင် စကားပြောသောအခါ၊ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သောအခါ၊ စိတ်ပိုင်းဖြတ်မှုတစ်ခု ပြုခဲ့နှင့်ပြီးဖြစ်သည်။ ဤစိတ်ပိုင်းဖြတ်ခြင်း ဖြစ်စဉ်သည် မှန်ကန်ပါသလော။ စစ်မှန်ခဲ့သလော။ ထိုအချိန်မှစ၍ သူ၏ကြိုးပမ်းမှုများ၊ သူပေးဆပ်ခဲ့သော အဖိုးအခ၊ သူ၏အရာ အားလုံးနှင့်ဖြစ်ခြင်း၊ သူ၏အရာရာတိုင်းနှင့် သူ၏အသက်ကိုပင် အာဗြဟံနှင့် အာဗြဟံ၏ အမျိုးအနွယ်များကိုပေးရန် ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဤလူအုပ်စုမှ စတင်၍ သူ၏ လုပ်ဆောင်ချက်များကို သူ ထင်ရှားစေမည်ဖြစ်ပြီး သူ၏ဉာဏ်ပညာ၊ အခွင့်အာဏာနှင့် တန်ခိုးကို လူသားအား မြင်ခွင့်ပေးရန်လည်း ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့လေသည်။

ဘုရားသခင်ကို သိကျွမ်းပြီး သူ့ကို သက်သေခံနိုင်သူများကို ရယူခြင်းသည် ဘုရားသခင်၏ မပြောင်းလဲသော ဆန္ဒဖြစ်သည်

သူ့ကိုယ်သူ စကားပြောနေခဲ့သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်သည် အာဗြဟံကိုလည်း စကားပြောခဲ့၏၊ သို့သော် ဘုရားသခင်က သူ့ကို ပေးခဲ့သည့် ကောင်းကြီးမင်္ဂလာများကို ကြားရခြင်းမှလွဲ၍ အာဗြဟံသည် ဘုရားသခင်၏ စစ်မှန်သော ဆန္ဒများကို သူ၏နှုတ်ကပတ်တော်များအားလုံး၌ ထိုအချိန်က နားလည်နိုင်ခဲ့ပါသလော။ သူနားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်သည် သူ့ကိုယ်သူ တိုင်တည်သောအချိန်တွင်၊ သူ၏နှလုံးသားသည် အထီးကျန်ပြီး ဝမ်းနည်းနေဆဲရှိခဲ့သည်။ သူ ရည်ရွယ်ထားပြီး စီစဉ်ထားသည့်အရာကို နားလည်နိုင်သောသူ သို့မဟုတ် သဘောပေါက်နိုင်သောသူ တစ်ဦးမျှ မရှိခဲ့ချေ။ ထိုအခိုက်အတန့်တွင် သူ လုပ်ဆောင်ရမည့် အမှုကို လုပ်ဆောင်ရာတွင် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်သူ တစ်ဦးတစ်လေ ရှိခဲ့ဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ယုံကြည်ချက်ရှိရှိ စကားပြောနိုင်သည့်သူမှာ အာဗြဟံအပါအဝင် မည်သူမျှ မရှိခဲ့ချေ။ အပေါ်ယံအားဖြင့်၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်မည့်သူ တစ်ဦးဖြစ်သည့်၊ အာဗြဟံကို ရရှိခဲ့ပြီဖြစ်သည်။ သို့သော် အမှန်တွင်၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် ဤလူ၏ အသိသည် မရှိသလောက် ဖြစ်၏။ ဘုရားသခင်သည် အာဗြဟံကို ကောင်းကြီးပေးခဲ့ပြီး ဖြစ်သော်လည်း၊ ဘုရားသခင်၏ နှလုံးသားသည် မကျေနပ်ခဲ့သေးပေ။ ဘုရားသခင် မကျေနပ်သေး ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏စီမံခန့်ခွဲမှုသည် စရုံသာရှိသေးသည်ဟု ဆိုလိုသည်၊ သူ ရယူလိုသော လူများ၊ သူ မြင်ရဖို့ တောင့်တခဲ့သည့် လူများ၊ သူ ချစ်သော လူများသည် သူ့ထံမှ ဝေးကွာကြဆဲဖြစ်သည်ဟု ဆိုလိုသည်။ သူ အချိန် လိုအပ်ခဲ့သည်၊ သူ စောင့်ဖို့ လိုအပ်ခဲ့သည်၊ သူစိတ်ရှည်ဖို့ လိုခဲ့သည်။ အကြောင်းမှာ ထိုအချိန်က၊ ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍၊ သူ လိုအပ်သည့်အရာ၊ သို့မဟုတ် သူ ရယူလိုသည့်အရာ၊ သို့မဟုတ် သူ တောင့်တသည့်အရာကို သိသူ မရှိခဲ့ချေ။ ထို့ကြောင့် ဘုရားသခင် အလွန်စိတ်လှုပ်ရှားသည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်သည် စိတ်လည်းလေးခဲ့သည်။ သို့သော် သူ၏ခြေလှမ်းများကို မရပ်တန့်ခဲ့သကဲ့သို့၊ သူလုပ်ရမည့် အရာ၏ နောက်တစ်ဆင့်ကို သူဆက်လက်စီစဉ်ခဲ့သည်။

အာဗြဟံထံ ပြုသည့် ဘုရားသခင်၏ ကတိတော်၌ သင်တို့ အဘယ်အရာမြင်ကြသနည်း။ အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့သောကြောင့်သက်သက် ဘုရားသခင်က သူ့အပေါ် ကြီးမားသော ကောင်းကြီးမင်္ဂလာများ အပ်နှင်းခဲ့ပေသည်။ အပေါ်ယံအားဖြင့် ဤသည်မှာ သာမန်နှင့် ထုံးစံအတိုင်းဖြစ်ပုံရသော်လည်း၊ ထိုအထဲ၌ ဘုရားသခင်၏ စိတ်နှလုံးကို ငါတို့တွေ့ရသည်။ ဘုရားသခင်သည် သူ့အား လူသား၏နာခံခြင်းကို အထူးသဖြင့် တန်ဖိုးထားပြီး သူ့ကို လူသား၏ နားလည်ခြင်းနှင့် သူ့အပေါ် လူသား၏ ရိုးသားစစ်မှန်ခြင်းကို မြတ်နိုးလေသည်။ ဘုရားသခင်သည် ဤရိုးသားစစ်မှန်မှုကို မည်မျှ မြတ်နိုးသနည်း။ ယင်းကို သူမည်မျှမြတ်နိုးသည်ကို သင်တို့ နားလည်ကောင်း နားလည်နိုင်ကြမည်မဟုတ်သကဲ့သို့၊ ယင်းကို သဘောပေါက်သောသူ မည်သူမျှ မရှိခြင်းလည်း ဖြစ်နိုင်သည်။ ဘုရားသခင်က အာဗြဟံကို သားတစ်ဦး ပေးခဲ့ပြီး၊ ထိုသား အရွယ်ရောက်ခဲ့ပြီးချိန်တွင် ဘုရားသခင်က အာဗြဟံကို သူ့သားအား ပူဇော်ဖို့ စေခိုင်းခဲ့သည်။ အာဗြဟံသည် ဘုရားသခင်၏ အမိန့်ကို အသေးစိတ် အတိအကျ လိုက်နာခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူနာခံခဲ့ပြီး၊ သူ၏ စစ်မှန်ရိုးသားမှုက ဘုရားသခင်ကို တို့ထိခဲ့ပြီး ယင်းကို ဘုရားသခင်က တန်ဖိုးထားခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်မျှ တန်ဖိုးထားခဲ့သနည်း။ အဘယ်ကြောင့် တန်ဖိုးထားခဲ့သနည်း။ ဘုရားသခင် နှုတ်ကပတ်တော်ကို မည်သူမျှ သဘောမပေါက်ခဲ့ချိန်တွင် သို့မဟုတ် မည်သူမျှ သူ၏နှလုံးသားကို နားမလည်ခဲ့ချိန်တွင်၊ အာဗြဟံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့်အရာတစ်ခုကို လုပ်ခဲ့ဆောင်ပြီး ထိုအရာက ဘုရားသခင်ကို မကြုံစဖူး ကျေနပ်ခြင်း အသိစိတ်တစ်ခု ခံစားစေခဲ့ကာ သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်သောသူ တစ်စုံတစ်ဦးကို ရရှိခြင်းနှင့်သက်ဆိုင်သည့် ဝမ်းမြောက်မှုကို ဘုရားသခင်ထံ ယူဆောင်ပေးခဲ့သည်။ ဤစိတ်ကျေနပ်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ဖန်ဆင်းထားသည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးထံမှ လာခဲ့ခြင်းဖြစ်ကာ၊ လူသားကို ဖန်ဆင်းခဲ့ကတည်းက လူသားက ဘုရားသခင်ကို ပထမဦးဆုံး ပူဇော်ဖူးခဲ့သည့် “ယဇ်ပူဇော်ခြင်း” ဖြစ်ခဲ့ပြီး ဘုရားသခင်က တန်ဖိုးအထားဆုံးအရာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် ဤယဇ်ပူဇော်ခြင်းကို ခက်ခဲပင်ပန်းစွာ စောင့်မျှော် နေခဲ့ရပြီး၊ ယင်းကို သူဖန်ဆင်းထားခဲ့သည့် လူသားထံမှ ပထမ အရေးပါဆုံးသော လက်ဆောင်အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းက လူ၏ အားထုတ်မှုများနှင့် သူပေးဆပ်ခဲ့သည့် အဖိုးအခ၏ အဦးသီးသော အသီးအနှံကို ဘုရားသခင်အား ပြသခဲ့ပြီး၊ လူသားမျိုးနွယ်ထဲရှိ မျှော်လင့်ချက်ကို သူ့အား တွေ့မြင်ခွင့်ပေးခဲ့သည်။ ယင်းနောက်တွင် ဘုရားသခင်သည် သူ့ကို အဖော်ပြုမြဲပြုဖို့၊ စစ်မှန်ရိုးသားမှုဖြင့် သူ့ကို ဆက်ဆံဖို့၊ ပြီးလျှင် စစ်မှန်ရိုးသားမှုဖြင့် သူ့ကို ဂရုစိုက်ဖို့ ထိုသို့သော လူတစ်စုကို သာ၍ပင် ကြီးစွာသော တမ်းတမှု ရှိခဲ့လေသည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ အာဗြဟံ၏ စိတ်နှလုံးကဲ့သို့ စိတ်နှလုံးက သူ့ကို အဖော်ပြုကာ သူနှင့်အတူရှိဖို့ ဘုရားသခင် ဆန္ဒရှိခဲ့သည့်အတွက်၊ အာဗြဟံကို ဆက်လက် အသက်ရှင်သွားဖို့ပင် ဘုရားသခင် မျှော်လင့်ခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကို အလိုရှိခဲ့သည်ဖြစ်စေ- အာဗြဟံသည် သူ့ကိုနာခံနိုင်သည့် လူသားတစ်ဦးမျှသာဖြစ်ပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှု သို့မဟုတ် အသိပညာ စိုးစဉ်းမျှ မရှိသည့်အတွက်- ယင်းမှာ စိတ်ဆန္ဒတစ်ခုမျှသာ၊ စိတ်ကူး တစ်ခုသာ ဖြစ်ခဲ့သည်။ အာဗြဟံသည် လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်သည့် စံနှုန်းများနှင့် မပြည့်မီသည့် တစ်စုံတစ်ဦးဖြစ်သည်၊ ထိုစံနှုန်းများမှာ- ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်အဖို့ သက်သေခံနိုင်ခြင်း၊ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် အာဗြဟံသည် ဘုရားသခင်နှင့်အတူ မလျှောက်လှမ်း နိုင်ခဲ့ချေ။ အာဗြဟံ၏ ဣဇာက်ကို ပူဇော်ခြင်းတွင်၊ ဘုရားသခင်သည် အာဗြဟံ၏ စစ်မှန်ရိုးသားခြင်းနှင့် နာခံခြင်းကို တွေ့ခဲ့ပြီး သူနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ စစ်ဆေးခြင်းကို ခံရပ်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ ဘုရားသခင်က သူ၏ စစ်မှန်ရိုးသားမှုနှင့် နာခံခြင်းကို လက်ခံခဲ့သော်လည်း၊ ဘုရားသခင် ယုံကြည်ရသည့်လူ၊ ဘုရားသခင်ကို သိကျွမ်းခဲ့ပြီး သိနားလည်ခဲ့သူ တစ်ဦး၊ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ နှံ့စပ်သောသူတစ်ဦး ဖြစ်လာခြင်းငှာ ထိုက်တန်ခြင်း မရှိခဲ့သေးပေ။ သူသည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်းနှင့် ဘုရားသခင်၏ အလိုကို လုပ်ဆောင်ခြင်းမှ ဝေးကွာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ နှလုံးသားထဲတွင်၊ ဘုရားသခင်သည် အထီးကျန်ပြီး စိုးရိမ်ပူပန်ဆဲရှိခဲ့သည်။ ဘုရားသခင်သည် သာ၍ အထီးကျန်ပြီး စိုးရိမ်ပူပန်လာလေလေ၊ သူ၏ စီမံခန့်ခွဲမှုကို ဖြစ်နိုင်သမျှမြန်မြန် ဆက်လုပ်ဆောင်ဖို့ သာ၍ လိုအပ်လေလေ ဖြစ်ခဲ့ပြီး၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးမြောက်ဖို့နှင့် သူ၏အလိုကို ဖြစ်နိုင်သမျှမြန်မြန် စွမ်းဆောင်ရရှိနိုင်ဖို့ လူတစ်စုကို ရွေးချယ်ပြီး ရယူရန် လိုအပ်လေလေဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်ထက်သန်သော ဆန္ဒဖြစ်ခဲ့ပြီး၊ ယင်းသည် တကယ့် အစအဦးကတည်းက ယနေ့ထိ မပြောင်းမလဲ ရှိနေပေသည်။ အစအဦးတွင် ဘုရားသခင်သည် လူသားကို သူဖန်ဆင်းခဲ့ကတည်းက၊ သူနှင့်အတူ လျှောက်ပြီး သူ၏စိတ်သဘောထားကို နားလည်နိုင်သည့်၊ သိရှိနိုင်ပြီး သဘောပေါက်နိုင်သူတစ်စုဖြစ်သည့် အောင်မြင်သောသူများ အုပ်စုတစ်စုကို တမ်းတပြီးဖြစ်သည်။ ဘုရားသခင်၏ ဤဆန္ဒသည် မည်သည့်အခါမျှ မပြောင်းလဲလေပြီ။ သူ မည်မျှကြာကြာ စောင့်ရဦးမည်ဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းခရီးက မည်မျှကြမ်းတမ်းသည် ဖြစ်စေ၊ ပြီးလျှင် သူတောင့်တသော ရည်မှန်းချက်များက မည်မျှ အလှမ်းဝေးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားအတွက် သူ၏မျှော်လင့်ချက်များကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ချေ၊ သို့မဟုတ် မစွန့်လွှတ်ခဲ့ချေ။ ဤအရာကို ယခု ငါပြောပြီးဖြစ်သည်၊ ဘုရားသခင်၏ ဆန္ဒနှင့်ပတ်သက်သည့် အရာတစ်ခုကို သင်တို့ နားလည်ကြ ပါသလော။ သင်တို့ နားလည်ပြီးဖြစ်သည့်အရာမှာ သိပ်နက်နဲကောင်း နက်နဲမည်မဟုတ်- သို့သော် ယင်းသည် တဖြည်းဖြည်း နက်နဲလာပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

Share