Read more!
Read more!

ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည်

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ကဏ္ဍကို သင်ဆောင်ရွက်ရပါတော့သည်၊ သင့်ဘဝ၏ ခရီးစဉ်ကို သင်စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။

ညအချိန်သည် တိတ်တဆိတ် ချဉ်းကပ်လာသောအခါ လူသားသည် သတိမပြုမိပေ၊ အကြောင်းမှာ လူသား၏နှလုံးသားအနေဖြင့် ညသည် မည်ကဲ့သို့ချဉ်းကပ်လာသည်၊ သို့မဟုတ် မည်သည့်နေရာမှ လာသည်ကို သတိမမူမိနိုင်သောကြောင့်ဖြစ်သည်။ ညသည် တိတ်တဆိတ် တစ်စတစ်စပျောက်ကွယ်သွားချိန်တွင် လူသားသည် နေ့၏ အလင်းရောင်ကို ကြိုဆိုသည်၊ သို့သော်လည်း မည်သည့်နေရာမှ အလင်းလာပြီး ည၏အမှောင်ထုကို မည်သို့နှင်ထုတ်လိုက်ပုံကိုမူ လူသားသည် သာ၍ပင် မသိရှိကြပေ၊ သာ၍ပင် သတိမထားမိကြပေ။ ထိုသို့ ထပ်တလဲဖြစ်ပေါ်နေသော နေ့နှင့်ညတစ်လှည့်စီ ဖြစ်ပေါ်မှုများသည် လူတို့ကို ကာလတစ်ခုမှ အခြားကာလတစ်ခုသို့၊ သမိုင်းကြောင်းနောက်ခံအနေအထားတစ်ခုမှ အခြားတစ်ခုသို့ ပို့ဆောင်ပေးပြီး၊ တစ်ဖက်တွင်လည်း ခေတ်ကာလတိုင်းရှိ ဘုရားသခင်၏ အမှုနှင့် ခေတ်တိုင်းအတွက် သူ၏အကြံအစည်တို့ ဆောင်ရွက်ပြီးသည်ကို သေချာစေလျက်ရှိသည်။ လူသားသည် ဘုရားသခင်နှင့်အတူ ဤခေတ်ကာလများကို လျှောက်လှမ်းခဲ့သော်လည်း ဘုရားသခင်သည် အရာအားလုံးနှင့် သက်ရှိတို့၏ ကံကြမ္မာကို ပိုင်စိုးသည်ကို မသိသကဲ့သို့ ဘုရားသခင်သည် အရာအားလုံးကို စီစဉ်ညွှန်ကြားပြီး လမ်းညွှန်ပြပေး သည်ကိုလည်း သူမသိပေ။ ရှေးအတီတေကာလမှ ယနေ့မျက်မှောက်ထိ လူသားသည် ထိုအချက်ကို သဘောမပေါက်ပေ။ အကြောင်းရင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သိုဝှက်လွန်းခြင်းကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ အကြံအစည်မှာ မပြည့်မြောက်သေး သောကြောင့် မဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ စာတန်ကို အစေခံလျက်ရှိနေသေးသော်လည်း ထိုအချက်ကို မသိသည်အထိပင် လူသား၏နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့် သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏ နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက် ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။ အမှန်တကယ်အားဖြင့် အစအဦးမှစပြီး ယခုအချိန်အထိ၊ ဘုရားသခင်သည် ဇာတ်ဆောင်နှင့် ဒုက္ခခံရသူနှစ်ခုစလုံးမှာ လူသားဖြစ်သည့် ပူဆွေးမှု ပြဇာတ်တစ်ခုကို လူသားတို့အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုပူဆွေးမှုပြဇာတ်၏ ဒါရိုက်တာမှာ မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ မဖြေဆိုနိုင်ပေ။

အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ကဲ့သို့သော မရေတွက်နိုင်သည့် ပြောင်းလဲမှုများသည် ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့သည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ မညွှန်ကြားနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် ကြိုးပမ်းရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အင်အားကြီးသောသူ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် ကမ္ဘာကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး၊ ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် လူသားတို့ပင်ဖြစ်သည်၊ ဤကဲ့သို့သော လူသားတို့ ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသောသူ ရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်း ပေလုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး၊ သူ၏သတိပေးချက်များနှင့် တိုက်တွန်းနှိုးဆော်ချက်များအပေါ် တုံ့ပြန်မှုများ မရှိပါက သူ့အနေဖြင့် မည်သို့အမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိသင့်သည်။ သူ၏အမျက်သည် ဖန်ဆင်းခံသူတို့ ကြုံတွေ့ဖူးသော၊ ကြားဖူးသော အရာများနှင့် လုံးဝတူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ စေ့စပ်သေချာသည့် ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။

ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံး၀ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...။ ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။ လူသားအသက်၏ မူလအစနှင့် ရှေ့ဆက်မှုတို့ကို ထိန်းချုပ် ထားသည့် လျှို့ဝှက်ချက်များကို မည်သူမျှ စုံစမ်းစစ်ဆေးခဲ့ဖူးခြင်း မရှိပေ။ ဤအရာအားလုံးကို နားလည်တော်မူသော ဘုရားသခင်သည်သာ အရာအားလုံးကို ဘုရားသခင်ထံမှ ရရှိထားသော်လည်း ကျေးဇူးတင်ခြင်းမရှိသော လူသားက သူ့ကိုပေးသည့် နာကျင်မှုနှင့် ထိုးနှက်မှုတို့ကို တစ်ခွန်းမျှမဟဘဲ သည်းခံလျက်ရှိသည်။ လူသားသည် ဘဝက ယူဆောင်လာသော အရာအားလုံးကို ပေါ့ပေါ့တန်တန် သဘောထားသည်၊ ထိုနည်းတူပင် ဘုရားသခင်သည် လူသား၏ သစ္စာဖောက်ခံရပြီး မေ့လျော့ခံရကာ ခြိမ်းခြောက် တောင်းယူ ခံရခြင်းမှာလည်း “ဖြစ်ရိုးဖြစ်စဉ်” ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်သည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးနေနိုင်သလော။ ဘုရားသခင်၏ လက်တော်မှလာသော ဤသက်ရှိလူသားသည် အမှန်တကယ်ပင် ထိုမျှအရေးကြီးနေနိုင်သလော။ ဘုရားသခင်၏ အစီအစဉ်သည် အရေးကြီးသည်ကား သေချာပေ၏၊ သို့ရာတွင် ဘုရားသခင်၏လက်တော်ဖြင့် ဖန်ဆင်းခဲ့သော ဤသက်ရှိသည် သူ၏အစီအစဉ်အတွက် တည်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဤလူသားမျိုးနွယ်ကို မုန်းတီးခြင်းကြောင့် ဘုရားသခင်သည် သူ၏အစီအစဉ်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ သူ၏အစီအစဉ်နှင့် သူမှုတ်သွင်းထားခဲ့သည့် ဇီဝအသက်ကြောင့်သာ ဘုရားသခင်သည် ညှဉ်းဆဲမှုအားလုံးကို သည်းခံနေခြင်းဖြစ်ပြီး လူသား၏ သွေးသားခန္ဓာအတွက် မဟုတ်ဘဲ လူသား၏ အသက်အတွက်ဖြစ်သည်။ သူသည် လူသား၏ သွေးသားခန္ဓာကို ပြန်ယူရန်မဟုတ်ဘဲ သူမှုတ်သွင်းခဲ့သော အသက်ကို ပြန်ယူရန် ထိုသို့ပြုခြင်းဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်။

ဤကမ္ဘာမြေကြီးထဲသို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည်ဖြစ်ပြီး၊ ၎င်းတို့အထဲမှ အများစုသည် သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူများသည် မကြာမီ ပြန်လာရလိမ့်မည်။ ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရားသခင် စီစဉ် ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။ ဤလမ်းကြောင်းနှင့် သံသရာသည် လူသားကို ဘုရားသခင်မှ မြင်တွေ့စေလိုသည့် အမှန်တရားအတိအကျပင် ဖြစ်သည်၊ ဘုရားသခင်မှ လူသားအပေါ် အပ်နှင်းထားသော အသက်သည် အဆုံးမရှိကြောင်း၊ အသွေးအသား၊ အချိန်၊ သို့မဟုတ် နေရာတို့၏ နှောင်ဖွဲ့ထားခြင်းကို မခံရကြောင်းပင် ဖြစ်သည်။ ယင်းမှာ လူသားအပေါ် ဘုရားသခင် အပ်နှင်းပေးထားသော အသက်၏နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။ အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူအတော်များများက မယုံကြည်ကြသော်ငြားလည်း၊ ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ယုံကြည်သည်ဖြစ်စေ၊ ငြင်းဆိုသည်ဖြစ်စေ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာအားလုံးကို မလွဲဧကန် မွေ့လျော်နေကြပေသည်။ အကယ်၍ ဘုရားသခင်သည် တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သောအသက်ကို ပြန်သိမ်းလိုပါက အရာအားလုံးသည် တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏စွမ်းအားနှင့် သြဇာအာဏာတို့ကို အရင်းခံ၍ အရာအားလုံးကို စည်းစနစ်ကျနစေခြင်းဖြင့် သက်ရှိသက်မဲ့ အရာအားလုံးကို သူ၏အသက်ကိုအသုံးပြု၍ ထောက်ပံ့သည်။ ယင်းမှာ မည်သူမျှ စိတ်ကူး၍မရနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် အမှန်တရားဖြစ်ပြီး၊ ဤနားမလည်နိုင်သော အမှန်တရားများသည် ဘုရားသခင်၏ အသက်စွမ်းအားအတွက် သက်သေခံချက်နှင့် ၎င်း၏ သရုပ်သကန်ပင်ဖြစ်သည်။ ယခုသင့်ကို လျှို့ဝှက်ချက်တစ်ခု ငါပြောပြမည်၊ ဘုရားသခင့်အသက်၏ ကြီးမားမှုနှင့် သူ့အသက်၏ တန်ခိုးကို မည်သည့်ဖန်ဆင်းခံကမျှ ဉာဏ်မမီနိုင်ပေ။ ဤအချက်သည် ယခု၊ ယခင်နှင့် နောင်လာမည့် ကာလအတွက်လည်း ထိုအတိုင်းပင် ဖြစ်နေမည်ဖြစ်သည်။ ငါပေးမည့် ဒုတိယလျှို့ဝှက်ချက်မှာ ဖန်ဆင်းခံအရာ အားလုံးသည် ပုံစံအရ၊ သို့မဟုတ် တည်ဆောက်ပုံအရ မည်သို့ပင် ကွဲပြားနေစေကာမူ ၎င်းတို့အားလုံးအတွက် အသက်၏ အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာကြောင်းပင်ဖြစ်သည်။ သင်သည် မည်သည့်သက်ရှိအမျိုးအစား ဖြစ်နေစေကာမူ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို မချိုးဖောက် နိုင်ပေ။ မည်သို့ပင်ဖြစ်စေ လူသားအနေဖြင့် အောက်ပါအချက်ကို နားလည်ရန်သာ ငါအလိုရှိသည်- ဘုရားသခင်၏ စောင့်ရှောက်မှု၊ ထိန်းသိမ်းမှုနှင့် ထောက်ပံ့ပေးမှုတို့ မရှိပါက လူသားသည် မည်မျှပင် ဝီရိယရှိရှိ ကြိုးစားစေကာမူ၊ သို့မဟုတ် မည်မျှပင် အားသွန်ခွန်စိုက် ရုန်းကန်စေကာမူ သူရရှိရန် ရည်ရွယ်ထားသမျှ အရာအားလုံးကို မရနိုင်ပေ။ ဘုရားသခင်ထံမှ အသက်ထောက်ပံ့ပေးခြင်း မရှိပါက လူသားသည် အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အသက်၏အဓိပ္ပာယ်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့အသက်၏တန်ဖိုးကို ပေါ့ပြက်ပြက်ဖြုန်းတီးပစ်သော လူသားကို မည်သို့လျှင် အလွန်အမင်း ပူပင်ကြောင့်ကြကင်းမဲ့ခွင့် ပေးထားနိုင်မည်နည်း။ ယခင်က ငါပြောခဲ့သည့်အတိုင်း ဘုရားသခင်သည် သင့်အသက်၏ အရင်းအမြစ် ဖြစ်သည်ကို မမေ့နှင့်။ အကယ်၍ လူသားသည် ဘုရားသခင် အပ်နှံပေးထားသော အရာအားလုံးကို မြတ်နိုးတန်ဖိုးထားရန် ပျက်ကွက် ပါက၊ ဘုရားသခင်သည် အစအဦး၌ သူပေးထားသည့် အရာများကို ပြန်ယူမည်သာမကဘဲ သူပေးထားခဲ့သော အရာအားလုံး၏ အဖိုးအခ နှစ်ဆကို လူသားထံမှ နစ်နာကြေးအဖြစ် အရယူမည်ဖြစ်သည်။

၂ဝဝ၃ ခုနှစ်၊ မေလ ၂၆ ရက်

Share