ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။ ယေဟောဝါ ဘုရားသခင်သည် မြေထဲမှ မြေသားရဲတိရစ္ဆာန်တိုင်းနှင့် မိုးကောင်းကင် ငှက်အားလုံးတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့ကို အာဒံ အဘယ်သို့ သတ်မှတ်ခေါ်ဝေါ်လိမ့်မည်ကို သိရန်အတွက် သူ့ထံသို့ ခေါ်ဆောင်လာခဲ့သည်။ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။ အာဒံသည် ကျွဲနွား တိရစ္ဆာန်အပေါင်း၊ မိုးကောင်းကင်ငှက်များနှင့် မြေသားရဲ တိရစ္ဆာန်တိုင်းကို အမည်များပေးလေသည်။ သို့သော်လည်း အာဒံအတွက် သူနှင့် သင့်တော်သော အထောက်အမ မတွေ့ရသေးပေ။
ကမ္ဘာဦးကျမ်း ၂:၂၂-၂၃ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူထဲကယူခဲ့သောနံရိုးဖြင့် မိန်းမတစ်ဦးကို ဖန်ဆင်းကာ လူသားထံသို့ သူမကို ဆောင်ခဲ့လေ၏။ ထို့နောက် အာဒံက ယခု ဤသူမှာ ငါ၏အရိုးများထဲကအရိုး၊ ငါ၏အသားထဲကအသား ဖြစ်၏၊ သူ့ကို လူ၏အထဲမှ ထုတ်ယူသောကြောင့် လူမိန်းမဟု ခေါ်ရမည်ဟု ဆိုလေသည်။
သမ္မာကျမ်းစာ၏ ဤအပိုင်း၌ အဓိကကျသည့် စာကြောင်းတစ်ကြောင်း ရှိသည်- “အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။” သို့ဆိုလျှင် သက်ရှိသတ္တဝါအားလုံးကို မည်သူက နာမည်ပေးခဲ့သနည်း။ အာဒံဖြစ်သည်၊ ဘုရားသခင် မဟုတ်ပေ။ ဤစာကြောင်းက လူသားမျိုးနွယ်အား အမှန်တရားတစ်ခုကို ပြောသည်- လူသားကို ဖန်ဆင်းခဲ့ချိန်တွင် ဘုရားသခင်သည် သူ့ကို အသိဉာဏ်ပေးခဲ့သည်။ ဆိုလိုသည်မှာ၊ လူသား၏ အသိဉာဏ်သည် ဘုရားသခင်ထံမှ လာပေသည်။ ဤသည်မှာ ကျိန်းသေဖြစ်သည်။ သို့သော် အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် အာဒံကိုဖန်ဆင်း ပြီးနောက် အာဒံသည် ကျောင်းတက်ခဲ့သလော။ မည်သို့စာဖတ်ရမည်ကို သူသိခဲ့ပါသလော။ ဘုရားသခင်သည် သက်ရှိသတ္တဝါအမျိုးမျိုးကို ဖန်ဆင်းပြီးနောက်တွင် ဤသတ္တဝါအားလုံးကို အာဒံ သတိပြုမိခဲ့သလော။ ၎င်းတို့၏နာမည်များက မည်သည့်အရာများဖြစ်သည်ကို ဘုရားသခင်က အာဒံကို ပြောခဲ့သလော။ ဟုတ်ပေ၏၊ ဤသတ္တဝါများ၏ အမည်များအား မည်သို့ စိတ်ကူးရမည်ကို ဘုရားသခင်က သူ့ကို သင်မပေးခဲ့ပေ။ ယင်းမှာ အမှန်တရားဖြစ်သည်။ သို့ဆိုလျှင်၊ ဤသတ္တဝါများအား ၎င်းတို့၏နာမည်များ မည်သို့ ပေးရမည်ဆိုသည်နှင့် မည်သည့် နာမည်မျိုးပေးရမည် ဆိုသည်ကို အာဒံက မည်သို့သိခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့ချိန်တွင် သူ့ကို အဘယ်အရာ ထည့်ပေးလိုက်သည် ဆိုသည့် မေးခွန်းနှင့် ဆက်နွှယ်ပေသည်။ ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူ၏အသိဉာဏ်ကို လူသားထံ ထည့်သွင်းပေးခဲ့သည်ကို အချက်အလက်များက သက်သေပြပေသည်။ ဤသည်မှာ အဓိကကျသည့် အချက်ဖြစ်သည်၊ ထို့ကြောင့် သေချာစွာ နားထောင်ကြလော့။ သင်တို့ နားလည်သင့်သည့် နောက်ထပ် အဓိကကျသည့်အချက်လည်း ရှိပေသည်။ ဤသက်ရှိသတ္တဝါများကို အာဒံက ၎င်းတို့၏ နာမည်များ ပေးပြီးသည့်နောက်တွင်၊ ဤနာမည်များသည် ဘုရားသခင်၏ ဝေါဟာရထဲတွင် သတ်မှတ် ခံလာခဲ့ရသည်။ ဤအရာကို ငါအဘယ်ကြောင့် ဖော်ပြရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာသည်လည်း ဘုရားသခင်၏စိတ်သဘောထား ပါဝင်သောကြောင့်ဖြစ်ပြီး ဤသည်မှာ ငါ နောက်ထပ် အသေးစိတ်ရှင်းပြရမည့် အချက်တစ်ချက် ဖြစ်သောကြောင့် ဖြစ်သည်။
ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့သည်၊ ၎င်း၏အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး၊ သူ၏အသိဉာဏ်၊ သူ၏ အစွမ်းအစများနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲမှ အချို့ကိုလည်း လူကို ပေးခဲ့သည်။ ဘုရားသခင်သည် လူကို ဤအရာအားလုံးပေးခဲ့ပြီးနောက်တွင်၊ လူသားသည် အချို့အရာများကို အမှီအခိုကင်းစွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ မိမိဘာသာ တွေးခေါ်နိုင်ခဲ့သည်။ လူသားက စိတ်ကူးရပြီး လုပ်ဆောင်သည့်အရာများသည် ဘုရားသခင်၏ အမြင်၌ ကောင်းမွန်ပါက၊ ဘုရားသခင်သည် လက်ခံပြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ လူသား လုပ်ဆောင်သည့် အရာက မှန်ကန်ပါက၊ ဘုရားသခင်က တည်နေခွင့်ပေးမည် ဖြစ်သည်။ သို့ဆိုလျှင် “အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ညွှန်ပြသနည်း။ ယင်းက သတ္တဝါအမျိုးမျိုးတို့ကို ပေးထားသည့် အမည် တစ်ခုတစ်လေကို ပြောင်းလဲရန် သင့်တော်သည်ဟု ဘုရားသခင် မမြင်သည်ကို ညွှန်ပြပေသည်။ သတ္တဝါ တစ်ကောင်ကို အာဒံက မည်သည့် နာမည်ပေးသည်ဖြစ်စေ၊ ဘုရားသခင်က သတ္တဝါ၏ အမည်ကို အတည်ပြုပေးရင်း၊ “ထိုသို့ ဖြစ်စေ” ဟု ပြောပေမည်။ ထိုကိစ္စရပ်နှင့်ပတ်သက်၍ ဘုရားသခင်သည် ထင်မြင်ချက်တစ်ခုတစ်လေကို ဖော်ပြခဲ့ပါသလော။ မဖော်ပြခဲ့၊ ဘုရားသခင်က သေချာပေါက် မဖော်ပြခဲ့ပေ။ သို့ဆိုလျှင် ဤအရာမှ မည်သည့်အရာကို သင်တို့ နားလည်လိုက်သနည်း။ ဘုရားသခင်သည် လူကို အသိဉာဏ်ပေးခဲ့ပြီး လူသည် အမှုအရာများကို လုပ်ဆောင်ရန် သူ၏ ဘုရားပေးထားသည့် အသိဉာဏ်ကို အသုံးပြုခဲ့သည်။ လူလုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ အမြင်တွင် အပြုသဘောဆောင်ပါက၊ မည်သည့် အကဲဖြတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမျှမရှိဘဲ ဘုရားသခင်သည် ယင်းကို အတည်ပြုပေးသည်၊ အသိအမှတ်ပြုပြီး လက်ခံပေးခဲ့သည်။ ဤသည်မှာ မည်သည့်လူဖြစ်စေ၊ သို့မဟုတ် မည်သည့် ဆိုးယုတ်သော ဝိညာဉ်ဖြစ်စေ သို့မဟုတ် စာတန်ကဖြစ်စေ လုပ်ဆောင်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ဤတွင် ဘုရားသခင်၏စိတ်သဘောထား ဖွင့်ပြမှုကို သင်တို့မြင်သလော။ လူသားတစ်ဦး၊ ဖောက်ပြန်ပျက်စီးနေသည့် လူတစ်ဦး သို့မဟုတ် စာတန်သည် ၎င်းတို့၏ မျက်စိအောက်တွင်ပင် တစ်ဦးတစ်ယောက်က ၎င်းတို့၏ အမည်ဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ ခွင့်ပြုမည်လော။ ခွင့်ပြုမည် မဟုတ်သည်မှာ မှန်ပေ၏။ ၎င်းတို့သည် ဤရာထူးနှင့်ပတ်သက်၍ ၎င်းတို့နှင့်မတူညီသည့် အခြားလူ သို့မဟုတ် အခြား အင်အားစုနှင့် တိုက်ခိုက်မည်လော။ တိုက်ခိုက်ကြပေမည်မှာ မှန်ပေ၏။ ထိုအချိန်က အာဒံနှင့်အတူရှိခဲ့သည်မှာ ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦး သို့မဟုတ် စာတန်ဖြစ်ခဲ့မည်ဆိုပါက၊ ၎င်းတို့သည် အာဒံ လုပ်ဆောင်နေခဲ့သည့်အရာကို သေချာပေါက် ငြင်းပယ်ခဲ့ကြမည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် အမှီအခိုကင်းစွာ စဉ်းစားနိုင်စွမ်းရှိပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် တစ်မူထူးသော ထိုးထွင်းသိမြင်မှုရှိသည်ကို သက်သေပြရန် အာဒံလုပ်ဆောင်ခဲ့သည့် အရာတိုင်းကို လုံးဝ ငြင်းပယ်ခဲ့ကြမည် ဖြစ်သည်- “၎င်းကို ဤသို့ သင်ခေါ်ချင်သလော။ ကောင်းပြီ၊ ၎င်းကို ဤသို့ ငါခေါ်မည်မဟုတ်၊ ထိုသို့ ငါခေါ်မည်။ သင်က တွမ်ဟု ခေါ်သော်လည်း၊ ငါက ဟယ်ရီဟု ခေါ်မည်။ ငါမည်မျှ လိမ္မာပါးနပ်သည်ကို ပြသရမည်။” ဤသည်မှာ မည်သည့် သဘာဝမျိုး ဖြစ်သနည်း။ ယင်းမှာ လွန်လွန်ကဲကဲ မာနထောင်လွှားသည် မဟုတ်လော။ ဘုရားသခင်နှင့် သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်သည် ထိုသို့သော စိတ်သဘောထားတစ်ခု ရှိသလော။ အာဒံ လုပ်ဆောင်သည့်အရာကို ဘုရားသခင်က တစ်မူထူးခြားသည့် ကန့်ကွက်မှုများတစ်ခုတစ်လေ ရှိခဲ့သလော။ အဖြေမှာ ပြတ်ပြတ်သားသား မရှိဟူ၍ ဖြစ်သည်။ ဘုရားသခင်ဖော်ပြသည့် စိတ်သဘောထားနှင့် သက်ဆိုင်၍၊ အငြင်းအခုန်ပြုခြင်း၊ မာနထောင်လွှားခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းတို့၏ အရိပ်အယောင် နည်းနည်းမျှ မရှိပေ။ ဤတွင် ထိုမျှ ရှင်းပေသည်။ ဤသည်မှာ အသေးအဖွဲဖြစ်သော အချက်တစ်ခု ဖြစ်ပုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အနှစ်သာရကို သင်နားမလည်ပါက၊ ဘုရားသခင် မည်သို့ ပြုမူပြီး ဘုရားသခင်၏သဘောထားက မည်သည့်အရာ ဖြစ်သည်ကို သဘောပေါက်ဖို့ သင်မကြိုးစားပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို သိလိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်နှင့် ဖွင့်ပြချက်တို့ကို သင်မြင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ မမှန်ကန်သလော။ သင့်ကို ငါ ခုလေးတင် ရှင်းပြခဲ့သည့်အရာကို သင် သဘောတူသလော။ အာဒံ၏လုပ်ရပ်များကို တုန့်ပြန်ရာတွင်၊ ဘုရားသခင်က “ကောင်းစွာ သင်ပြုလေပြီ၊ မှန်ကန်စွာ သင်ပြုပြီဖြစ်ကာ ငါထောက်ခံသည်။” ဟူ၍ ကိန်းကြီးခမ်းကြီးနိုင်စွာ မကြွေးကြော်ပေ။ သို့ရာတွင် ဤအရာတွင် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သည် အာဒံ လုပ်ဆောင်ခဲ့သည့်အရာကို အတည်ပြုခဲ့သည်၊ အသိအမှတ်ပြုခဲ့ပြီး ချီးကျူးခဲ့သည်။ ဤသည်မှာ ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်၏ ညွှန်ကြားချက်ဖြင့် ဘုရားသခင်အတွက် လူသားက လုပ်ဆောင်သည့် ပထမဆုံးသောအရာဖြစ်သည်။ ယင်းမှာ လူသားက ဘုရားသခင်၏ကိုယ်စားနှင့် ဘုရားသခင်ကို ကိုယ်စားပြုခြင်းဖြင့် လုပ်ဆောင်ခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင်၊ ဤသည်မှာ လူသားကို သူပေးသနားခဲ့သည့် အသိဉာဏ်မှ ပေါ်ထွက်လာခဲ့ပေသည်။ ယင်းကို ကောင်းမြတ်သည့် အရာတစ်ခု၊ အပြုသဘောဆောင်သည့်အရာတစ်ခုအဖြစ် ဘုရားသခင်က မြင်ခဲ့သည်။ ထိုအချိန်က အာဒံ လုပ်ဆောင်ခဲ့သည့်အရာသည် လူသားအထဲက ဘုရားသခင်၏ အသိဉာဏ်၏ ပထမဆုံးသော သရုပ်သကန် ဖြစ်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကောင်းမွန်သည့် သရုပ်သကန်တစ်ခု ဖြစ်ခဲ့သည်။ ဤတွင် သင်တို့ကို ငါပြောလိုသည့် အရာမှာ လူသားထံ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ အသိဉာဏ်နှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာကို လူသားထံ ပေးရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်ကို ထင်ရှားစေသည့် သက်ရှိသတ္တဝါ ဖြစ်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ထိုသို့သော သက်ရှိ သတ္တဝါတစ်ဦးအနေဖြင့် သူ့ကိုယ်စား ပြုမူဖို့သည်ကို တွေ့မြင်ရန်မှာ ဘုရားသခင် တောင့်တနေခဲ့ပြီး ဖြစ်သည့်အရာ အတိအကျ ဖြစ်ခဲ့ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ