ဘုရားသခင်သည် သောဒုံမြို့ကို ဖျက်ဆီးရမည်
ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ နေရာတစ်ခုလုံးကို ငါချမ်းသာပေးမည်ဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၂၉ တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၃၀ တဖန်တုံ၊ ထိုမြို့၌ သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၃၁ တဖန်တုံ၊ ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ နှစ်ဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၃၂ တဖန်တုံ၊ ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံပြီး မိန့်တော်မူချက်များကို လိုက်နာနိုင်သော သူများကိုသာ ဂရုစိုက်သည်
အထက်ပါ ကျမ်းပိုဒ်များတွင် အဓိကကျသော စာလုံးအချို့ ပါဝင်သည်၊ ၎င်းတို့မှာ ဂဏန်းများ ဖြစ်သည်။ ပထမဦးစွာ ယေဟောဝါက မြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကို သူတွေ့လျှင် တစ်မြို့လုံးကို ချမ်းသာပေးမည်ဟု ဆိုခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် ထိုမြို့ကို သူဖျက်ဆီးမည် မဟုတ်ဟု ဆိုလိုသည်။ ထိုသို့ဆိုသော် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ် အမှန်တကယ် ရှိခဲ့သလော။ မရှိခဲ့ပါ။ ထိုသို့ဆိုပြီးနောက် အာဗြဟံသည် ဘုရားသခင်အား မည်သည်ကို ပြောခဲ့သနည်း။ သူက လေးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုခဲ့သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ပြန်ဆို၏။ ထို့နောက် အာဗြဟံက သုံးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုပြန်သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ပြန်ဆို၏။ ထိုသို့ဆိုသော် နှစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ တစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ ဆယ်ဦး အမှန်တကယ် ရှိခဲ့သလော။ ဆယ်ဦး မရှိခဲ့ပါ၊ သို့သော် တစ်ဦး ရှိခဲ့သည်။ ဤသူမှာ မည်သူ ဖြစ်သနည်း။ ထိုသူမှာ လောတဖြစ်သည်။ ထိုစဉ်က သောဒုံမြို့ထဲ ဖြောင့်မတ်သူ တစ်ဦးမျှသာ ရှိခဲ့သော်လည်း ဘုရားသခင်သည် ဤဂဏန်းနှင့်ပတ်သက်လာပါက အလွန်တင်းကျပ် သို့မဟုတ် တိကျခဲ့သလော။ မဟုတ်ပါ၊ သူမတင်းကျပ်ခဲ့ပါ။ ထို့ကြောင့် လူက “လေးဆယ်ဆို အဘယ်နည်း” “သုံးဆယ်ဆို အဘယ်နည်း” ဟူ၍ “တစ်ဆယ်ဆို အဘယ်နည်း” ရောက်သည်အထိ ဆက်၍မေးခဲ့သည်။ ဘုရားသခင်က “ဆယ်ဦးသာ ရှိခဲ့လျှင်လည်း ထိုမြို့ကို ငါမဖျက်ဆီး၊ ၎င်းကို ငါချမ်းသာပေးပြီး ထိုဆယ်ဦးအပြင် အခြားလူများကိုပါ ခွင့်လွှတ်မည်” ဟုဆိုခဲ့သည်။ ဆယ်ဦး ဆိုသည်မှာ အလွန်နည်းသော်လည်း အမှန်တကယ် သောဒုံ၌ ဖြောင့်မတ်သောသူ အရေအတွက်မှာ ယင်းလောက်ပင် မရှိကြောင်း တွေ့ခဲ့ရသည်။ ထို့အပြင် ဘုရားသခင်၏ အမြင်တွင် ထိုမြို့သားတို့၏ အပြစ်တရားနှင့် မကောင်းမှုသည် ထို့လောက်ပင် ဖြစ်ခဲ့သဖြင့် ဘုရားသခင်သည် ၎င်းတို့ကို မဖျက်ဆီးဘဲ မနေနိုင်လောက်အောင်ပင် ရွေးချယ်စရာမရှိ ဖြစ်ခဲ့ကြောင်းကို သင်တို့မြင်ကြရမည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိပါက မြို့ကို သူမဖျက်ဆီးဟု ပြောခဲ့သည့်အခါ အဘယ်အရာကို သူဆိုလိုခဲ့ခြင်း ဖြစ်သနည်း။ ဤဂဏန်းများမှာ ဘုရားသခင်အတွက် အရေးမကြီးခဲ့ပါ။ အရေးကြီးသောအရာမှာ မြို့ထဲတွင် သူအလိုရှိခဲ့သော ဖြောင့်မတ်သူများ ရှိ မရှိ ဖြစ်သည်။ အကယ်၍ မြို့ထဲတွင် ဖြောင့်မတ်သောသူ တစ်ဦးသာ ရှိခဲ့ပါက ဘုရားသခင်သည် မြို့ကို ဖျက်ဆီးခြင်းအကြောင်းကြောင့် ၎င်းတို့အပေါ် ဘေးအန္တရာယ် ကျရောက်ခွင့်ပြုမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် မြို့ကို ဖျက်ဆီးမည် ဖြစ်စေ မဖျက်ဆီးမည် ဖြစ်စေ၊ မြို့ထဲတွင် ဖြောင့်မတ်သူ မည်မျှရှိသည်ဖြစ်စေ ပဓာနမထားဘဲ ဘုရားသခင်အတွက်မူကား ဤဒုစရိုက်မြို့သည် ကျိန်ခြင်းကိုခံရပြီး မနှစ်မြို့စရာ၊ ဖျက်ဆီးထိုက်သောမြို့၊ ဘုရားသခင်၏ မြင်ကွင်းမှ ပျောက်ကွယ်ထိုက်သောမြို့ ဖြစ်သော်လည်း ဖြောင့်မတ်သောသူတို့မူကား ဆက်လက်တည်ရှိသင့်ပေသည်။ မည်သည့်ခေတ်ကာလ ဖြစ်ပါစေ၊ လူသားမျိုးနွယ်၏ တိုးတက်မှု အဆင့်တို့ကို ပဓာနမပြု၊ ဘုရားသခင်၏ သဘောထားသည် မပြောင်းလဲပေ၊ သူသည် မကောင်းမှုကို မုန်းတီး၍ သူ၏အမြင်တွင် ဖြောင့်မတ်သောသူတို့ကို ဂရုစိုက်လေ၏။ ဘုရားသခင်၏ ရှင်းလင်းသော ဤသဘောထားမှာ ဘုရားသခင်၏ဖြစ်ခြင်းကို စစ်မှန်စွာ ထုတ်ဖော်ပြသခြင်းလည်း ဖြစ်သည်။ မြို့ထဲ၌ ဖြောင့်မတ်သူတစ်ဦးသာ ရှိခြင်းကြောင့် ဘုရားသခင်သည် ဆက်၍ ဆိုင်းငံ့ခြင်း မရှိတော့ပေ။ နောက်ဆုံးရလဒ်မှာ သောဒုံသည် ဖျက်ဆီးခြင်းကို ဧကန် ခံခဲ့ရလေသည်။ ဤအရာထဲမှ သင်တို့ မည်သည်ကို မြင်သနည်း။ ထိုခေတ်ကာလတွင် ဘုရားသခင်သည် မြို့တစ်မြို့၌ ဖြောင့်မတ်သူ အယောက်ငါးဆယ် ရှိခဲ့ပါက၊ ဆယ်ဦးရှိခဲ့ပါက ထိုမြို့ကို မဖျက်ဆီးပေ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ့ကိုကြည်ညိုလေးမြတ်ပြီး ကိုးကွယ်နိုင်သည့် လူအနည်းငယ်ကြောင့် လူသားမျိုးနွယ်ကို ခွင့်လွှတ်ရန်နှင့် သည်းခံရန် ဆုံးဖြတ်လိမ့်မည် သို့မဟုတ် လမ်းပြခြင်းအမှုကို ပြုလိမ့်မည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် လူ၏ ဖြောင့်မတ်သော အမှုများအပေါ် အလွန်စိတ်ချယုံကြည်သည်၊ သူ့ကို ကိုးကွယ်နိုင်သူများအပေါ် အလွန်စိတ်ချယုံကြည်ပြီး သူ့ရှေ့တွင် ကောင်းသောအမှုများကို လုပ်ဆောင်နိုင်သူများအပေါ် အလွန်စိတ်ချယုံကြည်သည်။
အစောဆုံး ကာလများမှစ၍ ယနေ့တိုင် တစ်စုံတစ်ဦးကို သမ္မာတရား သိစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးအကြောင်း ပြောခြင်းကို ဘုရားသခင်၏ သမ္မာကျမ်းစာထဲ၌ သင်တို့ ဖတ်ရှုခဲ့ဖူးသလော။ မည်သည့်အခါမျှ မဖတ်ရှုခဲ့ရပါ။ ငါတို့ဖတ်ရှုသည့် လူ့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အား မည်သည့်အရာများကို လုပ်ရန်သာ ပြောသည်။ အချို့က သွား၍ လုပ်ဆောင်ခဲ့ကြသည်၊ အချို့က မလုပ်ခဲ့ကြပေ၊ အချို့က ယုံကြည်ခဲ့ကြပြီး အချို့က မယုံကြည်ခဲ့ကြပေ။ ရှိခဲ့သော အရာများမှာ ဤမျှသာ ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်ကာလ၌ ဖြောင့်မတ်သောသူများမှာ ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သောသူများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြား၍ ဘုရားသခင်၏ အမိန့်များကို လိုက်နာသောသူများသာ ဖြစ်သည်။ ၎င်းတို့သည် လူများအလယ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်သော အစေခံများ ဖြစ်ကြသည်။ ယင်းကဲ့သို့ လူများကို ဘုရားသခင်အား သိသောသူများဟူ၍ ခေါ်နိုင်သလော။ ၎င်းတို့ကို ဘုရားသခင်၏ စုံလင်စေခြင်းခံရသောသူများ ဖြစ်သည်ဟု ခေါ်နိုင်သလော။ ၎င်းတို့ကို ထိုသို့ မခေါ်နိုင်ပါ။ ထို့ကြောင့် ၎င်းတို့၏ အရေအတွက် မည်မျှဖြစ်ပါစေ ဘုရားသခင်၏ အမြင်တွင် ဖြောင့်မတ်သောဤလူများသည် ဘုရားသခင်၏ လူယုံများ ဖြစ်သည်ဟု ခေါ်ဝေါ်ခြင်းကို ခံထိုက်သလော။ ၎င်းတို့ကို ဘုရားသခင်၏ သက်သေခံများဟု ခေါ်နိုင်သလော။ လုံးဝ ခေါ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ လူယုံများနှင့် သက်သေခံများ ဖြစ်သည်ဟူ၍ ခေါ်ဝေါ်ခြင်းကို ဧကန်အမှန် မထိုက်တန်ခဲ့ကြပါ။ ထိုသို့ဆိုသော် ဘုရားသခင်သည် ယင်းလူများကို မည်သို့ခေါ်ခဲ့သနည်း။ သမ္မာကျမ်းစာထဲတွင် ငါတို့ များမကြာသေးမီက ဖတ်ရှုခဲ့သော ကျမ်းပိုဒ်များအထိ ဘုရားသခင်သည် ၎င်းတို့ကို “ငါ၏အစေခံ” ဟု ခေါ်သည့် ဖြစ်ရပ်များစွာ ရှိပေသည်။ တစ်နည်းအားဖြင့်ဆိုသော် ထိုအချိန်က ဘုရားသခင်၏ အမြင်တွင် ဤဖြောင့်မတ်သူတို့သည် ဘုရားသခင်၏ အစေခံများဖြစ်ခဲ့ကြပြီး၊ ၎င်းတို့သည် ကိုယ်တော့်ကို ကမ္ဘာမြေကြီးပေါ်တွင် အစေခံခဲ့သော လူများ ဖြစ်ကြသည်။ ထိုသို့ဆိုသော် ဘုရားသခင်သည် ဤအမည်နာမကို အဘယ်သို့ ထင်ခဲ့သနည်း။ သူသည် ၎င်းတို့ကို အဘယ်ကြောင့် ထိုသို့ ခေါ်ခဲ့သနည်း။ ဘုရားသခင်သည် လူတို့ကို သူခေါ်သည့်အလျောက် သူ၏ စိတ်နှလုံးထဲတွင် စံသတ်မှတ်ချက်များ ရှိသလော။ သူ၌ ဧကန်အမှန် ရှိပေသည်။ ဘုရားသခင်သည် လူတို့ကို ဖြောင့်မတ်သည်၊ စုံလင်သည်၊ တည်ကြည်သည် သို့မဟုတ် အစေခံဖြစ်သည်ဟု မည်သို့ပင် ခေါ်ပါစေ သူ၌ စံသတ်မှတ်ချက်များရှိသည်။ သူသည် တစ်စုံတစ်ဦးကို သူ၏အစေခံဟု ခေါ်သည့်အခါ ဤသူသည် သူ၏ တမန်တော်များကို လက်ခံနိုင်စွမ်းနှင့် သူ၏ အမိန့်များကို လိုက်နာနိုင်စွမ်းရှိပြီး တမန်တော်များမိန့်သည့် အရာတို့ကို လုပ်ဆောင်နိုင်သည်ဟု ခိုင်မာစွာ ယုံကြည်ခြင်းဖြစ်သည်။ ထို့အပြင် ဤသူသည် မည်သည့်အရာတို့ကို လုပ်ဆောင်သနည်း။ ကမ္ဘာမြေကြီးပေါ်၌ လုပ်ဆောင် ထမ်းရွက်ရန် လူသားတို့ကို မိန့်မြွက်ထားသော အရာတို့ကို လုပ်ဆောင်သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူတို့ လုပ်ဆောင် ထမ်းရွက်ရန် ဘုရားသခင် စေခိုင်းသော အရာများသည် ဘုရားသခင်၏ လမ်းခရီးဖြစ်သည်ဟု ခေါ်နိုင်သလော။ မခေါ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဘုရားသခင်သည် လူတို့ကို ရိုးရှင်းသော အမှုအရာ အနည်းငယ်တို့ကိုသာ စေခိုင်းခဲ့ခြင်းကြောင့် ဖြစ်သည်၊ သူသည် ရိုးရှင်းသော အမိန့်အနည်းငယ်ကို မိန့်မြွက်ခဲ့ကာ လူတို့ကို ဤအရာ သို့မဟုတ် ထိုအရာ လုပ်ရန်သာဆိုခြင်းဖြစ်ပြီး ထိုထက် မပိုခဲ့ပေ။ ဘုရားသခင်သည် သူ၏ အစီအစဉ်အတိုင်း လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က အခြေအနေများစွာတို့သည် ဖြစ်ပေါ်ခဲ့ခြင်း မရှိသေးခြင်း၊ အချိန် မကျသေးခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လူတို့ခံယူရန် ခက်ခဲခြင်းကြောင့် ဘုရားသခင်၏ လမ်းခရီးသည် ဘုရားသခင်၏ စိတ်နှလုံးထဲမှ ထွက်လာရန်ပင် အစမပြုရသေးချေ။ သုံးဆယ် ဖြစ်စေ နှစ်ဆယ် ဖြစ်စေ ဤနေရာတွင် ငါတို့မြင်ရသည့် ဘုရားသခင် ပြောခဲ့သော ဖြောင့်မတ်သောလူများကို သူသည် သူ၏ အစေခံများအဖြစ် မြင်ခဲ့သည်။ ဘုရားသခင်၏ တမန်တော်များ ဤအစေခံများထံ ရောက်လာသည့်အခါ ၎င်းတို့သည် တမန်တော်များကို လက်ခံကာ ၎င်းတို့၏ မိန့်ဆိုချက်များကို လိုက်နာပြီး ၎င်းတို့၏ စကားများအတိုင်း ပြုမူနိုင်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏အမြင်တွင် အစေခံများအနေဖြင့် လုပ်ဆောင်ပြီးစီးသင့်ပြီး ရသင့်သောအရာ အတိအကျပင် ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကိုခေါ်သည့် သူ၏အမည်နာမများ၌ အမြော်အမြင်ရှိသည်။ သူသည် ၎င်းတို့ကို သူ၏အစေခံများဟု ခေါ်ခဲ့ခြင်းမှာ ၎င်းတို့သည် ယခု သင်တို့ကဲ့သို့ တရားဟောချက်များစွာကို ကြားနာခဲ့ရခြင်း၊ ဘုရားသခင်ပြုသော အမှုအရာကို သိခြင်း၊ ဘုရားသခင်၏အလိုကို များစွာသိနားလည်ခဲ့ခြင်းနှင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်သဘောပေါက်ခြင်းကြောင့် မဟုတ်ဘဲ ၎င်းတို့၏ လူ့သဘာဝမှာ ရိုးသားပြီး ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာနိုင်ခြင်းကြောင့် ဖြစ်သည်၊ ဘုရားသခင်သည် ၎င်းတို့ကို မိန့်သည့်အခါ ၎င်းတို့သည် ၎င်းတို့လုပ်နေသော အရာများကို ဘေးသို့ဖယ်ကာ ဘုရားသခင်မိန့်သော အရာတို့ကို လုပ်ဆောင်နိုင်ကြသည်။ ထိုအတွက်အကြောင့် ဘုရားသခင်အတွက် အစေခံဟူသော ဂုဏ်ပုဒ်၏ အခြားသော အဓိပ္ပာယ် အလွှာမှာ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏အလုပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်၏ တမန်တော်များ မဟုတ်ခဲ့ကြသော်လည်း ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတည်ပြုလုပ်ဆောင်သူများနှင့် အကောင်အထည်ဖော် လုပ်ဆောင်သူများ ဖြစ်ခဲ့ကြသည်ဟူ၍ ဖြစ်သည်။ ထို့နောက် ဤအစေခံများ သို့မဟုတ် ဖြောင့်မတ်သောလူများသည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် အလွန်အလေးသာသောသူ ဖြစ်ကြောင်း သင်တို့ မြင်ကြရသည်။ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် စတင်မည့် အလုပ်သည် သူနှင့် ပူးပေါင်းလုပ်ဆောင်မည့် လူများ မရှိပါက ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ၊ ထို့အပြင် ဘုရားသခင်၏အစေခံများ တာဝန်ယူလုပ်ဆောင်ခဲ့သော အခန်းကဏ္ဍကို ဘုရားသခင်၏ တမန်တော်များဖြင့် အစားထိုး၍ မရနိုင်ပေ။ ဤအစေခံများအပေါ် ဘုရားသခင် မိန့်တော်မူခဲ့သော အလုပ် တစ်ခုချင်းစီသည် သူ့အတွက် အလွန်အရေးကြီးသဖြင့် သူသည် ၎င်းတို့ကို လက်လွှတ်၍ မရနိုင်ခဲ့ပေ။ ဤအစေခံများသည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိခဲ့ပါက လူသားမျိုးနွယ်အကြားရှိ သူ၏ အလုပ်သည် လုံးဝဥဿုံရပ်သွားခဲ့မည်ဖြစ်၍ ရလဒ်အနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားသခင်၏ မျှော်လင့်ချက်များသည် အချည်းနှီးဖြစ်ကုန်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)