ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် ဘုရားသခင်က သူ့ထံမှ ကွယ်ဝှက်သည်ဟူသော အချက်အားဖြင့် တုန်လှုပ်ခြင်း မရှိပေ
ယောဘသည် ဘုရားသခင်အကြောင်းကို နားနှင့်ကြားရ၏
ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။
ယောဘ ၂၃:၈-၉ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကို မမြင်ရ။
ယောဘ ၄၂:၂-၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတား နိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။
ဘုရားသခင်သည် သူ့ကိုယ်သူ ယောဘထံ ထုတ်ဖော်မပြခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်၏
ဤစကားများ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ဤနေရာတွင် အမှန်တရားတစ်ခု ရှိသည်ကို သင်တို့ထဲမှ တစ်ဦးတစ်လေက သဘောပေါက်ပြီးပြီလော။ ပထမဦးစွာ ဘုရားသခင် တစ်ပါးရှိသည်ကို ယောဘ မည်ကဲ့သို့ သိရှိခဲ့သနည်း။ ထို့နောက် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဘုရားသခင် အုပ်စိုးသည်ကို သူ မည်သို့ သိရှိခဲ့သနည်း။ ဤမေးခွန်းနှစ်ခုကို အဖြေပေးသော ကျမ်းပိုဒ်တစ်ပိုဒ် ရှိသည်- “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။” (ယောဘ ၄၂:၅-၆) ယောဘသည် ဘုရားသခင်ကို သူ၏မျက်စိဖြင့် မြင်ဖူးခြင်းထက်၊ ဘုရားသခင်အကြောင်းကို ဒဏ္ဍာရီမှ လေ့လာသိရှိခဲ့သည်ကို ဤနှုတ်ကပတ်တော်များမှ ငါတို့သိရသည်။ ဘုရားသခင် နောက်လိုက်လျှောက်သော လမ်းကြောင်းကို သူစတင် လျှောက်လှမ်းခဲ့သည်မှာ ဤအခြေအနေများအောက်၌ ဖြစ်ခဲ့သည်၊ ယင်းနောက်တွင် သူသည် သူ၏အသက်တာထဲနှင့် အရာခပ်သိမ်း အလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူအတည်ပြုခဲ့သည်။ ဤနေရာ၌ မငြင်းနိုင်သော အမှန်တရား တစ်ခုရှိသည်- ထိုအမှန်တရား အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်နိုင်ခြင်းရှိသော်လည်း၊ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ဤအရာ၌ သူသည် ယနေ့ခေတ် လူများနှင့် တူညီခဲ့သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ၊ ယင်း၏ ဆိုလိုချက်မှာ သူသည် ဘုရားသခင်အကြောင်းကို ကြားဖူးခဲ့သော်လည်း၊ ဘုရားသခင် မည်သည့်နေရာ၌ ရှိခဲ့သည် သို့မဟုတ် ဘုရားသခင် မည်ကဲ့သို့ရှိသည် သို့မဟုတ် ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေခဲ့သည်ကို သူမသိခဲ့ပေ။ ဤအရာအားလုံးသည် ဓမ္မဓိဌာန်မကျသော အကြောင်းရင်းများ ဖြစ်သည်။ ဓမ္မဓိဌာန်ကျကျ ပြောရလျှင်၊ သူသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ့ထံ မည်သည့်အခါမျှ ပေါ်ထွန်းခဲ့ခြင်းမရှိပေ သို့မဟုတ် သူ့ကို စကားပြောခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ယောဘကို စကားမပြောခဲ့ဖူးသော်လည်း သို့မဟုတ် ယောဘကို အမိန့်တစ်ခုတစ်လေ မပေးဖူးခဲ့သော်လည်း၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ခဲ့ပြီးဖြစ်ကာ အရာခပ်သိမ်း အလယ်နှင့် သူ၏နားဖြင့် ဘုရားသခင်အကြောင်း ကြားခဲ့ဖူးသော ဒဏ္ဍာရီထဲမှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှုမြင်ခဲ့ရပြီး ဖြစ်သည်၊ ယင်းနောက်တွင် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အသက်တာကို စတင်ခဲ့လေသည်။ ယင်းမှာ ဘုရားသခင်နောက်သို့ ယောဘ လိုက်လျှောက်ခဲ့သည့် ဇာစ်မြစ်များနှင့် ဖြစ်စဉ်တို့ ဖြစ်ခဲ့ပေသည်။ သို့သော် သူသည် ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့သည်ဖြစ်စေ၊ သူ၏ တည်ကြည်မှုကို မည်မျှ ခိုင်မြဲစွာ သူ ထိန်းသိမ်းခဲ့ပါစေ၊ ဘုရားသခင်သည် သူ့ထံ လုံးဝ မပေါ်ထွန်းခဲ့ပေ။ ဤကျမ်းပိုဒ်ကို ဖတ်ကြပါစို့။ သူက၊ “ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။” (ယောဘ ၉:၁၁) ဟူ၍ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များက ဆိုနေသောအရာမှာ ယောဘသည် သူ၏ အနီးအနားတွင် ဘုရားသခင်ကို ခံစားရကောင်း ခံစားရမည် သို့မဟုတ် ခံစားရကောင်းခံစားရမည်မဟုတ်- သို့သော်လည်း သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်ဖူးခြင်း မရှိနိုင်ခဲ့ပေ။ ဘုရားသခင်သည် သူ၏ရှေ့၌ ဖြတ်သွားခြင်း သို့မဟုတ် လုပ်ဆောင်နေခြင်း သို့မဟုတ် လူသားကို လမ်းပြနေခြင်းအား သူစိတ်ကူးမိခဲ့သည့် အချိန်များ ရှိခဲ့သော်လည်း၊ မည်သည့်အခါမျှ သူ မသိခဲ့ဖူးပေ။ ဘုရားသခင်သည် လူသားအပေါ် လူသား မမျှော်လင့်ထားသည့် အချိန်၌ ကြွလာတတ်သည်။ လူသားသည် သူ့ထံ ဘုရားသခင် မည်သည့်အချိန်၌ ကြွလာသည်ကို သို့မဟုတ် သူ့အပေါ် မည်သည့်နေရာတွင် ကြွလာသည်ကို မသိပေ။ အဘယ့်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မမြင်နိုင်သောကြောင့်ဖြစ်ပြီး၊ ထိုကြောင့် လူသားအဖို့ ဘုရားသခင်သည် သူ့ထံမှ ကွယ်ဝှက်လေသည်။
ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် ဘုရားသခင်က သူ့ထံမှ ကွယ်ဝှက်သည်ဟူသော အချက်အားဖြင့် တုန်လှုပ်ခြင်း မရှိပေ
သမ္မာကျမ်း၏ အောက်ပါကျမ်းပိုဒ်တွင်၊ ထိုအခါ ယောဘက၊ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။” (ယောဘ ၂၃:၈-၉) ဟု ဆိုလေသည်။ ဤဖြစ်စဉ်၌၊ ယောဘ၏ အတွေ့အကြုံများတွင် ဘုရားသခင်သည် တစ်လျှောက်လုံး သူ့အဖို့ ပုန်းကွယ်ခဲ့ပြီးဖြစ်သည်ကို ငါတို့သိရသည်။ ဘုရားသခင်သည် သူ့ထံ ပွင့်ပွင့်လင်းလင်း ပေါ်မလာခဲ့ဖူးသကဲ့သို့၊ သူ့အား စကားတစ်ခွန်းကိုမျှ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဖူးပေ၊ သို့သော် သူ၏ စိတ်နှလုံးထဲ၌ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့်သက်ဆိုင်၍ စိတ်ချယုံကြည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ရှေ့၌ လျှောက်လှမ်းနေနိုင်သည်၊ သို့မဟုတ် သူ၏နံဘေး၌ အရေးယူဆောင်ရွက်နေနိုင်ပြီး၊ ဘုရားသခင်ကို သူမမြင်နိုင်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူနှင့်ပတ်သက်သမျှ အရာရာတိုင်းကို အုပ်စိုးရင်း သူ၏ဘေး၌ ရှိခဲ့သည်ဟု အမြဲ ယုံကြည်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ သူ၏ ယုံကြည်ခြင်းအတိုင်း နေနိုင်ခဲ့သည်၊ ယင်းမှာ အခြားမည်သည့်လူမျှ မလုပ်ဆောင်နိုင်ခဲ့သည့် အရာ ဖြစ်သည်။ အဘယ်ကြောင့် ယင်းကို အခြားလူများ မလုပ်နိုင်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောဘထံ စကားမပြောခဲ့သောကြောင့် သို့မဟုတ် သူ့ထံ ပေါ်မလာခဲ့သောကြောင့် ဖြစ်ပြီး၊ အကယ်၍ သူသည် အမှန်တကယ် မယုံကြည်ခဲ့ဖူးပါက၊ သူရှေ့ဆက်သွားနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မြဲမြံစွာ ထိန်းထားနိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်မှာ မှန်သည် မဟုတ်လော။ ယောဘက ဤစကားများ ပြောနေသည်ကို သင်ဖတ်ရသည့်အခါ မည်ကဲ့သို့ ခံစားရသနည်း။ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ပြီးလျှင် ဘုရားသခင်ရှေ့၌ သူ၏ဖြောင့်မတ်ခြင်းတို့မှာ စစ်မှန်ပြီး ဘုရားသခင်ဘက်မှ ပုံကြီးချဲ့ပြောခြင်းတစ်ခု မဟုတ်သည်ကို သင် ခံစားရသလော။ ဘုရားသခင်သည် ယောဘအား အခြားလူများနည်းတူ ဆက်ဆံခဲ့ပြီး သူ့ထံ ပေါ်မလာခဲ့သော်လည်း သို့မဟုတ် စကားမပြောခဲ့သော်လည်း၊ ယောဘသည် သူ၏တည်ကြည်မှုကို ဆက်၍ မြဲမြံစွာ ထိန်းသိမ်းဆဲဖြစ်ခဲ့သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ဆဲဖြစ်ခဲ့သည့်အပြင်၊ ဘုရားသခင်ကို ပြစ်မှားမိမည်ကို သူ၏ ကြောက်ရွံ့မှု အကျိုးဆက်အနေဖြင့် ဘုရားသခင်ရှေ့၌ မီးရှို့ရာယဇ်များကို မကြာခဏ ပူဇော်ဆက်ကပ်ကာ ဆုတောင်းခဲ့သည်။ ဘုရားသခင်ကို မမြင်ရဘဲ ဘုရားသခင်အား ယောဘ၏ ကြောက်ရွံ့နိုင်စွမ်းတွင်၊ သူသည် အပြုသဘောဆောင်သော အရာများကို မည်မျှ ချစ်မြတ်နိုးသည်ဆိုသည်နှင့် သူ၏ယုံကြည်ခြင်းက မည်မျှ ခိုင်မာပြီး စစ်မှန်သည်ကို ငါတို့မြင်ကြရသည်။ ဘုရားသခင်သည် သူ့ထံမှ ပုန်းကွယ်ခဲ့သောကြောင့်၊ ဘုရားသခင်၏ တည်ရှိမှုကို သူ မငြင်းပယ်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသောကြောင့်၊ သူ၏ယုံကြည်ခြင်းကို မဆုံးရှုံးခဲ့သကဲ့သို့ ဘုရားသခင်ကို မစွန့်ပစ်ခဲ့ပေ။ ယင်းအစား အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကွယ်ဝှက်သော အမှုအလယ်တွင် ဘုရားသခင်၏ တည်ရှိခြင်းကို သူ နားလည်ခဲ့ပြီး ဖြစ်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် တန်ခိုးကို ခံစားခဲ့ရပြီး ဖြစ်သည်။ ဘုရားသခင် ပုန်းကွယ်ခဲ့သောကြောင့် ဖြောင့်မတ်ခြင်း အပေါ် သူလက်မလျှော့ခဲ့သာမက၊ ဘုရားသခင်သည် မည်သည့်အခါမျှ သူ့ထံ မပေါ်ထွန်းခဲ့သောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို သူမစွန့်ပယ်ခဲ့ပေ။ ယောဘသည် အရာခပ်သိမ်း၏အလယ်၌ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ရှုမြင်ခဲ့နှင့်ပြီးဖြစ်သကဲ့သို့ သူသည် အခြားသူများ မရခဲ့ဖူးသည့် ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကို ရရှိခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ခဲ့သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန် ဘုရားသခင်အား သူ့ထံ ပွင့်လင်းစွာ ပေါ်ထွန်းလာဖို့ မည်သည့်အခါမျှ သူ မတောင်းဆိုခဲ့ပေ။ ဘုရားသခင်သည် ယောဘထံမှ ကွယ်ဝှက်မြဲကွယ်ဝှက် နေခဲ့သော်လည်း၊ ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းသည် မည်သည့်အခါမျှ မတုန်လှုပ်ခဲ့ပေ။ ထို့ကြောင့် သူသည် အခြားသူများ မရိတ်သိမ်းခဲ့ဖူးသည့် ဘုရားသခင်၏ လက်ခံခြင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းခဲ့ရပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ