အာဒံအတွက် ဘုရားသခင်၏ အမိန့်
ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံးနိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။
ဤကျမ်းချက်များမှ သင်တို့ မည်သည့်အရာကို နားလည်ကြသနည်း။ ကျမ်းစာ၏ ဤအပိုင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ အာဒံထံ ဘုရားသခင်၏ အမိန့်အကြောင်းကို ပြောဆိုဖို့ အဘယ်ကြောင့် ငါ ဆုံးဖြတ်ပြီနည်း။ ယခုတွင် သင်တို့ တစ်ဦးချင်းစီသည် သင်တို့၏စိတ်ထဲ၌ ဘုရားသခင်နှင့် အာဒံ၏ ပုံရိပ်တစ်ခု ရှိကြပါသလော။ သင်တို့ ကြိုးစားစိတ်ကူး ကြည့်နိုင်သည်- သင်တို့သည် ထိုအဖြစ်အပျက်တွင် ရှိသူတစ်ဦးဖြစ်ခဲ့ပါက၊ စိတ်ထဲတွင် ဘုရားသခင်သည် မည်သည့်အရာနှင့် တူခဲ့မည်ဟု သင်တို့ ထင်သနည်း။ ဤအကြောင်းကို စဉ်းစားခြင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ ဤသည်မှာ တို့ထိပြီး ကြည်နူးအားရဖွယ်ကောင်းသည့် ရုပ်ပုံတစ်ပုံ ဖြစ်သည်။ ထိုပုံတွင် ဘုရားသခင်နှင့် လူသားသာ ပါရှိသော်လည်း၊ ၎င်းတို့အကြားက ရင်းနှီးကျွမ်းဝင်မှုသည် သင့်ကို လေးစားမှု အသိစိတ် တစ်ခုဖြင့် ပြည့်စေသည်။ ဘုရားသခင်၏ ပြည့်လျှမ်းနေသည့် ချစ်ခြင်းမေတ္တာကို လူသားအပေါ် အခမဲ့ အပ်နှင်းထားပြီး လူသားကို ဝန်းရံလျက်ရှိသည်။ လူသားသည် ဘုရားသခင်၏ ကြည့်ရှုမှုအောက်တွင် ချမ်းမြေ့ပျော်ရွှင်စွာ အသက်ရှင်ရင်း၊ အပြစ်မဲ့ကာ ဖြူစင်သည်၊ ဝန်ထုပ်ဝန်ပိုးမရှိသကဲ့သို့ ပူပင် ကြောင့်ကြမဲ့သည်။ လူသည် ဘုရားသခင်၏ ကွယ်ကာမှုနှင့် ကောင်းချီးမင်္ဂလာအောက်တွင် အသက်ရှင်စဉ်တွင် ဘုရားသခင်သည် လူသားကို ပူပန်လေသည်။ လူသား လုပ်ဆောင်ကာ ပြောဆိုသည့် အမှုအရာတစ်ခုစီတိုင်းသည် ဘုရားသခင်နှင့် ခွဲခြားမရအောင် ဆက်စပ်ထားကာ ဘုရားသခင်ထံမှ ခွဲခွာ၍ မရပေ။
ဤအရာကို လူသားကို ဖန်ဆင်းပြီးနောက် သူ့အဖို့ ဘုရားသခင်၏ ပထမဆုံးအမိန့်ဟု ခေါ်ဆိုနိုင်ပေသည်။ ဤအမိန့်က မည်သည့်အရာကို သိရှိစေသနည်း။ ယင်းသည် ဘုရားသခင်၏ အလိုကို သိရှိစေရုံသာမက၊ လူသားမျိုးနွယ်အတွက် သူ၏ စိုးရိမ်ပူပန်မှုများကိုလည်း သိရှိစေသည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဆုံးအမိန့်ဖြစ်ပြီး လူသားအတွက် စိုးရိမ်ပူပန်မှုကို ဘုရားသခင် ဖော်ပြသည့် ပထမဦးဆုံးသော အကြိမ်လည်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားကို ဖန်ဆင်းလိုက်သည့် အခိုက်အတန့်မှစ၍ သူ့ထံတွင် လူသားနှင့် ပတ်သက်၍တာဝန်ရှိခြင်းကို သူခံစားရပြီးဖြစ်သည်။ သူ၏တာဝန်မှာ အဘယ်နည်း။ လူသားကို သူကာကွယ်ရမည်၊ လူသားကို သူ ကြည့်ရှုစောင့်ရှောက်ရမည်။ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ကိုးစားပြီး နာခံဖို့ ဘုရားသခင် မျှော်လင့်သည်။ ဤသည်မှာ လူသားနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ ပထမဆုံးသော မျှော်လင့်ချက်လည်း ဖြစ်သည်။ အောက်ပါအရာများကို ဘုရားသခင် ပြောဆိုသည်မှာ ဤမျှော်လင့်ချက်နှင့် ဖြစ်သည်- “ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံးနိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။” ဤရိုးရှင်းသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အလိုကို ကိုယ်စားပြုကြ၏။ ၎င်းတို့က သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်သည် လူသားအတွက် စိုးရိမ်ပူပန်မှု စတင်ပြသပြီး ဖြစ်သည်ကိုလည်း ထုတ်ဖော်ပြပေသည်။ ခပ်သိမ်းသော အရာများထဲတွင် အာဒံတစ်ဦးတည်းကိုသာ ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် အညီ ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အာဒံသည် ဘုရားသခင်၏ ဇီဝအသက်ရှိသည့် တစ်ဦးတည်းသော သက်ရှိဖြစ်သည်။ သူသည် ဘုရားသခင်နှင့်အတူ လမ်းလျှောက်နိုင်သည်၊ ဘုရားသခင်နှင့်အတူ စကားစမြည်ပြောဆိုနိုင်သည်။ ယင်းမှာ သူ့ကို ဘုရားသခင်က ဤအမိန့် ပေးခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမိန့်တွင် လူက လုပ်ဆောင်နိုင်သည့် အရာနှင့် မလုပ်ဆောင်နိုင်သည့် အရာကို အလွန် ပေါ်လွင်စေခဲ့သည်။
ဤရိုးရှင်းသည့် နှုတ်ကပတ်တော်အနည်းငယ်ထဲတွင် ဘုရားသခင်၏နှလုံးသားကို ငါတို့ မြင်တွေ့ရသည်။ သို့ရာတွင် မည်သည့်နှလုံးသားမျိုးက မိမိဘာသာ ထင်ရှားပါသနည်း။ ဘုရားသခင်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ ရှိသလော။ စိုးရိမ်ပူပန်မှု ရှိသလော။ ဤကျမ်းချက်များထဲတွင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ကို အသိအမှတ်ပြု၍ ရနိုင်သည်သာမက၊ အတွင်းကျကျ ခံစား၍လည်း ရနိုင်ပေသည်။ သင်တို့ သဘောတူမည်မဟုတ်လော။ ဤအရာအား ငါပြောသည်ကို ကြားပြီးနောက်တွင်၊ ဤအရာများသည် ရိုးရှင်းသည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်သည်ဟု သင်တို့ ထင်သေးသလော။ တကယ်တော့ ၎င်းတို့ သိပ်မရိုးရှင်းကြပေ၊ ဟုတ်ပါသလော။ ယခင်က ဤအရာကို သင်တို့ သိခဲ့ကြပါသလော။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော် အနည်းငယ်ကို သင်တို့အား ကိုယ်တိုင်ကိုယ်ကျ ပြောဆိုခဲ့ပါက၊ အတွင်းတွင် သင်တို့ မည်သို့ ခံစားရမည်နည်း။ သင်သည် လူဆန်သော လူသားတစ်ဦး မဟုတ်ပါက၊ သင့်နှလုံးသားသည် အေးစက်မာကျောခဲ့မည် ဆိုပါက၊ သင်သည် တစ်ခုခုကို ခံစားရမည်မဟုတ်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံကို နားလည်ဖို့ သင် ကြိုးစားမည် မဟုတ်ပေ။ သို့ရာတွင်၊ ဆင်ခြင်တုံတရား နှင့် လူ့သဘာဝ အသိစိတ်ရှိသည့် လူတစ်ဦးအနေဖြင့် သင်သည် ကွဲပြားစွာ ခံစားရပေမည်။ သင်သည် နွေးထွေးမှုကို ခံစားရမည်။ ဂရုစိုက်ခံရပြီး အချစ်ခံရသည်ကို ခံစားရမည်ဖြစ်ပြီး၊ ပျော်ရွှင်မှုကို ခံစားရပေမည်။ မှန်သည် မဟုတ်လော။ ဤအရာများကို သင်ခံစားရသည့်အခါတွင်၊ ဘုရားသခင်အပေါ် သင်မည်သို့ ပြုမူမည်နည်း။ ဘုရားသခင်ကို သံယောဇဉ် တွယ်သွား မည်လော။ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချစ်ပြီး ရိုသေလေးစားမည်လော။ သင့်နှလုံးသားက ဘုရားသခင်နှင့် တိုး၍ နီးစပ်မည်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားအဖို့ မည်မျှ အရေးကြီးသည်ကို ဤအရာမှ သင်မြင်တွေ့နိုင်သည်။ သို့ရာတွင် သာ၍ပင် အရေးကြီးသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့်သက်ဆိုင်သည့် လူသား၏ အသိအမှတ်ပြုမှုနှင့် သဘောပေါက်နားလည်မှု ဖြစ်သည်။ အမှန်တွင် ဘုရားသခင်သည် သူ့အမှု၏ ဤအဆင့်အတွင်းတွင် ဆင်တူသော အရာများစွာ ပြောဆိုသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ နှလုံးသားကို အသိအမှတ်ပြုသော လူများ ရှိကြပါသလော။ ခုလေးတင် ငါပြောသွားသည့် ဘုရားသခင်၏အလိုကို သင်တို့ သဘောပေါက် နိုင်သလော။ ဤမျှခိုင်လုံပြီး လက်ဆုပ်လက်ကိုင် ပြနိုင်ကာ စစ်မှန်သည့်အချိန်တွင် ဘုရားသခင်၏အလိုကို သင်တို့ အသိအမှတ်မပြုနိုင်ကြချေ။ ယင်းမှာ သင်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သည့် အသိနှင့် နားလည်မှု မရှိဟု ငါ ဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ မှန်သည် မဟုတ်လော။ သို့သော် ယခုအတွက် ယင်းကို ထိုမျှဖြင့် ထားလိုက်ကြစို့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ